Main menu

တစ်ဧကဝင်ငွေတိုးစေဖို့ ပဲလွမ်းသီးနှံစိုက်ပျိုးစို့

Powered by Drupal
Mon, 11/10/2025 - 15:38 -- consumer_admin

         ပဲလွမ်းသည် မြန်မာနိုင်ငံ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုတွင် အရေးပါသော ပဲမျိုးတစ်မျိုး ပင်ဖြစ်သည်။ ပဲလွမ်းသည် အာဖရိကအနောက်ပိုင်းနိုင်ငံများတွင် စတင်ပေါက်ရောက်သည်ဟု သိရသည်။ အာဖရိကတိုက်ရှိ နိုင်ဂျီးရီးယားနိုင်ငံသည် ကမ္ဘာတွင် ပဲလွမ်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးနှင့် စားသုံးမှုအများဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဲလွမ်းသီးနှံကို ဧရာဝတီတိုင်း ဒေသကြီးတွင် အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ကရင်နှင့် မန္တလေး စသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း  အများအပြားစိုက်ပျိုးကြသည်။  ပဲလွမ်းသည် ပဲပုပ်နှင့် ပဲတီစိမ်းတို့ထက်  ရေငတ်ဒဏ်ကို   ခံနိုင်ရည်ရှိသည်။  ပဲလွမ်းတွင် ပင်ပြန့်နှင့်ပင်ထောင်ဟူ၍ နှစ်မျိုးရှိသည်။

ပဲလွမ်းကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့တင်ပို့ရန် အဓိကရည်ရွယ်၍ စိုက်ပျိုးကြသည်။ ပြည်ပ ဈေးကွက်အနေဖြင့် ပဲလွမ်းကို တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့သို့ အများဆုံး တင်ပို့သည်။ ကမ္ဘာ့ပဲလွမ်းတင်ပို့သည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည်  ဘရာဇီးပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။  ထို့ကြောင့် ပဲလွမ်းသည် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် အခြေအနေ   ကောင်းမွန်ခြင်းကြောင့် တောင်သူလယ်သမားများအတွက် ဝင်ငွေသေချာစေသော သီးနှံ ဖြစ်သည့်အပြင် မြန်မာ့ စိုက်ပျိုးရေးကဏ္ဍတွင်   နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိသော အရေး ပါသည့် သီးနှံ တစ်မျိုးလည်း ဖြစ်သည်။

      ပဲလွမ်းသီးနှံကို မိုးကောင်းသောက်ဒေသ လယ်မြေများတွင်  စပါးရိတ်သိမ်းပြီးနောက် ပဲလွမ်း သီးနှံကို လက်ကျန်အစိုဓာတ်ဖြင့် အလွယ်တကူစိုက်ပျိုးနိုင်သည်။ ပဲလွမ်းပင်သည် မြေဆီလွှာကို ဖွံ့ဖြိုးစေသဖြင့် သစ်စိမ်းမြေဩဇာအဖြစ်လည်း အသုံးပြုနိုင်သည်။ ပဲလွမ်းစိုက်ပျိုးပြီး စပါးစိုက် သည့်အခါ ပုံမှန်ထက် နိုက်ထရိုဂျင်မြေဩဇာလိုအပ်ချက်  လျော့နည်းစေသည်။ ပဲလွမ်းသည် မြေဆီ လွှာကိုလည်းဖွံ့ဖြိုးစေပြီး ဝင်ငွေရစေသည့် ရည်ရွယ်ချက်နှစ်မျိုးဖြင့် စိုက်ပျိုးရသောသီးနှံဖြစ်သည်။ ပဲလွမ်းသည် သီးနှံများထဲတွင် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသော သီးနှံတစ်မျိုးလည်းဖြစ်သည်။

      ပဲလွမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းနှင့်  အရည်အသွေးကောင်းမွန်စေရန် မှန်ကန်သော စိုက်ပျိုးနည်းစနစ်များကို လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် မျိုးရွေး ချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်းတို့တွင် အထူးဂရုစိုက် ဆောင်ရွက်သင့်သည်။

(က) မျိုးရွေးချယ်ခြင်း

ပဲလွမ်းစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီဖြစ်ထွန်းပြီး ပိုးမွှား၊ ရောဂါဒဏ်ခံ နိုင်ရည်ရှိသည့် ဈေးကွက်ဝင်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ ပဲလွမ်းဈေးကွက် အလား အလာကောင်းသောမျိုးများမှာ အမေရိကန် ပဲလွမ်းဖြူ၊ ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃ မျိုးများကို ရွေးချယ်စိုက်ပျိုးကြရမည်။ အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက်ရှိသည့် မျိုးသန့်၊ မျိုးစေ့ကိုသာ စိုက်ပျိုးရပါမည်။  

(ခ) မြေအမျိုးအစားနှင့် ရာသီဥတု

       မြေနီသဲဝန်း၊ နုန်းစနယ်မြေနှင့် ရေသွင်းရေထုတ်ကောင်းပြီး မြေဩဇာထက်သန်သော မြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ - ၆ ဒသမ ၈ ကြားတွင် ကောင်းစွာဖြစ်ထွန်းသော သီးနှံဖြစ်သည်။ အပူချိန်အားဖြင့် ၂၅-၃၆ ဒီဂရီ စင်တီဂရိတ်တွင် ပဲလွမ်း သီးနှံသည် ကောင်းစွာဖြစ်ထွန်းသည်။ ပဲလွမ်းသီးနှံသည် ရေငတ်ဒဏ်နှင့် မြင့်သော အပူချိန်တို့ကို ခံနိုင်ရည်ရှိသည့် သီးနှံတစ်မျိုးလည်းဖြစ်သည်။

(ဂ) မြေပြုပြင်ခြင်း

မြေပြုပြင်ချိန်တွင် နွားချေးမြေဩဇာကို (၁၀၀-၁၅၀) တင်းနှုန်း ထည့်ပေးရပါမည်။ အထွက်နှုန်း ပိုမိုရရှိရန် ယူရီးယားရှစ်ပြည်၊ တီစူပါ ၂၄ ပြည်နှင့် ပိုတက် ၁၂ ပြည်နှုန်း ထည့်ပေး သင့်သည်။  သီးနှံစိုက်ချိန်တွင် ကန့်ဓာတ်အနည်းဆုံး  ၅ ရာခိုင်နှုန်းပါဝင်သော ဂျစ်ပဆန် မြေဩဇာကို   တစ်ဧက ပြည် ၂၀ နှုန်း ထည့်ပေးသင့်သည်။

(ဃ) စိုက်ပျိုးနည်း

      ပဲလွမ်းသီးနှံကို မြန်မာပြည်အထက်ပိုင်းဒေသများတွင် စိုက်ပျိုးချိန်အနေဖြင့် မိုးရာသီ (မေလလယ်မှ ဩဂုတ်လလယ်) ၌လည်းကောင်း၊ မြန်မာပြည်အောက်ပိုင်းဒေသများတွင် မိုးနှောင်း သီးနှံအဖြစ် သီးထပ်စိုက်ပျိုးပါက နိုဝင်ဘာလအတွင်း အပြီး စိုက်ပျိုးသင့်သည်။ ၎င်းစိုက်ချိန် ထက်နောက်ကျပါက မြေတွင်းအစိုဓာတ်လုံလောက်၍ အပင်ဖြစ်ထွန်းမှုအား နည်းပြီး  အထွက်နှုန်း လျော့နည်းနိုင်သည်။

တစ်ဧကမှာ ဝင်ဆံ့နိုင်သော အပင်အရေအတွက် ပြည့်မီရေး သတ်မှတ်ထားသောတန်းကြား၊ ပင်ကြားအတိုင်း စိုက်ပျိုးရပါမည်။ တစ်ဧကသတ်မှတ်အပင်ဦးရေရရှိရန် တန်းကြား x ပင်ကြား၊ ၂၄ လက်မ x ၆ လက်မခြား၍ မျိုးစေ့နှုန်း ရှစ်ပြည်မှ ၁၂ ပြည် သုံးစွဲစိုက်ပျိုးသင့်သည်။ မျိုးစေ့ကို စိုက်ပျိုးရာတွင် မြေအောင်းပိုးနှင့် ပင်စည်ထိုးယင်ကာကွယ်နိုင်ရန် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် မျိုးစေ့အား  လူးနယ်စိုက်ပျိုးသင့်သည်။

(င) အပင်ပြုစုစောင့်ရှောက်ခြင်း

သီးနှံများစိုက်ပျိုးပြီးလျှင်   ပစ်ထား၍မရဘဲ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ပြုစု စောင့်ရှောက် ရန် အလွန် အရေးကြီးသည်။ ပဲလွမ်းကို စိုက်ပြီး ၁၄ ရက်သားမှ ပန်းပွင့်ချိန်အထိ  ခုနစ်ရက် ၁၀ ရက်ခြား တစ်ကြိမ်  ဇီဝစူပါရွက်ဖျန်းမြေဩဇာကို အရွက်၏ အပေါ်နှင့်အောက် မျက်နှာပြင် နှစ်ဖက်လုံးကို ဖျန်းပေးရမည်။ ပန်းစတင်ပြချိန်မှ သီးလုံးဝင်ချိန်အထိ အနည်းဆုံးနှစ်ကြိမ်  ယူရီး ယားဟင်းစားဇွန်း လေးဇွန်း၊ လက်ချားမှုန့်တစ်ဇွန်းတို့အား ရေတစ်ဂါလန်တွင်ဖျော်၍ တစ်ဧကလျှင် ၂၀-၂၅ ဂါလန်နှုန်း ဖျန်းပေးရမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ပဲလွမ်းအထွက်နှုန်း ၂၀ ရာခိုင် နှုန်းခန့်တိုးနိုင်သည်။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရမည်။ ပန်းပွင့်ချိန်တွင် မြေအစိုဓာတ်လုံလောက်စွာရှိအောင် ဆောင်ရွက်ပေးရမည်။ ပဲလွမ်းသည် ပုံမှန်အားဖြင့် သီးနှံသက်တမ်းကာလတစ်လျှောက်တွင် ရေအနည်းဆုံး ၁၆ လက်မမှ ၂၅ လက်မ လိုအပ်သည်။ အလွန်ခြောက်သွေ့သော အနေအထားများတွင် ရေသွင်းပေးရမည်။ အထူး သဖြင့် အပင်ပေါက်ချိန်၊ အပင်ကြီးထွားချိန်၊ အတောင့်စတင်ဖြစ်ပေါ်ချိန် အစေ့အဆန် တည်သော အချိန်သည်လည်း အလွန်အရေး ကြီးသည်။ သီးနှံသက်တမ်းတစ် လျှောက်၌စိုက်ခင်းတွင်  အစို ဓာတ်လုံ လောက်မျှတစွာရှိရန် အရေးကြီးသည်။

ပိုးမွှားရောဂါကျရောက်မှုမရှိအောင်  ကြိုတင်ကာကွယ်ရမည်။ ပဲလွမ်းတွင် ငမြှောင်တောင်၊ လှေး၊ ကျိုင်း၊  ပင်စည်ထိုးယင်နှင့်  ပဲမျိုးစုံကြမ်းပိုးများ ကျရောက်တတ် သည်။  ပိုးများကိုနှိမ်နင်း ရာမှာ ပိုးအမျိုးအစားအလိုက် ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော သဘာဝပိုးသတ် ဆေးများကို အသုံးပြုနိုင်သည်။ ပိုးမွှားကာကွယ်မှု ပိုမိုထိရောက်စေရန် ပိုးမွှားများခိုအောင်း နေနိုင်သော စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ချုံများကိုပါ ဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။ ရောဂါများအနေဖြင့် ဖားဥမှိုရောဂါ၊ သံချေးတက်မှိုရောဂါများလည်း  ဖြစ်တတ်သည်။  ပဲလွမ်းတွင် ကျရောက်သောရောဂါများကို ကာကွယ်ရန်   မှိုသတ်ဆေးတစ်မျိုးမျိုးနှင့်  စိုရွှဲနေအောင် ပက်ဖျန်းပေးရပါမည်။

(စ) ရိတ်သိမ်းခြင်း

ပဲလွမ်းရိတ်သိမ်းရာတွင်   အစေ့အဆန်များ အောင်မြင်ပြည့်ဖြိုးစေရန်  ပဲလွမ်းသီးတောင့်များ ၇၅-၈၅ ရာခိုင်နှုန်းအထိ မျိုးကွဲကိုလိုက်၍  အစိမ်းရောင်မှ အနက်ရောင် သို့မဟုတ် အဝါရောင် ပြောင်းချိန်တွင်  ရိတ်သိမ်းသင့်သည်။  ပဲလွမ်းသီးနှံများ၏ ပဲစေ့များကို ကုန်ကြမ်းအဖြစ် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး ပဲခွံ၊ ပဲရိုးများကို မြေဩဇာအဖြစ်လည်းကောင်း၊ ကျွဲနွားများ အတွက် တိရစ္ဆာန်အစာအဖြစ်လည်းကောင်း  အသုံးပြုနိုင်သည်။  ပဲလွမ်းသီးနှံထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်  ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ပဲဟင်း၊ ပဲပြား၊ ပဲကြော်၊ ပဲမှုန့်၊  စည်သွတ်ဘူးများဖြစ်သည်။

ပဲလွမ်းကို   ဒေသတွင်းဈေးကွက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိပြီး အထူး သဖြင့် မန္တလေး၊ ရန်ကုန်၊ မကွေး  စသည့်မြို့ကြီးများတွင် ဝယ်လိုအားမြင့်မားသည်။ ပြည်ပဈေး ကွက်အဖြစ် အဓိကတင်ပို့သောနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိ၍ ပဲလွမ်းသီးနှံ၏အရည်အသွေးကို နိုင်ငံတကာတွင် အသိအမှတ်ပြုခံ ရသည့်အတွက် ဝယ်လိုအား မြင့်မားသည်။ တရုတ်နိုင်ငံသည် ပဲလွမ်းကို အဓိကတင်သွင်းသော နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည်။

ပဲလွမ်းသည်  မြန်မာနိုင်ငံအတွက်   အာဟာရပြည့်ဝပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။ ပဲလွမ်းသည်  မြန်မာနိုင်ငံ၊ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါ သော   သီးနှံဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် ပဲလွမ်းကိုကျယ်ကျယ်ပြန့်ပြန့် ရောင်းချ လျက်ရှိသည်။ ပြည်ပဈေးကွက်တွင် ပဲလွမ်းသီးနှံဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပဲလွမ်း စိုက်ပျိုးသူများအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ ဈေးကွက် ပြိုင်ဆိုင်မှုများပြားလာခြင်း၊ ကုန်သွယ်ရေး အခက်အခဲများနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေတို့ ကြောင့် ပဲလွမ်းသီးနှံ ပြည်ပတင်ပို့မှုသည် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။  မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီနည်းစနစ်များ အသုံးပြုခြင်းဖြင့်   အထွက်နှုန်းနှင့်သီးနှံ အရည် အသွေးကို မြှင့်တင်နိုင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက် ရရှိရေးအတွက် အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် ပဲလွမ်းစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံ ၏  စိုက်ပျိုးရေးကဏ္ဍကို  ပိုမိုတိုးတက်စေနိုင်မည်ဖြစ်သည်။

ပဲလွမ်းသီးနှံသည် စိုက်ပျိုးရန်လွယ်ကူသော သီးနှံဖြစ်သည့်အတွက်  စနစ်တကျ စိုက်ပျိုး ပြီး  သီးနှံစိုက်ပျိုးချိန်ကာလ တစ်လျှောက်လုံးမှာ စနစ်တကျ စီမံခန့်ခွဲနိုင်လျှင်  အထွက်နှုန်းတိုး တက်နိုင်သည်။ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ စိုက်ပျိုးနည်းစနစ်တို့ကိုအသုံးပြုပြီး ကျရောက်တတ်သော  ပိုးမွှားရောဂါလက္ခဏာရပ်များကို သိရှိကာ စနစ်တကျမှန်ကန်စွာ ကာကွယ် နှိမ်နင်းရန်လည်း လိုအပ်သည်။  ထို့ကြောင့်  တောင်သူဦးကြီးများ အနေဖြင့် မျိုးရွေးချယ်ခြင်းမှစ၍ သီးနှံစိုက်ပျိုးနေစဉ်ကာလတစ်လျှောက်လုံး  စနစ်တကျစီမံခန့်ခွဲရန် လိုအပ်သည့်အတွက် ပဲလွမ်း သီးနှံ အထွက်နှုန်း တိုးတက်ရေးလိုက်နာ ဆောင်ရွက်သင့်သော နည်းပညာအချက်အလက်များကို ရေးသား တင်ပြအပ်ပါသည်။    

                                                                                     

DOCA(ပြည်ထောင်စုနယ်မြေ)