Main menu

အသုံးဝင်သော သက်ရင်းကြီးပင်

Powered by Drupal
Fri, 10/17/2025 - 13:51 -- consumer_admin

   သက်ရင်းကြီးပင်၏မျိုးရင်းသည် ကြက်ဆူမျိုးရင်းဖြစ်သည်။ ပင်စည်သည်ဖြောင့်မတ်ပြီး အပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ(၃၀) အထိရှိပြီး အပွေးအခေါက်များသည် အညိုရောင်ရှိ သည်။ သက်ရင်းကြီးပင်၏အရွက်မှာ တစ်ပေခန့်အထိရှည်တတ်ပြီး အနံမှာ ငါးလက်မ ခန့်အထိ ကျယ်သည်။ ရွက်ပြားပြောင်ချော၍ ရွက်နားပတ်လည်တွင် ခွေးသွားစိတ်ရှိသည်။ အကိုင်း ထိပ်တွင်အပွင့်များ အခိုင်လိုက်ဖူးပွင့်ကြပြီး အစိမ်းဖျော့ရောင်ရှိသည်။ နယုန်၊ ဝါဆို လများတွင် အပွင့်များ ပွင့်တတ်ကြသည်။ အသီးမှာရှည်မျောမျောပုံဖြစ်ပြီး သုံးမြှောင့်ပုံဖြစ်သည်။ သီတင်းကျွတ်လတွင် အသီးသီးသည်။ သက်ရင်းကြီးပင်သည် နေရာဒေသမရွေးသဘာဝ အတိုင်းပေါက်ရောက်တတ်သော အပင်ဖြစ် သည်။ သက်ရင်းကြီးပင်၏  အမြစ်၊ အခေါက်၊ အရွက်အားလုံးသည်ဆေးဖက်ဝင်သည်။ မြန်မာ့ဆေး ကျမ်းတွင် သက်ရင်းကြီးသည် ပူ၍ခါးသော အရသာရှိသည်ဟုဖော်ပြထားသည်။ အနာဆွေး၊ အနာ ဟောင်းများမကျက်နိုင်ပဲ ပြည်တစိုစို ဖြစ်နေလျှင် သက်ရင်းကြီးရွက်ကို ကျေညက်အောင်ကြိတ်ပြီး အုံပေးပါက အသားနုတက်ပြီး အမြန်ကျက်စေပါသည်။ ဝမ်း၊ လေမမှန်လျှင် သက်ရင်းကြီးရွက်နုကို ပြုတ်တို့စားခြင်းဖြင့် ဝမ်းလေမှန်စေပါသည်။ သက်ရင်းကြီးရွက်သည် ဝမ်းကိုက်ခြင်း၊ ဝမ်းသွားခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ အစာကြေ ဝမ်းမှန်ပြီး လေနိုင်စေရန် သက်ရင်းကြီးအမြစ် ကိုထန်းလျက်နှင့်စိမ်ပြီး နေ့စဉ်သောက်ပေးနိုင်ပါသည်။ အဆုတ်၊ အသည်းရောင်ခြင်း၊ ကြီးခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်းရောဂါများကို သက်သာစေရန် သက်ရင်းကြီး အမြစ် အခေါက် ကို အတွင်းဆေး၊ အပြင်ဆေးအဖြစ် စားသုံးခြင်း၊ လိမ်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း ပြုလုပ်ပေး ပါက သက်သာပျောက်ကင်းနိုင်ပါသည်။ ဖောရောင်ပြီးဖျားသောအဖျားရောဂါများအတွက် သက်ရင်း ကြီးအခေါက်ကိုပြုတ်သောက်ခြင်းဖြင့်အရောင်ကျပြီးအဖျားပျောက်စေနိုင်ပါကြောင်း ဆေးပညာ  စာပေများမှလေ့လာသိရှိရပါသည်။

DOCA(မန္တ‌လေး)