တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် ရှမ်းပြည်ဒေသမှဝင်ရောက်သော ထောပတ်သီးများ ပေါ်နေပြီဖြစ်ပါသည်။ ထောပတ်သီးမှာ စားသုံးသူအများစုကြိုက်နှစ်သက်သော အသီးတစ်မျိုး ဖြစ်တဲ့အပြင့် အအေးဖျော်ရည်အရောင်းဆိုင်များတွင်လည်း ဖျော်ရည်အဖြစ်ရောင်းချနိုင်သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။
ထောပတ်သီးတွင် အဆီများစွာပါဝင်သောကြောင့် အချို့သောသူများက ကျန်းမာရေးနှင့်မညီ ညွတ်ဟုထင်မြင်ယူဆကြပါသည်။ သို့သော် ထောပတ်သီးမှာပါဝင်သော အဆီဓါတ်အများစုမှာ မပြည့်ဝ ဆီ ဖြစ်ပါသည်။ကျန်းမာရေးအတွက်သင့်တော်မှုမရှိသောပြည့်ဝဆီမှာ အနည်းငယ်သာ ပါဝင်သော ကြောင့် ထောပတ်သီးစားသုံးခြင်းဟာ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း လေ့လာသိရှိရပါသည်။ ထောပတ်သီးတွင် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းအားလည်း ကာကွယ်နိုင်ပါသည်။ အစာအိမ်အူလမ်းကြောင်းမကောင်းသူများအလွန်အကျွံစားပါက လေပွခြင်းဖြစ်စေနိုင်သောကြောင့် ချင့်ချိန်စားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ထောပတ်သီး ဈေးနှုန်းအနေဖြင့် အလုံးကြီး၊ အလတ်၊ သေး ပေါ်မူတည်၍ (၁) လုံးလျှင် ၂၀၀၀၊ ၁၅၀၀၊ ၁၀၀၀ ကျပ်ရှိပါသည်။ ထောပတ်သီးအား မိသားစု စားသုံးခြင်းအတွက်သော်လည်းကောင်း စီးပွားရေးအရ ဖျော်ရည်အဖြစ်အသုံးပြုရန်အတွက်သော် လည်းကောင်း ဈေးကွက်တွင်းအရောင်းအဝယ်ကောင်းလျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်လေး ဈေးရှိ သစ်သီးဆိုင်ပိုင်ရှင်တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)
