အကြောအားနည်းသူ၊ အထူးသဖြင့် အသက်အရွယ်ကြီး၍အကြောအားနည်းသူများအတွက် ကညွတ်သည် အထူးသင့်လျော်သော ဓာတ်စာဖြစ်ပြီး မိုးဦးကျအချိန်တွင်သာ ရနိုင်သော ရာသီစာဖြစ် သည်။
ဟင်းလျာအဖြစ် ချက်စားသောကညွတ်ကို ကညွတ်လေးဟုလည်းခေါ်ကြသည်။ ကညွတ်ကြီး မှာ နွယ်တက်သောအပင်မျိုးဖြစ်သည်။ ဆူးများသဖြင့် ရှဉ့်မတက်ပင် ဟုလည်းခေါ်ကြသည်။ ရှဉ့်မ တက်ဥကိုဆေးဖော်ရာတွင် အသုံးပြုသည်။ ရှဉ့်မတက်ဥကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီး ပျားရည် နှင့်စားလျှင်လူကြီးများအတွက် အားဆေးဖြစ်သည်။ ကညွတ်လေး နှင့် ကညွတ်ကြီး(ရှဉ့်မတက်)နှစ်မျိုး စလုံး အကြောအားကောင်းစေသော အာနိသင်ရှိသည်။
ဟင်းချက်စားရသော ကညွတ်ပင်သည် ပထဝီ၊ အာပေါ၊ ဝါယောဓာတ် အားကောင်းသော အပင် မျိုးဖြစ်သည်။ မိုးဦးကျတွင် မြေကြီးအတွင်းမှ ဖောက် ထွက်၍ပေါက်လာသော အပင်မျိုးဖြစ် သဖြင့် အကြောအားကောင်း၊ လေအား ကောင်းစေသော အပင်မျိုးဖြစ်သည်။ မြေကြီးအတွင်း မှ ဖောက်ထွက်ရသဖြင့် ထိပ်ဖူးတွင် အချွန်ကဲ့သို့သဏ္ဌာန်ရှိသည်။ တချို့က ဟင်းချက်စား ကြော်စား ရာတွင် ထိပ်ဖူးကို ခါးသက်သည့်အရသာရှိသဖြင့် ဖယ်လေ့ရှိသည်။ အမှန်မှာ ထိပ်ဖူးတွင် ဝါယော ဓာတ်အားအပြည့်ရှိသည်ဟု မှတ်ယူရမည်။
ကညွတ်ကို အနေတော်ပိုင်းဖြတ်ပြီး ပုစွန်ခြောက်နှင့် ကြော်စားနိုင်သည်။ ဟင်းချက်စား လျှင် အသားတစ်မျိုးမျိုး နှင့်ရော၍ ရေချိုဟင်းချက်စားနိုင်သည်။ ကြက်သားနှင့် ကညွတ်ရော ချက်စားနိုင်သည်။ ကြက်တောင်ပြန်သားနှင့်ကညွတ်သည် အကြောအားကောင်းစေသည်ဟု ရှေး ဓာတ်စာ ဆရာကြီးများကပေးကြသည်။ အတောင်များ ကော့လန်နေသည့် ကြက်ကို ကြက် တောင်ပြန်ဟုခေါ်ကြသည်။ ယင်းကြက်သားသည် ဆေးဖက်ဝင်သည်ဟုဆိုသည်။
ကညွတ်နှင့်ကြက်သား ရောချက်သော အခါ ရှေးဦးစွာ ကြက်သားကို အနေတော် အတုံး ငယ်လေးများတုံးပြီး ကြက်သွန်နီ၊ ချင်းအနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်ဖြင့် ဆီသတ်၍ အသား နူးစေရန် ငါးမိနစ်ခန့် လုံးထားပါ။ ကညွတ်ကို လက်နှစ်ဆစ်ခန့် ပိုင်းဖြတ်ပြီးနောက် ဓားပြား ရိုက်ထားပါ။ လုံးထားသည့်ဟင်းအိုးအတွင်းသို့ ကညွတ် ကိုထည့်ပြီးနောက် ရေအနည်းငယ်ထည့် ပြီး အုပ်ထားပါ။ ကြက်သားနူးစေရန် မှန်း ပြီး ရေကိုအနေတော်ထည့်ချက်ရပါမည်။ တချို့ဓာတ်စာ ဆရာကြီးများက ပို၍အား ရှိစေရန်အတွက် အမဲသားနှင့်လည်း ရောချက်စားရန် ဓာတ်စာပေးလေ့ရှိ သည်။
ဓာတ်စာအနေဖြင့် ကညွတ်သည် အေး၊ ဖန်၊ ခါးအရသာရှိ၍ လေကိုနိုင်သည်။ ကြက်သား နှင့်တွဲသောအခါ ကြက်သားသည် ပူ၍ချိုသော ပထဝီဓာတ်စာဖြစ်သည်။ ထိုနှစ်မျိုး တွဲသော အခါ ပထဝီ+ ဝါယောဓာတ်စာဖြစ်သဖြင့် အကြောအား နည်းသူ၊ လေအားယုတ်သူ၊ လေဖြတ်သူ၊ အိပ်မ ပျော်သူ၊ သလိပ်များသူ၊ အဆစ် အမျက်နာသူ၊ ခါးနာ၊ ဒူးနာရောဂါရှိသူများအတွက် သင့် တော်ပြီး အားရှိစေသော ဓာတ်စာမျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
