
ပြောင်းဖူးကို သဲ၊ နုန်းမြေနှင့် မြေစာများတွင် ရေသွင်းစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး ပြောင်းဖူးမျိုးအနေဖြင့် ပံ-၁၃၅ မျိုးကို စိုက်ပျိုးကြသည်။ ပြောင်းဖူးကို စက်တင်ဘာလ တွင် စတင်စိုက်ပျိုးပြီး သက်တမ်းသုံးလခွဲအကြာ ဒီဇင်ဘာလ အတွင်း ရောင်းတမ်းဝင်အဖြစ် ခူး ဆွတ် ရောင်းချကြသည်။ သကြားပြောင်း တစ် ဧကလျှင် ပျမ်းမျှအဖူးရေ ၁၂၀၀၀ ခန့် ထွက်ရှိပြီး ရာသီဥတု ပြောင်းလဲမှုနှင့် သွင်းအားစုသုံးစွဲပုံ၊ ရေသွင်းသည့်အကြိမ်ရေ တူညီမှုမရှိပါ။ ကုန်ကျ စရိတ်အနေဖြင့် ပြောင်းတစ်ဧကလျှင် ငွေကျပ်ရှစ်သိန်းခန့် ကုန်ကျပြီး ငွေကျပ်သိန်း ၂၀ ခန့်ဝင် ငွေရရှိသည်။ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသ ထွက်ပြောင်းဖူးများကို မြို့ပေါ်ရှိလုပ်ငန်းရှင်များက စိုက်ခင်းအထိ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် ရန်ကုန်မြို့သို့ အများဆုံး တင်ပို့ ရောင်းချ လျက်ရှိသည်။
ပြောင်းဖူးကို လူတို့စားသုံးသည့်အစား အစာအဖြစ် ပုံစံအမျိုးမျိုးပြုလုပ်၍ လည်းကောင်း ၊ တိရစ္ဆာန် အစာအဖြစ်လည်းကောင်း၊ လောင်စာဆီအဖြစ် လည်းကောင်း၊ တခြားလူသုံးကုန် ပစ္စည်းများအဖြစ် လည်းကောင်း တွင်ကျယ်စွာအသုံး ပြုကြသည်။
ပြောင်းဖူးတွင်ပါဝင်သောအာဟာရဓာတ်များ
ပြောင်းဖူးတွင် အဓိကအားဖြင့် ဖောလစ်အက်စစ်၊ ဗီတာမင်-B1၊ Beta Crypto-anthin ၊ Linoleic Acid၊ ကစီဓာတ်၊ ဗီတာမင်-A၊ Ferulic Acid၊ ဗီတာမင်-B ဓာတ်ပေါင်းစု၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် B-12၊ Biotin ဓာတ်၊ ဗီတာမင် -B5 နှင့် ကယ်လိုရီကြွယ်ဝစွာပါဝင်သည်။
ပြောင်းဖူးတွင် အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများ စွာရရှိနိုင်သည်။ ပြောင်းဖူးတွင် ဗီတာမင်-B9 ဟုခေါ်သည့် ဖောလစ်ဓာတ်ပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကို ကောင်းမွန်စေသည်။ ဆဲလ်သစ်များကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ဖောလစ် ဓာတ်ပါသော အစားအသောက်များကို များများစားသုံးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေ ဖြတ်ရောဂါ၊ နှလုံးရောဂါများဖြစ်နိုင်ခြေကို လျော့ကျ စေသည်။ ပြောင်းဖူးတွင် ဗီတာ မင်-B1 ပါဝင်သောကြောင့် ကာဗိုဟိုက်ဒရိတ်ဖြိုခွဲမှုတွင် အသုံးပြုနိုင်သကဲ့သို့ ဗီတာမင် -B5 ပါဝင်မှု ကြောင့် ဇီဝကမ္မဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ကူညီနိုင်သည်။ ဗီတာမင်- C ပေါများစွာ ပါဝင်သောကြောင့် ရောဂါများကို တွန်းလှန်ပေးနိုင်သည်။ ယင်းသည် အင်တီအောက် စီးဒင့်ဂုဏ်သတ္တိရှိပြီး ဆဲလ်များပျက်စီးခြင်း၊ ကင်ဆာရောဂါနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးသည်။ Ferulic Acid များသည်လည်း အင်တီအောက် စီးဒင့်တစ်မျိုးဖြစ်သော ကြောင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများ၊ အရွယ် မတိုင်မီ အိုမင်းရင့်ရော်မှုနှင့် ကင်ဆာ ရောဂါ များကို ကာကွယ်ပေးသည်။
ဆီးချိုသွေးချိုရောဂါရှင်များ စားသင့်သောပြောင်းဖူး
ပြောင်းဖူးတွင် ပျော်ဝင်နိုင်သော အမျှင်ဓာတ်နှင့် မပျော်ဝင်သောအမျှင်ဓာတ်တို့ ပါဝင ်သည်။ ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည် အလွယ်တကူပြိုကွဲပြီး Gel အဖြစ် အူတွင်း တွေ့နိုင် သည်။ ယင်းသည် ကိုလက်စထရောကို ထိန်းချုပ်နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ အစား အစာများ အမြောက်အမြားထုတ်ရန် ယင်းအမျှင်ဓာတ်ကိုသုံးသည်။ မပျော်ဝင်သော အမျှင်ဓာတ် သည် အရသာရှိသော ပြောင်းစေ့ကိုဖုံးထားသည့် အပြင်ပိုင်းအကာဖြစ်သည်။ ပြောင်းဖူး၏အမျှင် ဓာတ်များသည် ဆီးချိုသွေးချိုရောဂါသမားများ၏ သွေးတွင်းသကြာဓာတ်ပမာဏကို လျော့ကျစေ၍ များများစားသုံးပေးရန် လိုအပ်သည်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းသည် ပြောင်းဖူး၏အကြီးမား ဆုံး သော အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
အူမကြီးကင်ဆာနှင့်အဆုတ်ကင်ဆာကို လျော့ကျစေနိုင်
ပြောင်းဖူး တစ်ခွက်စာပမာဏတွင် တစ်နေ့တာလိုအပ်သည့် အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းပါဝင်သည်။ ပြောင်းဖူးတွင်ပါဝင်သော သဘာဝကော်ရည် ကစီဓာတ်ပေါင်းစုနှင့် အမျှင် ဓာတ်များသည် သွေးတွင်းရှိ ကိုလက်စထရောများကိုလျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ကိုလျော့ကျစေသည်။ ဗီတာမင်- B၊ ဗီတာမင်- E နှင့် ဗီတာမင်- K တို့ကို ပိုတက်ဆီယမ် နှင့်တွဲဖက်၍ တွေ့ရပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေ သည်။ ပြောင်းဖူး တွင် Beta Cryptoxanthin ပါဝင်သောကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေသည်။ အထူးသဖြင့် ဆေးလိပ်သောက်သူများ ပြောင်းဖူးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။
မှတ်ဉာဏ်စွမ်းအားကောင်းစေသော ပြောင်းဖူး
ပြောင်းဖူးတွင် ဘီတာကယ်ရိုတင်း၊ အင်တီအောက်စီးဒင့်၊ သိုင်ယာမင်၊ ဗီတာမင် - B1 ဓာတ်များ ပါဝင်သဖြင့် ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး တွေးခေါ်နိုင်သည့်လုပ်ငန်း များကို တိုးတက်စေကာ မှတ်ဉာဏ်စွမ်းအားကို ရရှိစေသည်။ အယ်လ်ဇိုင်းမားရောဂါဖြစ် နိုင်ခြေကို နည်းပါးစေသည်။ ပြောင်းဖူးသည် ကောက်ပဲသီးနှံများတွင် ကယ်လိုရီဓာတ် အမြင့်မားဆုံး ပါဝင် သောကြောင့် ခွန်အားဖြစ်စေသည်။
အမြင်အာရုံကောင်းစေပြီးကျောက်ကပ်ရောဂါကို ကုသပေးနိုင်
အမြင်အာရုံနှင့်ပတ်သက်သည့် မျက်စိရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ ခန္ဓာ ကိုယ်ထဲရှိ ဂလူးကို့စ်ကို ပုံမှန်ဖြစ်စေကာ သွေးထဲရှိသကြားဓာတ်ကို လျော့ကျစေသည်။ ပြောင်း ဖူးကို မကြာခဏစားသုံးသော အမျိုးသမီးများသည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း အထိ လျော့ကျစေသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ် နှင့်ဆိုင်သော ရောဂါအမျိုးမျိုးကို ကုသပေးနိုင်စွမ်းရှိသည်။ ပြောင်းဖူးဆီ လက်ဖက် ရည်တစ်ဇွန်းခန့်သည် ကျန်းမာသန်စွမ်းသောကလေး၊အရွယ်ရောက်သူ တစ်ဦးအတွက် လုံလောက် သော မရှိမဖြစ်လိုအပ်သည့် ပမာဏဖြစ်သည်။
ပြောင်းဖူးမွေး၊ ပြောင်းဖူးမြစ်၊ ပြောင်းဖူးရွက်၊ ပြောင်းအတွင်းရိုးတို့ကိုပြုတ်၍ အရည်ကို သောက်ခြင်းဖြင့် ဆီးအိမ်ပြဿနာများ၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အစာအိမ်နာခြင်းတို့ကို သက်သာစေသည်။ ထို့ပြင် ရူးသွပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်း ခြင်းနှင့် ဇရာအကြိုရောဂါကိုလည်း ကာကွယ်နိုင်သည်။ အလွန်အကျွံစား သုံးပါက အစာမကြေ၊ လေထိုးလေအောင့် ခြင်းနှင့် ဝမ်းလျှော ခြင်းတို့ဖြစ်စေနိုင် သည်။
ကျန်းမာရေးနှင့်ညီညွတ်သော ပြောင်းဖူးစားနည်း
ပြောင်းဖူးကို ပြုတ်ပြီးစားသုံးနိုင်သကဲ့သို့ ပြောင်းဖူးပါသည့်စားဖွယ်မျိုးစုံကို စီမံပြုလုပ်၍ လည်း စားသုံးကြသည်။ ပြောင်းဖူးကို Corn Flakes (လှော်ထားသော ပြောင်းဖူး အလွှာပါး)ပုံစံ ပြုလုပ်၍ နံနက်စာစားဖွယ်အဖြစ် စားသုံးကြ သည်။ ပြောင်းဆီ၊ ပြောင်းဖူးဟင်းချို၊ ပြောင်းဖူး ပြုတ်၊ ပြောင်းမှုန့် စသည်ဖြင့်ပြုလုပ် ရောင်းချကြသည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုး စုံပြုလုပ် စားသုံးကြသည်။ ချက်ပြုတ်စားသောက်သည်ထက် သုပ်၍သော်လည်းကောင်း၊ စွပ်ပြုတ် ပြုတ်၍သော်လည်းကောင်း စားသုံးခြင်းသည် ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေသည်။
အကျိုးကျေးဇူးများ
ပြောင်းဖူးကို ကလေးငယ်များလည်းစားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက် လည်း အထူးကောင်းမွန်စေသည်။ ပြောင်းဖူးပုံမှန်စားသုံးခြင်းဖြင့် သက်ကြီးရောဂါ၊ အရိုးကျိုး ခြင်း၊ အရိုးအက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သက်လုံကောင်း စေခြင်း၊ ခန္ဓာကိုယ်တွင်းရှိမကောင်းသော ကိုလက်စထရောများကို လျှော့ချပေးနိုင်ခြင်း၊ ကိုယ် အလေးချိန်ကို ထိန်းထားနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုအကျိုးပြုစေနိုင် ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။ ထို့ပြင် ပြောင်းဖူးငချိပ်သည် အဝလွန်ခြင်းကို ကာကွယ်ပေး နိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ပြောင်းဖူးပင် သည် လေထဲမှ ဖော်မယ်ဒီဟိုက် (Forma-ldehyde) ကဲ့သို့ အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး သန့်စင်နိုင်သည့် ဂုဏ်သတ္တိရှိ သော အပင် တစ်မျိုးဖြစ်သည်။ နေ့စဉ်လူနေမှုဘဝတွင် ကျန်းမာသော ဘဝများအဖြစ် ရေရှည်ရပ်တည်နိုင်ရေး အတွက် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို များစွာကူညီပံ့ပိုးပေးနိုင်သောကြောင့် ပြောင်းဖူး ကို လူတိုင်း စားသုံးသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
