
မြတ်စွာဘုရားလက်ထက်တော်အခါက ပါဝေယျက ရဟန်း(၃၀)တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ လာရောက်ကြရာတွင် သင်္ကန်းကိုမိုးစို၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။ ကထိန် ဟူသောစကားသည် ကထိန ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြဲခြင်း ဟုအနက်ဖွင့်ဆိုထားပြီး အချိန်ကာလအားဖြင့် လည်းကောင်း၊ အကျိုးတရားအားဖြင့်လည်းကောင်း မြဲ၏ ဟု အဓိပ္ပာယ်ရပါသည်။
“အချိန်ကာလ၊ မပြောင်းရ၊ မြဲလှကထိန်မည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် တစ်လအတွင်း မှာသာ ကထိန်အလှူပြုခြင်း၊ ကထိန်ခင်းခြင်းတို့ကို ပြုလုပ်ရသဖြင့် အချိန်ကာလအားဖြင့်မြဲခြင်း ဖြစ်ပေသည်။
“အကျိုးတရား၊ ရွေ့မသွား၊ မြဲငြားကထိန်မည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကထိန်ခင်းသော ကျောင်းတိုက်၌နေထိုင်ကြသည့် ရဟန်းတော်တို့သည် ကထိန်အကျိုးတရား (၅)ပါးကို သီတင်းကျွတ် လပြည့်ကျော်(၁)ရက်မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် (၅)လအထိ မြဲခြင်း ဖြစ်ပေသည်။
ဒကာ၊ ဒကာမများက ကထိန်သင်္ကန်း လှူဒါန်းသဖြင့် ရဟန်းတော်များက (၁) မပန်မကြား လိုရာသွား ပြစ်များမသင့်ပြီ၊ (၂) သုံးထည်ထဲမှာ ထားလိုရာ ထားကာသွားနိုင်သည်၊ (၃) လေးပါး တူပင် ဂိုဏ်းဘောဇဉ် စားချင်စားနိုင်သည်၊ (၄) သင်္ကန်းများစွာ ငါးလမှာ သိမ်းကာထားနိုင်သည်၊ (၅) သံဃာလှူငြား သင်္ကန်းများ သူ့အားသာဖြစ်သည် ဟူသည့် အကျိုးတရား ငါးပါးကို ရပါသည်။
ထို့အတူ ကထိန်သင်္ကန်းလှူဒါန်းသည့် ဒကာ၊ ဒကာမများကလည်း (၁) တားဆီးကင်းကွာ လွတ်လပ်စွာ လိုရာသွားနိုင်သည်၊ (၂) တာဝန်ကိစ္စ မလေးရ ပေါ့လှ လေတော့သည်၊ (၃) စားလိုရာများ စားသော်ငြား ဘေးကားမဖြစ်ပြီ၊ (၄) ပစ္စည်းအများ သိမ်းဆည်းထား ဘေးကားမရှိပြီ၊ (၅) ကိုယ့်ပစ္စည်းများ သူတစ်ပါး ယူသွားကင်းလေသည် ဟူသည့် အကျိုးတရား (၅)ပါးကို ရရှိပါသည်။
ထို့ကြောင့် ယခုလတွင် ဗုဒ္ဓဘာသာဝင်တို့သည် ကထိန်ခင်းခြင်း၊ ကထိန်အလှူပွဲများ ပြုလုပ်ခြင်းဖြင့် ကုသိုလ်ယူကြပါသည်။ ကထိန်သင်္ကန်းများမှာ တစ်စုံလျှင် ကျပ် ၅၅၀၀၀/- မှ စ၍ ရက်လုပ်သည့် ချည် အမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းများကွဲပြားနိုင်ပြီး ဖိနပ်များမှာလည်း ကျပ် ၁၀၀၀၀/- မှစ၍ ချုပ်လုပ်သည့် အသားပေါ်မူတည်ကာ ဈေးနှုန်းများကွဲပြားကြောင်းနှင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
