
သစ်ကြားသီးကို အလုံးလိုက်လှော်ပြီး အထဲမှ ဦးနှောက်ပုံစံရှိနေသည့် အစေ့အဆန် များကို ထုတ်ယူစားသုံးကြ ခြင်းဖြစ်သည်။ အနောက်နိုင်ငံများ၌ မုန့်ပဲသရေစာ ပြုလုပ်ရာ တွင် ထည့်၍ အသုံးပြုကြသောကြောင့် အဖိုးတန်အစေ့ အဆန်ဖြစ်ပြီး ထိုအစေ့အဆန်မှ ဆီလည်း ထုတ်ယူနိုင်သည်။ မြန်မာနိုင်ငံ၌ အစေ့ အတိုင်းစားကြသည့်အပြင် မြန်မာ့ရိုးရာ အစားအစာ များဖြစ်သည့် မန္တလေး ထိုးမုန့်၊ ရွှေချီ၊ ဆနွင်းမကင်း စသည့်မုန့် များတွင် ထည့်သွင်း အသုံးပြု ကြသည်။ အညိုရောင်အခွံမာအောက်မှ အဆီ ပြည့်ပြီး ခပ်ဆိမ့်ဆိမ့်အရသာနှင့် စား၍ အလွန် ကောင်းသောကြောင့် စားမိလျှင် ဆက်တိုက်စားချင်ကြသော်လည်း စားသုံးသူအရေအတွက်မှာ ပြောပလောက်အောင် မများသေးသည့် သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါသည်။
သွေးတွင်းကိုလက်စထရော ကျဆင်းစေသော သစ်ကြားသီး
သစ်ကြားသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်း (Antioxidant)၊ ပိုလီဖီနောလ် (Polyphenol)၊ ဗီတာမင်- E တို့ပါဝင်သောကြောင့် သွေးတွင်းရှိ အကျိုးမပြုကိုလက် စထရောများကိုကျဆင်းစေ ပြီး အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်သည်။
ကိုယ်အလေးချိန်ကျစေသော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် အမျှင်ဓာတ်များသည် အူတွင်း၌ အကျိုးပြု ဗက်တီးရီးယား များကို ပေါက်ပွားစေသောကြောင့် ဝမ်းမှန်စေပြီး ကိုယ်အလေးချိန်ကိုထိန်းပေးသည်။
အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးပေးသော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် ဗီတာမင်နှင့် အာဟာရဓာတ်များသည် အသားအရေကြည်လင် နုပျိုစေသည့် အစွမ်းသတ္တိရှိသည်။ သစ်ကြားသီးတွင် တခြား အစေ့အဆန်များ ထက် Antioxidant ပါဝင်မှု ပိုများသဖြင့် နေလောင်ဒဏ်နှင့် ပတ်ဝန်းကျင် အညစ်အကြေးများမှတစ်ဆင့် အသားအရေပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်သောကြောင့် အရွယ်တင်နုပျိုစေ သည်။ ထို့အတူ သစ်ကြားသီးတွင် ကြွယ်ဝစွာပါဝင်သည့် ဗီတာမင်- B ဓာတ်မှာ ကျန်း မာသည့် အရေပြားဆဲလ် အသစ်များထုတ်လုပ်နိုင်ရန် အထောက် အပံ့ဖြစ်စေသောကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးပေးသည်။
ဦးရေပြားကိုပိုမိုကျန်းမာစေပြီး ဆံပင်အုံထူလာစေသော သစ်ကြားသီး
သစ်ကြားသီးစားပေးခြင်းဖြင့် ဦးရေပြားအတွင်းပိုင်းနှင့် မွေးညင်းပေါက်များကို အားဖြည့် ပေးနိုင်သည့်အဆီအနှစ်များရရှိစေသောကြောင့် ဗောက်ထပြီး ယားယံခြင်းနှင့် ဆံပင်ကျွတ်ခြင်း စသည့် ပြဿနာများကို ကာကွယ်နိုင်သည်။
ကိုယ်အလေးချိန်ကိုထိန်းပေးသော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သော ကောင်းသည့်အဆီဓာတ်နှင့် အမျှင်ဓာတ်များသည် အစား အများကြီးမစားလိုဘဲအဆာခံစေသည်။ သစ်ကြားသီးသုံးလုံးခန့် စားပြီးသည် နှင့် ထပ်မစား ချင်အောင် ဗိုက်ပြည့်သွားတတ်သည်။ သစ်ကြားသီးတွင်ပါဝင်သည့် ကောင်းသောအဆီ ဓာတ်များ သည် အစာခြေအားကိုကောင်း စေသည့်အပြင် တခြားမကောင်းသော အဆီများ ထပ်မကပ် နိုင်အောင် ကာကွယ် ပေးသောကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးခြင်းဖြစ်သည်။
စိတ်ဖိစီးမှုကိုလျှော့ချပေးသော သစ်ကြားသီး
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးရုံမက သစ်ကြားသီးတွင်ပါဝင်သည့် မဂ္ဂနီဆီယမ် သည် အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့်ဖြစ်သည့် စိတ်ဖိစီးမှုများကို လျှော့ချပေး သည်။ စိတ်ဖိစီး မှုများလေ အစာစားချင်လေဖြစ်တတ်သည့် သဘောဖြစ်သည်။
အစာခြေစနစ်ကို ကျန်းမာစေသော သစ်ကြားသီး
သစ်ကြားသီးတွင် အစာခြေစနစ် တစ်လျှောက်၌ရှိသည့် အကျိုးပြု ဗက်တီးရီးယားများ ကို အာဟာရဖြည့် ပေးနိုင်သည့် အာဟာရများပါဝင်သော ကြောင့် ခန္ဓာကိုယ်နှင့် အစာခြေ စနစ်ရှိ အကျိုးပြုဗက်တီးရီးယားများကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့် ပေးသည်။
သူငယ်ပြန်ရောဂါကို သက်သာစေသော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် Omega- 3 Fatty Acid သည် ဦးနှောက်မှတ်ဉာဏ် ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။ လူ့ဦးနှောက်သည် အဆီဓာတ် ၆၀ ရာခိုင် နှုန်းကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော ကြောင့် Omega- 3 Fatty Acid လိုအပ် သည်။ အဆိုပါဓာတ်နည်းလျှင် ဦးနှောက် စွမ်းဆောင်ရည်ကျဆင်းပြီး အာရုံစူးစိုက် နိုင်စွမ်းအားနည်းလာခြင်း၊ စိတ်ဓာတ် ကျလွယ်ခြင်း၊ အယ်လ်ဇိုင်းမား ခေါ် သူငယ်ပြန်ရောဂါ ဖြစ်ပွားနိုင်ခြေများလာခြင်းတို့ဖြစ်နိုင် သည်။ ထို့အတူ သစ်ကြားသီးတွင်ပါဝင်သည့် Omega - 6 Fatty Acid သည် လည်း ဦး နှောက် ကို တစ်စိတ်တစ်ပိုင်း အကျိုးပြုလျက်ရှိသည်။
အာရုံကြောနှင့်အရိုးအဆစ် ရောင်ရမ်းနာကျင်မှုကို သက်သာစေ သော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် Omega- 6 Fatty Acid သည် အာရုံကြောနာကျင် ကိုက်ခဲမှုနှင့် အရိုးအဆစ်ရောင်ရမ်း နာကျင်မှုများကို လျော့ပါးသက်သာစေ နိုင်သည်။ သွေးဖိအား ကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ကိုလည်း လျော့နည်းစေကာ အရိုးများ ၏ကြံ့ခိုင် မှုကို ပိုကောင်းစေသည်။
ရောင်ရမ်းမှုကိုလျော့ကျစေသော သစ်ကြားသီး
သစ်ကြားသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်တွင် ဓာတ် တိုး ဆန့်ကျင်ပစ္စည်းများကြောင့် ဖြစ်တတ်သည့် ရောင်ရမ်းမှုများ ကိုသက်သာ စေသည်။ ထို့ပြင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကြောင့် အမျိုးအစား (၂)ဆီးချို၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ များမဖြစ်စေရန် ကာကွယ်ပေးသည်။
ဇီဝကမ္မဖြစ်စဉ်များကို မြှင့်တင်ပေးသော သစ်ကြားသီး
သစ်ကြားသီးသည် သွေးတွင်းမှကောင်းသည့် အဆီများဖြစ်သည့် High-Density Lipoprotein (HDL) များကိုတိုး မြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေး သည်။ ဤကဲ့သို့ ဇီဝကမ္မဖြစ်စဉ်မြင့် တက်လာသောကြောင့် ကယ်လိုရီများ ပိုမိုလောင်ကျွမ်းပြီး ခန္ဓာကိုယ်မှ အဆီပိုများ တဖြည်း ဖြည်းလျော့နည်းလာသောကြောင့် သစ်ကြားသီးသည် ကိုယ်လေးချိန်ကို လျော့ကျစေသည့် အစေ့ အဆန်တစ်မျိုးဖြစ်သည်။
ကိုယ်အလေးချိန်နှင့် ဆက်စပ်မှုရှိနေသည့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော သစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် ပရိုတင်း၊ ကျန်းမာသည့်အဆီများနှင့် မဂ္ဂနီဆီယမ် ဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးသည်။ သွေးတွင်း သကြားဓာတ်များခြင်းသည် ကိုယ် အလေးချိန် တက်ခြင်းနှင့် ဆက်စပ်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းလျှင် အဆီများ စုလာခြင်းကို လျှော့ချပေးမည်ဖြစ်သည်။
ဆီးချိုကိုကာကွယ်ပေးသော သစ်ကြားသီး
သစ်ကြားသီးသည် အမျိုးအစား(၂)ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သည်။ သစ်ကြားသီး ကို နေ့စဉ် စားပေးခြင်းဖြင့် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်သည်။ ဆီးချိုရောဂါခံစားနေရသူများ အနေဖြင့်လည်း သစ်ကြားသီးစားသုံး ပေးမည်ဆိုပါက ဆီးချိုကြောင့်ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသောသစ်ကြားသီး
သစ်ကြားသီးတွင် Polyphenol Ella-gitannins ကြွယ်ဝစွာပါဝင်မှုကြောင့် ရင်သားကင် ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်သည်။ သစ်ကြားသီး စားသုံးပေးခြင်းဖြင့် ဟော်မုန်းကြောင့်ဖြစ်တတ် သည့်ကင်ဆာများကို ကာကွယ်ရာရောက်သည်။
အဆီများလောင်ကျွမ်းရန် အားပေးသောသစ်ကြားသီး
သစ်ကြားသီးတွင်ပါဝင်သည့် Omega- 3 Fatty Acid က အဆီလောင်ကျွမ်းခြင်း ကိုအားပေးသည့်အတွက် ကိုယ်တွင်း၌ စုနေသည့် အဆီများကို ချေဖျက်ပေးနိုင် သည်။
နှလုံးကျန်းမာစေသော သစ်ကြားသီး
သစ်ကြားသီးတွင် Alpha-Linolenic Acid (ALA) ဟုခေါ်သော အပင်မှရသည့် Omega-6 Fatty Acid တစ်မျိုးပါဝင်သောကြောင့် သွေးကြောများကိုကျန်းမာစေပြီး နှလုံးသို့သွေးစီးဆင်းရောက်ရှိမှု ကောင်း စေသောကြောင့် နှလုံးကျန်းမာစေသည်။ သစ်ကြားသီး စားသုံးပေး ခြင်းဖြင့် နှလုံးရောဂါ ကြောင့်သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများအရ သိရသည်။
သွေးတိုးကျစေသောသစ်ကြားသီး
သစ်ကြားသီးတွင် အကျိုးပြုအဆီများ ပါဝင်သည့်အတွက် နှလုံးကျန်းမာရေးကို အကျိုးပြု ကြောင်း သိထားပြီးဖြစ်သည်။ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေရှိ သူများသည် အဆီနည်းသည့် စားသောက် မှုပုံစံနှင့်စားသောက်ပြီး သစ်ကြားသီးကို တွဲဖက်စားသုံး မည်ဆိုပါက သွေးတိုး ကျစေ နိုင်သည်ဟုဆိုကြသည်။ ပြည့်ဝ ဆီကိုရှောင်ပြီး သစ်ကြားသီးမှဖြစ်စေ၊ ဟင်းသီးဟင်းရွက် များမှဖြစ်စေ ရရှိသည့် မပြည့်ဝဆီနှင့် အစားထိုးခြင်းဖြင့် နှလုံးသွေးကြောနှင့် ပတ်သက် သည့် အကျိုးကျေးဇူးများရရှိစေနိုင်သည်ဟု သုတေသီများ ကဆိုကြသည်။ သစ်ကြားသီးတွင်ပါဝင် သော အကျိုးပြုအဆီဓာတ် ထက်ပိုသည့် အမျှင်ဓာတ်ကဲ့သို့ ဇီဝဒြပ် ပေါင်းများကြောင့် သစ်ကြားသီး စားခြင်း ဖြင့် အကျိုးပိုများခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ သစ် ကြားသီးတွင် Alpha-Linolenic Acid (ALA) ဟုခေါ်သည့် အပင်ထွက် Omega- 3 Fatty Acid ပါဝင်သည့့်အတွက် သွေးဖိအား အပေါ် အကျိုးသက်ရောက်မှု ရှိစေသည်ဟု သုတေသီများက ယုံကြည်ထားသည်။
သစ်ကြားသီးအနှစ်ချုပ်
သစ်ကြားသီးကို ယခုနောက်ပိုင်းတွင် စားသုံးမှုများလာကြပြီး ဈေးများ၌ ဝယ်ယူရရှိနိုင်သကဲ့ သို့ အွန်လိုင်းမှလည်း မှာယူစားသုံးနိုင်သည်။ သစ်ကြားသီး ၏ ကျန်းမာရေးအာနိသင်များကိုသိ၍ မဟုတ်ဘဲ လူကြီးများနှင့်ကလေးများ အတွက် သရေစာအဖြစ် စားကြခြင်း ဖြစ်သည်။ သစ်ကြား သီးတွင် သတ္တုဓာတ်များလည်းပါဝင်သောကြောင့် ကိုယ်အလေးချိန်ကျလိုသူများအတွက် အမှန်တကယ်အားထားရသည့် အစေ့အဆန် တစ်မျိုးဖြစ်သည်။ ထို့ပြင် ကိုယ်တွင်းရောင်ရမ်း ခြင်းများကိုလည်း လျှော့ချပေးပြီး ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာ ကဲ့သို့ ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးသည့်အပြင် နှလုံး၊ သွေးတိုးနှင့်ဆီးချို ရောဂါ မဖြစ် အောင်လည်း ထိန်းညှိပေးနိုင်သည်။ သစ်ကြားသီး ၁၂ လုံးမှ ၁၄ လုံးခန့်တွင် ကယ်လိုရီ ၁၉၀ ခန့်ပါဝင်သော်လည်း သစ်ကြားသီးထဲတွင်ပါဝင်သည့် အဆီဓာတ်များသည် ကိုယ်အလေးချိန်တက်စေခြင်း၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေခြင်း မရှိကြောင်း သိရ သည်။ ဤကဲ့သို့ အကျိုးပြုဓာတ်များ စုံလင်စွာပါဝင်သည့် သစ်ကြားသီးကို နေ့စဉ်စားသုံးပေး ခြင်းဖြင့် အသားအရေလှပစိုပြည်စေခြင်း၊ ကိုယ် အလေးချိန်ကျခြင်း၊ သွေးတွင်းအဆ ဓာတ် ကျခြင်းနှင့် နှလုံးကိုကျန်းမာစေသည့်အပြင် ကင်ဆာရောဂါတချို့ကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: ဒေါက်တာလပြည့်ခင်
DOCA(ပြည်ထောင်စုနယ်မြေ)