ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ခေတ်မီဖွံ့ဖြိုးသောနိုင်ငံများအဖြစ် ကူးပြောင်းရာတွင် လူသားအရင်းအမြစ်၏ အကူအညီသည် မရှိမဖြစ်ထိပ်ဆုံးက လိုအပ်နေဆဲ ဖြစ် သည်။ လူ့စွမ်းအားအရင်းအမြစ်တည်းဟူသော လုပ်သားအင်အားတစ်ရပ်သည် မပါမဖြစ်ပါဝင် နေသည်ကိုတွေ့ရသည်။ နည်းပညာဖြင့် လုပ်သားအစားထိုး ဆောင်ရွက်လာသော်လည်း လူသားများ ၏ဖြတ်ထိုးဉာဏ်၊ လုပ်ငန်းပိုင်းဆိုင်ရာ အလေ့အကျင့်များကို ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးမည်သာ ဖြစ်သည်။ သို့ဖြစ်၍ လူသားတစ်ယောက်၏ စွမ်းရည်ကို လေးစားတန်ဖိုးထားကြရမည်ဖြစ်သည်။ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို ဂုဏ်ပြုကြရမည်ဖြစ်သည်။ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ ဖြိုးတိုးတက်ရေး၊ အခြေခံ လူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်း ရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့် သင်ကြား ပေးမှုကို အခြေခံလျက်ရှိသည်။
အလုပ်သမားအများစုသည် လုပ်ခလစာကိုအခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်း ဆုံး အခကြေး ငွေသတ်မှတ်ရေးတောင်းဆိုသံများ ပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခ ကြေးငွေ သည် မိသားစုဘ၀ စားဝတ်နေရေး ဖြေရှင်းနိုင်သည့်အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်း ဆုံးအခကြေးငွေသည် ပုံမှန်အလုပ်ချိန်အပေါ် မူတည်သတ်မှတ်ထားသောနှုန်းထားလည်း ဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦး အကျိုးစီးပွားကို တစ်ဦးက ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် အပြန်အလှန်အထောက်အကူပြုသည့် ပုံစံဖြစ်သည်။ ယင်းတို့အကြား အပြန်အလှန် ကိုယ်ချင်းစာနာစိတ်ဖြင့် လုပ်ခလစာနှင့် စေတနာ လဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်းဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေး အသွင်ဆောင်ခြင်းဖြစ်သဖြင့် အလုပ်ရှင်နှင့်အလုပ်သမားကြားရှိ ဆက်ဆံရေးတစ်ရပ် အဆင်ပြေ ချော မွေ့မှုရှိရန် လိုအပ်ပေသည်။ အလုပ်သမားများ၏ ထိုက်တန်သော လုပ်ခလစာရရှိမှုနှင့် အလုပ်ရှင်များ၏ ရေရှည်အကျိုးအမြတ်ဖြစ်မှု သင့်တင့်မျှတမှုရှိမှသာ အလုပ်ခွင် တည်ငြိမ်အေး ချမ်းစေမည်ဖြစ်သည်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာ အသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကို ဦးဆောင်နေသည့် အလုပ်သမားများ၏ လူမှုဘဝဖူလုံမှုသည် ဘဝအနာဂတ်လင်းရောင်ခြည်ပင်ဖြစ်သည်။ တန်ဖိုးရှိလှ သော လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင် များ ဖန်တီးကြရမည်။ အလုပ်ရှင်များ၏တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေး ကြီးလွန်းလှသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့၊ အကျိုးဖြစ်ထွန်းသောလုပ်ရပ် များလည်းဖြစ်သည်။
ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက် အရွယ်ကို သတိပြုရမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ အလုပ်ခွင်ဝင် ရောက်ရန်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများ ကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျ လိုက်နာရမည်ဖြစ်သည်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားများအချိန်မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါတစ် မျိုးမျိုး ခံစားရခြင်းများ မဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သား များ ဘက်မှလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များကို လိုက်နာရန်လိုအပ်သည်။ လုပ်ငန်းခွင်မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေး ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှမှန်ကန်သော အသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေး အသိအမြင်များ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေး ခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏အခန်းကဏ္ဍသည် ထိပ်ဆုံးကအရေးပါလာခဲ့သည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ အလုပ်သမား လိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှု အရေအတွက်မှာ စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိသည်။ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ ပြောင်း အလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်စေသော အကျိုးအမြတ်များရရှိစေနိုင်သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်း မြင်သာရှိသည့် ခေတ်ကိုအမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်း ပညာနယ်ပယ် အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသောလူ့စွမ်းအား အရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများတိုးတက် လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။ နည်းပညာနယ်ပယ် အသီး သီး တွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ် ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာ သိရှိနားလည်ရန် လိုအပ်လှသည်။ အလုပ်သမားများသည် မသိနားမလည်သဖြင့် တရားမဝင်အလုပ်သမား စေလွှတ်ရေးအေဂျင်စီများ နှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမားစေလွှတ်ရေး အေဂျင်စီများမှလည်း လူစုဆောင်းမှု အစီအစဉ်တွင် ပွင့်လင်းမြင်သာမှု ရှိရမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ် အနည်းဆုံးဖြစ်ခြင်း အစရှိသောတရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမား များအတွက် ရွှေ့ပြောင်းသွားလာမှုလုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှသည်။
အလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများသည် အလုပ်သမားအခွင့်အရေး များ ချိုးဖောက်ခံရမှုကို စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်း၊ ဥပဒေကြောင်းအရ အကူအညီပေး ခြင်းဆိုင်ရာ အလုပ်သမားများအတွက် အထောက်အကူပြုသူများသာဖြစ်သည်။ အလားတူ အလုပ် သမားအခွင့်အရေး လေးစားလိုက်နာမှု၊ အလုပ်ရှင်နှင့်အလုပ်သမားများညီညွတ်ရေးကို ရှေးရှုဆောင် ရွက်မှုတို့ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှုကိုဖြစ်စေသည်။ အလုပ်သမားများ၏ တရားဝင် အကျိုးစီးပွားများကိုကာကွယ်ရန် ဖွဲ့စည်းဆောင်ရွက်မှုကို အသိအမှတ်ပြုရမည်ဖြစ်သော်လည်း မှန်ကန် သောနည်းလမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းသိမ်းတည့်မတ်နိုင်မှသာ နိုင်ငံ့စီးပွားရေး မယိမ်းမယိုင်တည်ရှိစေမည်ဖြစ်သည်။ တာဝန်ယူမှုရှိသည့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရုံ၊ စက်ရုံများရှိ ဝန်ထမ်းများအရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးခြင်း ဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အစဉ်သဖြင့် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။
နိုင်ငံတကာစီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ လာရောက်ရင်းနှီးမြှုပ်နှံပါက ကုန်ထုတ် လုပ်မှု ကဏ္ဍများ ပိုမိုတိုးတက်လာနိုင်ပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် စီးပွားရေးအလားအလာ ကောင်းများ ပိုင်ဆိုင်ရရှိနိုင်မည် ဖြစ်သည်။ တည်ငြိမ်မှုရှိသော ကုန်ထုတ်လုပ်မှုဂေဟစနစ် တစ်ရပ် သည် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် တည်မှီနေ သည်။ တာဝန်ယူမှု ရှိသော အလုပ်သမားအဖွဲ့အစည်းများကို ထောက်ပံ့ကူညီပေးခြင်းနှင့် တရားမဝင် အဖွဲ့အစည်းများ ကို ထိရောက်စွာ အရေးယူခြင်းသည် နိုင်ငံ၏ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ရေရှည်တည်တံ့ သောဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်မှုကိုဖြစ်စေသည်။ မြန်မာနိုင်ငံ သည် အလုပ်သမားများ၏ တရားဝင်အခွင့်အရေးများကို အလေးထားကာကွယ်မှုနှင့် လူမှုတည်ငြိမ် ရေးကို ထောက်ပံ့ပေးစွမ်းသည့် တရားဝင်အလုပ်သမား အဖွဲ့အစည်းများ၏ အပြုသဘောဆောင် သည့် အခန်းကဏ္ဍများကို အသိအမှတ်ပြုပြီး အလုပ်အကိုင် ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော အလုပ်သမားအရေး တိုးတက်မှုရယူခြင်း ကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေးရည်မှန်းချက်များနှင့် ကဏ္ဍစုံမျှတအောင် ထိန်းညှိဆောင်ရွက် ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့် လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။ အမှန်တကယ် အလုပ်လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများ စု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးအား အလေးထားခြင်းပင်ဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် လွန်စွာအရေးပါသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသား များ၏ အလုပ်အကိုင်အခွင့်အလမ်း၊နည်းပညာ၊ အရင်းအနှီးများပိုမိုရရှိစေရေး အထူးစီးပွား ရေးဇုန် များ၊ စက်မှုဇုန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှု ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချ လျက်ရှိရာ အဓိကအင်အားတစ်ရပ် ဖြစ်သည့် အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊ လုပ်ငန်းခွင်ကျွမ်း ကျင်မှု သင်တန်း များပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့အကြုံများကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းခွင်များတွင် အသုံးချနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာ ရေးလုပ်ငန်းများကို မြှင့်တင်ပေးရေး၊ လူမှုဖူလုံရေးစနစ်အပြည့်အဝရရှိရေးကဲ့သို့ အခြေခံ အခွင့် အရေးများရရှိရေးအတွက် ဥပဒေရေးရာမူဘောင်များမြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုရှိသော အငြင်း ပွားမှုများ ဖြေရှင်းပေးခြင်းလုပ်ငန်းများ မြှင့်တင်ရန်နှင့် တရားဝင်အလုပ် သမားများ ၏ ရပိုင်ခွင့ ်ဆိုင်ရာ တောင်းဆိုမှုနှင့် အန္တရာယ်ရှိသော တရားမဝင်လှုပ်ရှားမှုများကို ခွဲခြားသိမြင်နိုင်စေရန် အလုပ်သမားများအရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် အလုပ်ရှင်၊ အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စွာဖြင့် စံချိန်မီထုတ် ကုန်များ ပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းခွင်များအဖြစ် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း ရေးသာတင်ပြလိုက်ရပါသည်။
Source: ထက်ဝေအောင်
DOCA(ပြည်ထောင်စုနယ်မြေ)
