
ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် တောဓလေ့ တောသဘာဝအရ ယခုလို ဝါလ ကင်းလွတ်သီတင်းကျွတ် အခါကြီး ရက်ကြီးများတွင် ဘုရားစေတီများတွင် ဆီမီးပူဇော်ကန်တော့ ခြင်း၊ ဘုန်းတော်ကြီးများ၊ သက်ကြီးရွယ်အိုများ ကန်တော့ခြင်းအပြင် ကျေးရွာအတွင်း ဆီမီးလှည့် လည်ပူဇော်ခြင်းများအပြင် မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ထိုးမုန့်ထိုးခြင်း၊ မုန့်ဖက်ထုတ် နနွင်းမကင်း၊ မုန့်ဆီကြော်၊ ချီပါမုန့်စသည်တို့ကို ပြုလုပ်ပြီး ဝေငှပေးပြီး ကုသိုလ်ပြုလုပ်လေ့ ရှိကြပါသည်။
ယခုအခါရက်များမှာတော့ မိမိတို့မိသားစုမှ ထိုးမုန့်ကို ပြုလုပ်ကြပြီး ဘုရားဆွမ်းတော် ကပ်လှူခြင်း၊ ဘုန်းကြီးကျောင်းသို့ ဥပုဒ်သီလယူရာတွင် ဥပုဒ်လက်ဆောင်အဖြစ် ကပ်လှူခြင်း၊ လူကြီးမိဘများ ကန်တော့ရာတွင်လည်းကောင်း၊ အသိမိတ်ဆွေအိမ်များသို့ ပေးဝေပြီး ကုသိုလ် ကောင်းမှုပြုကြသည်မှာ မိမိတို့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတို့၏ မွန်မြတ်သော ဓလေ့ဖြစ်သည့်အတွက် နှစ်စဉ်ကုသိုလ်ပြုလုပ်လျက်ရှိပါသည်။ ထိုးမုန့်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ကောက်ညှင်းဆန်မှုန့် ၊ ဆီ၊ သကြား၊ ဓေါပတ်ဆီ၊ ကျောက်ဖရုံယို၊ နှင့် အုန်းသီးကိုခြစ်ဖြင့်ခြစ်၍ကြော်ထားသည့် အုန်းသီး ကြော် စသည် တို့ဖြင့် ပြုလုပ်ရပါသည်။ ထိုးမုန့်ပြုလုပ်ရာတွင် ရေနှင့်ထိုးခြင်း၊ ဆီဖြင့်ထိုးခြင်းဟူ၍ နှစ်မျိုးပြုလုပ်လိုရပါသည်။ ထိုးမုန့်ကို ဆီထိုးထိုးလျှင် ကောက်ညှင်းဆန် တစ်ပြည်လျှင် ဆီ တစ်ပိဿာထည့်၍ ကောက်ညှင်းဆန်မှုန့်ကို ရေဖြင့်နယ်ထားပြီး ကြော်ထိုး ထိုးရပါသည်။ ဆီထိုး ထိုးထားသည့် ထိုးမုန့်သည် (၇)ရက်တစ်ပတ် အထိထားပြီး အိစက်ညှက်ညောကာ စားလို အရမ်း ကောင်းပြီး အထားခံကြောင်း ၊ ရေဖြင့်ထိုးသည့် ထိုးမုန့်သည် ကောက်ညှင်းဆန် တစ်ပြည်လျှင် ဆီ(၃၀)ကျပ်သားသာထည့်ရပြီး ဆန်မှုန့်ကို ရေဖြင့်နယ်ထားပြီး ရေနွေးထဲတွင်ထည့်ပြုတ်ပြီး ကောက်ညှင်းမုန့် ပြုတ်တာနပ်ပြီး ချကာနီးမှသာ ဆီထည့်မွှေပြီးလုပ်လေ့ရှိကြပြီး ရေထိုးထိုးသည့် ထိုးမုန့်သည်(၃)ရက်အပြင် အထားမခံသလို စားရသည့်အခါမှာလဲ အရဿာချင်း အရမ်းကွာခြား ပါသည်။ ထို့ကြောင့် ကျွန်မတို့ တောရွာဓလေ့ကတော့ ထိုးမုန့်ကိုဆီဖြင့်သာထိုးလေ့ရှိပြီး တစ်ခါပြု လုပ်လျှင် အနည်းဆုံးကောက်ညှင်းဆန် (၄)ပြည် လောက်ပြုလုပ်ပြီး ဝေငှကုသိုလ်ယူလေ့ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)
