Main menu

အစားအစာဘေးကင်းလုံခြုံမှုနှင့် အစာအဆိပ်သင့်အန္တရာယ်

Powered by Drupal
Wed, 10/22/2025 - 15:51 -- consumer_admin

   မျက်မှောက်ကာလတွင်  လူဦးရေတိုးပွားလာမှု၊   အစားအစာလိုအပ်ချက် မြင့်တက်လာမှုတို့နှင့် အတူ အများ ပြည်သူတို့   နေ့စဉ်ရင်ဆိုင်နေရသည့် ကိစ္စတစ်ရပ်မှာ  အစားအစာဘေးကင်း လုံခြုံမှုဖြစ်သည်။    လူ့ဘ၀တွင်  ဘေးကင်း ပြီး    အာဟာရပြည့်၀သောအစား အစာများ စားသုံးနိုင် ရေးသည်  အဓိကအချက်ဖြစ်သည်။

      အစားအစာဘေးအန္တရာယ်ကင်းရှင်း ရေးဆိုသည်မှာ ကူးစက်ရောဂါများမှ ကာကွယ်ရန် အစားအစာများကို ကိုင်တွယ် ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် ပြင်ဆင် ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူအတွက် အစားအစာ၏ အာဟာရဓာတ်     အလုံ အလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်စေသည့် အစားအစာကို ဆိုလိုကြောင်း ကမ္ဘာ့စားရေရိက္ခာ နှင့်  စိုက်ပျိုးရေးအဖွဲ့မှ  သတ်မှတ်ထားသည်။

    အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု မရှိသည့်ဖြစ်စဉ်များကိုလေ့လာကြည့်ပါက အစား အစာကိုပြင်ဆင်ရာ၌ သန့်ရှင်းမှုမရှိခြင်း၊ ကာလကြာရှည်စွာထိန်းသိမ်း ထားခြင်း၊ သက်တမ်း ကုန်ဆုံးခြင်းနှင့် လတ်ဆတ်မှုမရှိသော  အစားအစာများကို   စားသုံးမိခြင်းတို့က အဓိကအချက် များဖြစ်နေသည်ကို တွေ့ရှိရသည်။

     အစားအစာ  ဘေးကင်းရေးသည် ထုတ်လုပ်မှုမှရိတ်သိမ်းခြင်း၊   စီမံဆောင်ရွက်ခြင်း ၊ သိုလှောင် ခြင်း၊  ဖြန့်ဖြူးခြင်း ၊ ပြင်ဆင်ခြင်းနှင့် စားသုံးခြင်းအထိ ပါ၀င်သည်။  သို့ရာ တွင်  အများပြည်သူတို့၏ နေ့စဉ်ဘ၀တွင်   အန္တရာယ်မကင်းသည့် အစားအသောက်များဖြင့်  ယဉ်ပါး နေကြသည်။ အစားအသောက်တချို့၌ ဗက်တီးရီးယားပိုးများ၊  ဗိုင်းရပ်စ်ပိုးများနှင့် ကူးစက်ရောဂါပိုး မွှား များပါ၀င်နေမှု၊ ဓာတု ဓာတ်ကြွင်းများ ကျန်ရှိနေမှု၊ စားသောက် ကုန်များ၌        ခွင့်မပြုသော ဆိုးဆေး၊ ဓာတုဆေးဝါးများ  ထည့်သွင်းအသုံးပြုမှု နှင့် အစားအစာရောင်းချသူများ၏သန့်ရှင်း မှုအားနည်းခြင်း တို့ကို   နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရသည့် ကိစ္စရပ်ဖြစ်သည်။

     ယနေ့ခေတ်တွင်   အကင်မျိုးစုံစားသုံးမှု ပိုများလာသည်။  စားသောက်ဆိုင်များနှင့် လမ်းဘေးစျေးဆိုင်များတွင် အလွယ်တကူ ရရှိနိုင်သည်။   အသားလုံး၊  အသားပြား စသည် ဖြင့်  စားချင်စဖွယ်ပုံစံအမျိုးမျိုးဖြင့် ခင်းကျင်းပြသထားသည် ကို တွေ့မြင်ကြရမည်ဖြစ်သည်။ အဆိုပါ အစားအစာများတွင်အသုံးပြုထားသည့်  ကြာရှည်ခံဆေးနှင့် အရောင်တင်ဆေး များ၏အချိုး အစား၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်၊ ထောက်ခံချက်ရရှိမှု စသည့် စားသုံးသူဆိုင်ရာ သတင်းအချက်အလက်များ   ပြည့်စုံစွာဖော်ပြထားခြင်းမရှိပေ။

     ထို့ကြောင့် ပြည်တွင်းစျေးကွက်၌ စားသုံးရန်မသင့်သော အစားအသောက်များကို ကျန်းမာရေး ၀န်ကြီးဌာန အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ အခါအားလျော်စွာ အသိပေးထုတ် ပြန်လျက်ရှိသည်။   စျေးများနှင့် ကျောင်း မုန့်စျေးတန်းများတွင် ရောင်းချနေ သော   အစားအသောက် များ ကိုစစ်ဆေးရာ ယင်း အစားအသောက်များတွင် စားသုံးသူများ၏   ကျန်းမာရေး ကိုထိခိုက် စေနိုင်သော   တာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါ၀င်မှုနှင့် ခွင့်ပြု အစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက်  ပိုမိုကျော်လွန် သုံးစွဲထားသောကြောင့် အစာ အိမ်၊  အသည်း၊ ကျောက်ကပ်များ  ပျက်စီးစေနိုင်ခြင်းနှင့်    ကင်ဆာရောဂါများဖြစ်ပွား စေနိုင်သဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှထုတ်ပြန်ထားသော   အစားအသောက်များ ကို   စားသုံးခြင်းမပြုရန် သတိထားသင့်သည်။

ဆိုးဆေးများအတွက် FDA အကြံပြုချက်

      မြန်မာနိုင်ငံတွင် Sudan Dyes  အနီရောင်ဆိုးဆေး၊ Auramine O အဝါ ရောင်ဆိုးဆေး၊ Rhodamine B အနီ ရောင်ဆိုးဆေး၊  Orange II  လိမ္မော် ရောင်ဆိုးဆေးများကို ငရုတ်သီးမှုန့် နှင့် အရောင်တင်မှုန့်၊ လက်ဖက်၊ ယိုစုံ နှင့် ပဲနီလေးတို့တွင် အများဆုံးတွေ့ရပြီး  ဆိုးဆေးသုံး ထားသည့်   အစားအစာများကို မစားမိကြရန် သတိထားသင့်သည်။ အစားအစာများ     ဘေးကင်း စေရန် သေချာစစ်ဆေးဝယ်ယူသင့်သည်။

    နေ့စဉ်စားသုံးနေကြသည့်   အခြေခံ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် အရောင်ဆိုး ဆေးနှင့်  ဓာတုဆိုးဆေး များပါဝင်နေပြီး  စားသုံးသူများအနေ ဖြင့် သတိပြုစားသုံးသင့်သည်။ ဝယ်ယူသည့်   စားသောက်ကုန်ပစ္စည်း က သက်တမ်း လွန်နေခြင်း၊ အထား အသိုမှားခြင်း တို့ကြောင့်  ရောဂါပိုးများ ပါရှိသဖြင့်    စားသုံးသူများ အထူး ဂရုပြုဝယ်ယူသင့်သည်။ စားသောက် ကုန်များကို ပစ္စည်းအထုပ်အပေါ်၌ ဖော်ပြထားသည့် အချက်အလက်များကိုလေ့လာပြီးမှ ဝယ်ယူစား သုံး သင့်သည်ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတိပေးနှိုးဆော်လျက် ရှိသည်။

     မည်သို့ပင်ဆိုစေကာမူ      စျေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမှုနှင့်အတူ အစားအသောက် ထုတ်လုပ်သူ     တချို့သည်     ယင်းတို့ထုတ်လုပ်သည့်  အစားအသောက်များကို ဆွဲဆောင်မှုရှိစေ ရန်နှင့် တာရှည်ခံစေရန်    တရားမ၀င်ဓာတု ပစ္စည်း များကို အသုံးပြုလာကြသည်။ အစားအသောက် များတွင်  စက်မှုလုပ်ငန်းသုံးအရောင်ဆိုး ဆေး Auramine O အသုံးပြုမှု၊ တာရှည်ခံ စေရန်  ဖော်မလင် (Formalin) အသုံးပြုမှု များကို မကြာခဏတွေ့မြင်ရလေ့ရှိသည်။

တာရှည်ခံစေရန် အသုံးပြုသည့် ဖော်မလင်အဆိပ်သင့်အန္တရာယ်

    ဖော်မလင်ကို  အစားအသောက်  အများအပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိ သည့်  ဓာတုပစ္စည်း တစ်မျိုးဖြစ်၍      အစားအစာဘေးကင်းလုံခြုံ မှုကိုထိခိုက်စေသည်။ လူ့ကျန်းမာ ရေးနှင့်  ပတ်၀န်းကျင်အပေါ်  သက်ရောက်မှု ရှိနေသဖြင့်   ကမ္ဘာလုံးဆိုင်ရာ   ကျန်းမာရေး ပြဿနာ တစ်ရပ်လည်းဖြစ်သည်။ ဖော်မလင်သည် အရောင်အဆင်းမရှိ၊ အနံ့ပြင်းသည့် ဓာတုပစ္စည်း တစ်မျိုးဖြစ်ပြီး   ဖော်မယ်ဒီဟိုက်၊ မက်သနောနှင့် ရေတို့ ပေါင်းစပ်ထားသော အရောအနှော တစ်ခု ဖြစ်သည်။ ယင်းသည် ပိုးမွှားများကိုသေစေခြင်း၊ အရောင်အသွေးပိုမို ကောင်းမွန်စေခြင်း နှင့် ထုတ်ကုန်ပစ္စည်း သက်တမ်း တာရှည်ခံခြင်း     စသည့်အာနိသင်များ ရှိကြောင်းသိရသည်။

    ဖော်မလင်ပါရှိသော အစားအသောက် များကို ကာလကြာရှည်စားသုံးမိပါက ကျောက်ကပ် ၊   အသည်း၊   အစာအိမ်၊ အဆုတ်တို့ကိုထိခိုက်စေပြီး    ရေရှည်တွင် ကင်ဆာ ရောဂါဖြစ်ပွားခြင်း ၊    အသည်း ခြောက်ခြင်း၊  သွေးအားနည်းခြင်း၊  သွေး ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာကင်ဆာများ  ဖြစ်ပွားနိုင်သည်။  အထူးသဖြင့်  ဖော်မလင်သည် ကလေးငယ် များနှင့်   ကိုယ်၀န်ဆောင် မိခင်များကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ကြောင်း ဆေးပညာရှင်များ က  သတိပေးထားသည်။

    ဖော်မလင်  အဆိပ်သင့်ခံရပါက ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး ယင်းတို့ကို စားသောက်ပြီး နောက် များမကြာမီ အချိန်အတွင်းမှာပင်   ဆိုးကျိုးများ အဖြစ်      ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းခြင်း ၊  အရေပြား တွင်အနာဖြစ်လာခြင်း၊  ပျို့အန်ခြင်း ၊ခေါင်းမူး၍အသက်ရှူကျပ်ခြင်း၊ သွေး၀မ်း သွားခြင်း၊  ဗိုက်အောင့်ခြင်းတို့ ဖြစ်စေနိုင်သည်။

    မြန်မာနိုင်ငံတွင်   နေ့စဉ်ရောင်းချနေကြသော အစားအစာတချို့တွင်  ဖော်မ လင်ပါရှိနေ ကြောင်း    သက်ဆိုင်ရာ ဌာနများမှ  စစ်ဆေးသည့်အခါတိုင်း  တွေ့ရှိ နေရသည်ကို သတင်းများတွင် မကြာခဏ တွေ့မြင်ရလေ့ရှိသည်။ အထူးသဖြင့် စျေး တချို့တွင် ကြက်သွေး၊ ဘဲသွေးဟုဆိုကာ ရောင်းချနေသော သွေးခဲများ၊ ပဲပြားနှင့် ပဲသွေးစျေးကွက်နမူနာ များကို  ရှောင်တခင်စစ်ဆေး မှုများတွင်   ဖော်မလင်ကို တွေ့ရလေ့ရှိသည်။ ယင်းပစ္စည်းများကို  သိမ်းယူဖျက်ဆီးခြင်း၊  ဖော်မ လင် ထည့်သွင်းထုတ်လုပ်သည့် လုပ်ငန်းရှင်ကို ခေါ်ယူစစ်ဆေးကာ    ကာလတစ်ခုအထိ ထုတ်လုပ် ခွင့်ပိတ် သိမ်းခြင်းတို့ဖြင့် အရေးယူမှုများရှိခဲ့သည်။

     သို့သော်  ဖော်မလင်ကို ပဲပြား၊ ပဲသွေး၊ ပဲကြာဆံ၊    မုန့်ဖတ်နှင့်   စားသောက်ကုန် တချို့တွင် တာရှည်ခံ ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုနေကြောင်း  သတင်းများ ထွက်ပေါ်နေဆဲဖြစ်သည်။ သို့ဖြစ်၍ တချို့သော စားသောက် ကုန်ထုတ်လုပ်သူများသည် မိမိတို့၏ထုတ်ကုန်တွင် ဖော်မလင် အသုံးပြုထားခြင်းမရှိကြောင်း အာမခံချက်ဖြင့် ရောင်းချနေသည်ကိုလည်း တွေ့ရှိရသည်။    မည်သို့ပင် ဖြစ်စေ    စားသောက်ကုန်များတွင်      ဖော်မယ်လင် အသုံးပြုထားခြင်းရှိ၊ မရှိဆိုသည်မှာ အများ ပြည်သူတို့အနေဖြင့်    စစ်ဆေးနိုင်ရန် မလွယ်ကူနိုင်ပေ။  ဖော်မလင်သည် ဆေးဘက်ဆိုင်ရာ နှင့်    စက် မှု နယ်ပယ်များ တွင်သာ  တရား၀င်အသုံးပြုနိုင်သော   ဓာတုပစ္စည်းဖြစ်သည်။   စားသောက်ကုန် များ၌   အသုံးပြုရန်    ခွင့်ပြုထားခြင်း မရှိပေ။

    အချုပ်ဆိုရသော်သက်ဆိုင်ရာတာ၀န်ရှိသူများအနေဖြင့်  စျေးကွက်အတွင်းရှိ  အစားအသောက်များကို မကြာခဏ စစ်ဆေးပြီးတွေ့ရှိပါက ထိရောက်သည့် အရေးယူမှုများ၊  ကျန်းမာရေး အသိပညာပေးမှုများကို   တိုးမြှင့်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်များသည်လည်း   စျေးကွက် အတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုရှိသည့်  စားသောက်ကုန်များကိုသာ   ဖြန့်ဖြူးရောင်းချခြင်းဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)