Main menu

ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ

Powered by Drupal
Mon, 10/13/2025 - 12:58 -- consumer_admin

    မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိကြသော လူသားအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သော ဂေဟစနစ်တို့ကို ထိန်းသိမ်းကြရန် လွန်စွာအရေးကြီးလှသည်။ ပတ်ဝန်းကျင်ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊  တိရစ္ဆာန်နှင့်အပင် အမျိုးမျိုးတို့၏ သက်ရှ ိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်းဆိုလိုသည်။

လူသားတို့တည်မှီရာ ဂေဟစနစ်ဆိုသည်မှာ ဇီဝမျိုးကွဲတို့သည် ၎င်းတို့တည်မှီရာ ပတ်ဝန်းကျင် နှင့်အပြန်အလှန် ဆက်နွှယ်မှုရှိကြပြီး သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့်   အပင်များ သဟ ဇာတဖြစ်လျက် အပြန်အလှန်တည်မှီ၍ ဖြစ်ပေါ်ပြောင်းလဲနေခြင်းကိုဆိုလိုသည်။ ထို့ကြောင့် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် လူသား တိုင်းပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများကို သေချာစွာနားလည် သဘောပေါက်တတ်ကျွမ်းနေဖို့ လိုအပ်သည်။ ဂေဟစနစ်များကို သစ်တောဂေဟစနစ်၊  ရေချိုဂေဟစနစ်၊ အဏ္ဏဝါနှင့်ကမ်းရိုးတန်း ဂေဟစနစ်စိုက်ပျိုးမြေနှင့် မြက်ခင်းပြင်ဂေဟစနစ်၊ တောင်တန်းဂေဟစနစ်၊ သစ်ဆွေးမြေ ဂေဟ စနစ်နှင့် မြို့ပြဂေဟစနစ်ဟူ၍ ခွဲခြားထားသည်။ ဂေဟစနစ်များသည် အပင်များနှင့်သတ္တဝါများ အတွက် ရှင်သန်ပေါက်ပွားရန်၊ ကြီးထွားရန်၊ ရွေ့လျားရန်နှင့် မျိုးပွားရန်အတွက် အမယ်မျိုးစုံကို ထောက်ပံ့ပေးသည်။

     ယခုအခါ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် သန့်ရှင်းသော သောက်သုံးရေနှင့် ကောင်းမွန်သော မြေဆီလွှာတို့ကို ရရှိအသုံးပြုနိုင်သော အခွင့်အလမ်းများ ဆုံးရှုံးနေရခြင်းမှာ ဂေဟစနစ်ယိုယွင်း ပျက်စီးမှုများကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ တင်ပြ ချက်များအရ သိရှိရသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသားများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ်လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ  ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်မှုများ တိုးပွားဖြစ်ပေါ်လျက်ရှိခြင်းနှင့် ဂေဟစနစ်ယိုယွင်း ပျက်စီးလာခြင်း စသည့်အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။

    ထို့ပြင် စားရေရိက္ခာမလုံလောက်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊  သဘာဝဘေးအန္တရာယ် ကျရောက် ခြင်းစသော   လူမှုစီးပွားရေး ပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။ သို့သော် ကမ္ဘာ့မြေ၏ ၉၀ ရာခိုင်နှုန်းသည် သီးနှံတစ်မျိုးတည်း စိုက်ပျိုးသောစနစ်ဖြင့် တစ်ကွင်းတစ်ဆက် တည်း စိုက်ပျိုးပြီး အထွက်နှုန်းကောင်းစေရန် ပြင်ပသွင်းအားစုများဖြစ်သည့်  မြေဩဇာနှင့်  ပေါင်း သတ်ဆေးတို့ကို အမြောက်အမြားထည့်သွင်း၍ စိုက်ပျိုးလာကြသည်။

ဤစနစ်ကိုကျင့်သုံးရာ၌ ဖျက်ပိုးနှင့်ရောဂါများ ကျရောက်ပါက  သွင်းအားစု ကုန်ကျစရိတ် များကို အဆုံးရှုံးမခံနိုင်သောကြောင့် ဓာတုပိုးသတ်ဆေးများကို မဖြစ်မနေအလွန်အကျွံ အသုံးပြု လာကြသည်။ ထိုကဲ့သို့ ဓာတုဆေးများကို အတိုင်းအဆမရှိ အသုံးပြုလာကြသောကြောင့် စိုက်ခင်း အတွင်း ကြွင်းကျန်ခဲ့သော ဓာတုဆေးများကြောင့် မြေကြီးနှင့် အပင်ဂေဟစနစ်များ ပျက်စီးရုံ သာမက မြေကြီးအတွင်း မှီတင်းနေထိုင်သော ဇီဝမျိုးစုံမျိုးကွဲလျော့နည်းလာမှုနှင့် မျိုးသုဉ်းပျောက် ကွယ်မှု၊ ရှင်သန်ပေါက်ပွားနေထိုင်ရာ မူရင်းဒေသများ ဆုံးရှုံးပျောက်ကွယ်မှုများ ဖြစ်ပေါ်လာရပေ သည်။

     အဆိုပါဖြစ်ရပ်များသည် စိုက်ပျိုးရေးအခြေခံသော စက်မှုလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်လာ ခြင်း နှင့် ချိတ်ဆက်၍ သီးနှံတစ်မျိုးတည်းကိုသာ စက်စွမ်းအားအသုံးပြု၍ ဆက်တိုက်စိုက်ပျိုး လာကြခြင်းကြောင့် ပေါ်ပေါက်လာသော နောက်ဆက်တွဲပြဿနာများ ဖြစ်သည်။ ဂေဟစနစ် ယိုယွင်း ပျက်စီးမှုများ မဖြစ်ပေါ်စေရန်  သဘာဝပုံစံအတိုင်း ညီညွတ်မျှတစွာ လည်ပတ်ဆောင် ရွက်မှုရှိသော သဘာဝဂေဟစနစ်ကို စံနမူနာပြု၍   ဂေဟအကျိုးပြုစိုက်ပျိုးနည်းစနစ်များကို ဖော်ဆောင်ရန် လိုအပ်လာသည်။

     စိုက်ပျိုးရေးသည် နိုင်ငံတော်အတွက် အခြေခံကျသော အရေးကြီးသည့် အသက်သွေး ကြောဖြစ်သောကြောင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုကိုပေးနိုင်မည့် သဘာဝဂေဟစနစ်ကို စံပြုထားသော စိုက်ပျိုးနည်းစနစ်ကောင်းများ တစ်နည်းဆိုရသော် ဂေဟအကျိုးပြုစိုက်ပျိုး နည်းစနစ်များကို နိုင်ငံတစ်ဝန်း လိုက်နာကျင့်သုံးလာကြရန်  လွန်စွာအရေးကြီးလှသည်။

    ထို့ကြောင့် ဂေဟအကျိုးပြုစိုက်ပျိုးနည်း စနစ်များနှင့် ယင်းနည်းစနစ်များကိုကျင့်သုံးပါက ရရှိစေနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြအပ်ပါသည်။

သီးလှည့်စိုက်ပျိုးခြင်း

     သီးလှည့်စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ စိုက်ပျိုးသော သီးနှံပုံစံတစ်ခုဖြစ်သည်။ မြေတစ်နေရာတည်း၌ နှစ်စဉ်စပါးသီးနှံကို ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိအာဟာရဓာတ်များ   လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် မိုးစပါးအပြီး မိုးနှောင်းတွင် ပဲသီးနှံကိုသီးလှည့်အနေဖြင့် စိုက်ပျိုးပေးသင့်သည်။ ထိုကဲ့သို့ စိုက်ပျိုး ခြင်းအားဖြင့် ပဲသီးနှံရိတ်သိမ်းချိန်တွင် သီးနှံ၏အရိုးအမှော်များကို မြေတွင်းသို့ ပြန်လည် ထယ်ထိုး မြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ အာဟာရဓာတ်နှင့် နွေစပါး၏အထွက်နှုန်းတို့ကို တိုးစေနိုင် သည်။  ထို့ပြင်  ဖျက်ပိုးနှင့်ရောဂါကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့ နည်းသက်သာစေသည်။

 သီးနှံစုံရောနှောစိုက်ပျိုးခြင်း

     သီးနှံစုံရောနှော စိုက်ပျိုးခြင်းသည် တူညီသော စိုက်ပျိုးမြေကွက်တွင် တိကျသော အတန်းလိုက် အစီအစဉ်မရှိဘဲ နှစ်မျိုး  သို့မဟုတ် နှစ်မျိုးထက်ပိုသောသီးနှံများကို ရောနှော ၍  စိုက်ပျိုးခြင်းဖြစ်သည်။ ယင်းနည်းစနစ်ကိုကျင့်သုံးပါက မြေဆီလွှာအာဟာရ ဓာတ်ထိန်းသိမ်း ပေးခြင်း၊ ဖျက်ပိုးနှင့်ရောဂါကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်း သက်သာစေသောကြောင့် သီးနှံအထွက်ကို ရေရှည်ထိန်းထားနိုင်စေသည်။

 

သီးနှံသစ်တောရောနှောစိုက်ခင်းများ

       သီးနှံသစ်တောရောနှော စိုက်ခင်းဆိုသည်မှာ မြေဧရိယာတစ်ခုတည်းပေါ်တွင် နှစ်ရှည်သစ်ပင ်များကို ရာသီသီးနှံများနှင့် ရောနှော၍ ရံဖန်ရံခါတိရစ္ဆာန်များကိုပါ တစ်ချိန်တည်း သော်လည်း ကောင်း၊ အချိန်မျှ၍သော်လည်းကောင်း စိုက်ပျိုးမွေးမြူ၍ မြေဧရိယာပေါ်တွင် အကျိုးအမြတ်အများ ဆုံးရရှိရန် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်သော မြေယာအသုံးချမှုစနစ် တစ်ခုဖြစ်သည်။ တိရစ္ဆာန်များမှရရှိသော အော်ဂဲနစ်မြေဩဇာသည် သီးနှံပင်အတွက် အကျိုးရှ ိစေခြင်း၊ နှစ်ရှည်ပင်မှသစ်ရွက်ဆွေးများသည် မြေကြီးအတွင်းအာဟာရ ဓာတ်ဖြည့်တင်းပေး ခြင်းနှင့်  လွှတ်ကျောင်းတိရစ္ဆာန်များအတွက် အရိပ်ရစေခြင်းအစရှိသော အပြန်အလှန်မှီခို အကျိုးပြု ခြင်း တို့ကိုရရှိစေသည်။

အကန့်လိုက်စိုက်ပျိုးခြင်း

          အကန့်လိုက်စိုက်ပျိုးခြင်းသည် အကွက်ကျယ်အတွင်း အလျားရှည်၍ အနံတိုသော အကန့် များကို ပြုလုပ်ပြီးအကန့်တစ်ခုစီတွင် သီးနှံတစ်မျိုးကို အတန်းလိုက်စိုက်ပျိုးခြင်းဖြစ်သည်။ တစ် လှည့်စီထားသောအကန့်များ၌  နှစ်မျိုး သို့မဟုတ် ထိုထက်ပိုသောသီးနှံမျိုးများကို တစ်ပြိုင်နက် စိုက်ပျိုးခြင်းဖြင့် ဖျက်ပိုးနှင့်   ရောဂါများကျရောက်မှုကို   လျော့ကျစေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်းသက်သာစေသောကြောင့် သီးနှံများ၏အထွက်နှုန်းကို  ရေရှည်ထိန်းထားနိုင်စေသည်။

ဘက်စုံစိုက်ပျိုးမွေးမြူရေး

    ဘက်စုံစိုက်ပျိုးမွေးမြူရေးဆိုသည်မှာ  ရရှိနိုင်သော အရင်းအမြစ်များကို  အလေအလွင့် မရှိစေဘဲ ပြန်လည်အသုံးပြုကာ   သီးနှံများစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်များမွေးမြူခြင်း စနစ်တစ်ခုဖြစ် သည်။ ဤစနစ်တွင် စိုက်ပျိုးရေးမှထွက်ရှိသော ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်မွေးမြူရေး အတွက် အသုံးပြုပြီး မွေးမြူရေးမှရရှိသော ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးတွင် ပြန်လည် အသုံးပြုသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် စိုက်ပျိုးသဘာဝ ပတ်ဝန်းကျင်ကို သဘာဝပုံစံ အတိုင်း ညီညွတ်မျှတစွာလည်ပတ်စေပြီး ဂေဟစနစ်ယိုယွင်း ပျက်စီးမှုများလျော့နည်းစေသည်။

သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးခြင်း

     ယခုအခါဓာတ်မြေဩဇာ ရှားပါးပြီး အဆမတန် ဈေးကြီးလာသော အခြေအနေ တွင်    စိုက်ပျိုးသူ တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုး  ထုတ်လုပ်မှုကို ထိန်းသိမ်း နိုင်ရန်နှင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိစေရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှု ကို   ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကို  တောင်သူများလက်တွေ့ အသုံးချ စိုက်ပျိုးသင့်သည်။ သစ်စိမ်းမြေဩဇာတွင် ပဲမျိုးရင်းဝင်အပင်နှင့် ပဲမျိုးရင်းဝင်မဟုတ်သောသီးနှံဟူ၍ သစ်စိမ်းမြေဩဇာသီးနှံနှစ်မျိုးရှိသည်။ ပဲမျိုးရင်းဝင်အပင်များသည် မြေဆီလွှာရှိ ဗက်တီးရီးယားများ နှင့် ပူးပေါင်းပြီး နိုက်ထရိုဂျင်ကိုထိန်းညှိပေးသည့်  လုပ်ငန်းစဉ်တွင် နိုက်ထရိုဂျင်စုဆောင်းခြင်း လုပ်ငန်းစဉ်ဖြင့် မြေဆီလွှာရှိ ဗက်တီးရီးယားများနှင့် ပူးပေါင်းလုပ်ဆောင်သည့် အမြစ်ဖုများ ပါသည့်အပင်များဖြစ်သည်။ အချို့သော ပဲမျိုးရင်းဝင် သစ်စိမ်းမြေဩဇာသီးနှံများမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပိုက်ဆန်လျှော်၊ ဉာဏ်ပင် စသည်တို့ပါဝင်သည်။ သီးနှံပင်များရိတ်သိမ်းပြီးနောက် သစ်စိမ်းမြေဩဇာ စိုက်ပျိုး၍ မြေတွင်းသို့ထယ်မှောက်ကာ ပြန်လည်ထည့်သွင်း ပေးခြင်း ဖြင့်  သစ်ဆွေး ဓာတ်ပါဝင်မှုတိုးလာကာ  မြေဆီလွှာအာဟာရဓာတ်နှင့်  သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့်ရေတိုက်စားမှု အားလျော့ကျစေ ခြင်း၊  အာဟာရဓာတ်များ ရေစီး ကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့ကို လျော့ကျသွားစေ သည့်အပြင် ပေါင်းမြက်ပင်များ ပေါက်ရောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။

 သီးနှံစိုက်တန်းကြားဖုံးအုပ်ခြင်း

     သီးနှံပင်များစိုက်ပျိုးရာတွင် ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရိုးအစရှိသော သီးနှံအကြွင်းအကျန် များကို သီးနှံစိုက်တန်းများကြားတွင်ဖုံးအုပ်၍ စိုက်ပျိုးခြင်းအားဖြင့် ပေါင်းပေါက်ရောက်မှု လျော့နည်းစေသည်။ ထို့ပြင် လေဒဏ်၊ မိုးဒဏ်ကြောင့် မြေကြီးအပေါ်ယံလွှာ တိုက်စားခ ံရမှုများ  လျော့နည်းသက်သာစေခြင်းနှင့် အစိုဓာတ်ထိန်းထားနိုင်မှု များခြင်းတို့ကြောင့် သီးနှံ၏ အထွက်နှုန်းကို တိုးတက်စေနိုင်သည်။ မြေဖုံးခြင်းနည်းစနစ်များ အသုံးပြုစိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရသည်။

    နိဂုံးချုပ်အနေဖြင့်    အထက်ဖော်ပြပါနည်းလမ်းကောင်းများကို ကျင့်သုံးခြင်းဖြင့် ဆုတ်ယုတ် ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များပြန်လည် ဖော်ထုတ်ရန်အတွက်  တိုက်ရိုက် အကျိုးပြု စေပြီးပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက်ကောင်းမွန်ပြီး သန့်ရှင်းသည့်ပတ်ဝန်း ကျင်ဖြစ်ပေါ်လာစေရန် ၊ ကျေးလက်နှင့် မြို့ပြပတ်ဝန်းကျင်နေပြည်သူများ၏  ကျန်းမာရေး ပိုမို ကောင်းမွန်ကာ သန့်ရှင်းသောရေရရှိနိုင်မှု၊ ရေရှည်တည်တံ့သော အစားအစာစားသုံးမှုနှင့် ထုတ်လုပ် မှုပုံစံတို့ကိုလည်း ထောက်ပံ့ပေးနိုင်ပေမည်။ ရာသီဥတုပြောင်းလဲမှုကို သွယ်ဝိုက်သောနည်းအားဖြင့် လျှော့ချပေးပြီး လိုက်လျောညီထွ ေနေထိုင်နိုင်ရေးတို့ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ ဂေဟ အကျိုးပြု စိုက်ပျိုးနည်းစနစ်များဆိုင်ရာ အသိအမြင်များပြန့်ပွားရေးအတွက် ပညာသင်ကြား ရေး အစီအစဉ်များကို စိုက်ပျိုးသူတောင်သူများသိရှိပြီး ပူးပေါင်းပါဝင်မှုပိုမို တိုးတက်လာစေရေး အတွက် မြန်မာနိုင်ငံရှိသုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ကာ အဆိုပါနည်းစနစ်ကောင်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။  

Source:ဌေးဌေးဦး                                           

DOCA(ပြည်ထောင်စုနယ်မြေ)