Main menu

ကျန်းမာရေးဘေးထွက်ဆိုးကျိုးမရှိစေတဲ့မျောက်ငိုသီးဆားရေစိမ်အကြောင်း သိကောင်းစရာ

Powered by Drupal
Wed, 10/22/2025 - 10:55 -- consumer_admin

      မျောက်ငိုသီးကို ယခုအခါ တညင်းသီးအစားထိုးသီးနှံအဖြစ် စားသုံးလာကြပါတယ်။ တညင်းသီး နဲ့ အနံ့အရသာဆင်တဲ့ မျောက်ငိုသီးက တညင်းသီးလိုတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးကို အထောက်အကူပြုတာမို့ တညင်းသီးကို မစားရမနေနိုင်သူတွေအတွက် အစားထိုးစားသုံးစရာတစ်မျိုး ဖြစ်စေမှာပါ။ မြန်မာနိုင်ငံမှာတော့ မျောက်ငိုသီးကို ကလေး၊မော်လိုက်၊တမူးဘက်မှာ  အစိုက်များကြပြီး ဒေသခံတွေရဲ့ ပြည်တွင်းစားသုံးတာအပြင် အိန္ဒိယဘက်ကိုပါ ပြည်ပတင်ပို့မှုလုပ်ကြပါတယ်။ အသီး အတိုင်း ဟင်းချက်စားတာအပြင် ဆားရေစိမ်ပြီး ရောင်းချတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် ဆားရေ စိမ်နည်းကို တင်ပြပေးလိုက်ပါတယ်။

     ဆားရေစိမ်ဖို့ဆို ပထမဦးစွာ မျောက်ငိုသီးတွေကို အထဲကအစေ့တွေသာ ခွာယူရပါမယ်။ အစိမ်းရောင်အစေ့လေးကိုပဲ လိုချင်တယ်ဆိုရင်တော့ အစေ့အပြင်ဘက် အခွံပါးကိုပါ ခွာပေးရမှာ ဖြစ်ပြီး တညင်းသီးလို အရောင်လိုချင်တယ်ဆိုရင်တော့ အဲ့ဒီအခွံပါးကို ခွာပေးဖို့ မလိုပါဘူး။ မျောက်ငိုသီး တွေကို ရေဆေးပြီး ရေတစ်ရက်နီးပါး စိမ်ထားရပါမယ်။ မိုးရေရှိရင်တော့ မိုးရေစိမ်ပေးပါ။ အဲ့ဒီလို ရေစိမ်ခြင်းက အသီးတွေကို ကြွပ်လာစေပါတယ်။ ပြီးရင် ရေတွေကို သွန်ပစ်ကာ ဆားနယ်ပြီး ဖုံးအုပ် ထားပေးပါ။ ဆားကိုအသီးပမာဏနဲ့ချိန်ဆကာ နယ်ပေးရပါမယ်။ ဆားပေါ့တယ်ဆိုရင် ဆားရေစိမ်ပြီး ပြန်ထည့်နိုင်ပါတယ်။ ဆားနယ်ပြီးတစ်ညထားပြီးနောက် ဆားရေစိမ်မယ့်ဘူးထဲ ပြောင်းထည့်ကာ ရေကျက် အေး(ဆူပြီးအအေးခံထားသည့်ရေ)ကို ထည့်ကာ အဖုံးလုံအောင် လေလုံး၀မ၀င်အောင်ပိတ်ထားပေးပါ။ လေမဲ့အချဉ်ဖောက်ခြင်း (Anaerobic fermentation) ဖြစ်လို့ လေမ၀င်ဖို့အရေးကြီးပါတယ်။ ဒါမှသာ အကျိုးပြုဘက်တီးရီးယားတွေထွက်လာပြီး အချဉ်ပေါက်၊ ကျန်းမာရေးအတွက် ကောင်းမွန်သော ဆားရေစိမ်ကိုရမှာဖြစ်ပါတယ်။ တစ်ပတ်‌လောက်ထားပြီးပြီ ဆိုရင်တော့ အဖုံးဖွင့်ကာ ဇွန်းသန့်သန့်နဲ့ခပ်ပြီး ဆားအပေါ့အငန်နဲ့ အသီးကြွပ်မကြွပ်ကိုမြည်းပြီး ဆားပေါ့ရင် ထပ်ထည့်ကာမွှေပေးပြီး အဖုံးပြန်အုပ်ထားပါ။ အချဉ်အရသာတော်သင့်တဲ့ အနေအထား ရပြီဆိုရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုစားနိုင်ပြီ ဖြစ်ပါတယ်။

     မျောက်ငိုသီးဟာဆီးချိုရောဂါကိုသက်သာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ အရိုးပွခြင်း တို့ကိုသက်သာစေခြင်း စတဲ့အကျိုးများကို ရစေပါတယ်။ အမိုင်နိုအက်ဆစ်ပါတာကြောင့် များများစား မယ်ဆို ခံတွင်းနံ့ဆိုးတတ်တာကို သတိပြုဖို့လိုပေမဲ့ တညင်းသီးလိုမျိုး ကျောက်ကပ်ထိခိုက်ခြင်းတော့ မရှိပါဘူး။ ဒါကြောင့် တညင်းသီးကြိုက်သူများအတွက် ကျန်းမာရေးကို များစွာအကျိုးပြုသည့် မျောက်ငိုသီးအား အစား၍ စားသုံးနိုင်ကြစေရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

(DOCA ဧရာဝတီ)