Main menu

ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့

Powered by Drupal
Thu, 10/09/2025 - 16:18 -- consumer_admin

     MSMEs ဆိုသည်မှာ  ‘Micro,Small and Medium Enterprises’ ‘အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ’ ဟု  ဆိုလိုပါသည်။ကုန်ထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ကုန်ပစ္စည်းရောင်းချ ခြင်း လုပ်ကိုင်နေကြသော အသေးစားလုပ်ငန်းများနှင့် လက်လီဆိုင်များမှအစ အသေးစားထုတ်လုပ်သည့်စက်ရုံအဆုံး အားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။ယနေ့ခေတ်တွင် MSMEs လုပ်ငန်းများသည် စီးပွားရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများ  အတွက် လွန်စွာ အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်မှပါဝင်လာသည်။MSMEs လုပ်ငန်းများသည် လူနေမှုဘဝ၏ အခြေခံအုတ်မြစ်များဖြစ်သည်။ MSMEs လုပ်ငန်းများမှသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးခြင်း၊ စီးပွားရေးတည်ငြိမ်မှုရှိခြင်း၊ ဆန်းသစ်တီထွင်မှုများပေါ်ထွက်လာနို်ငခြင်း၊ ဝင်ငွေညီမျှမှုကို မြှင့်တင်ပေးခြင်း စသည့် နိုင်ငံခြားဝင်ငွေများ ရရှိစေနိုင်ပါသည်။နိုင်ငံတကာစာရင်းများအရ MSMEs လုပ်ငန်းများသည် အလုပ်အကိုင် ၇၀-၉၀ ရာခိုင်နှုန်းကို ဖန်တီးပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။ လူငယ်များ၊ ကျေးလက်နေလူတန်းစားများအတွက် အလုပ်အကိုင်ရရှိရန် အဓိကလမ်းကြောင်း ဖြစ်သည်။ နိုင်ငံခြားကုမ္မဏီများက စီးပွားရေးမကောင်းလျှင် ထွက်သွားနိုင်သော်လည်း ဒေသခံ MSMEs လုပ်ငန်းများမှာမူ မည်သည့်အခြေအနေမျိုးမှာဖြစ်စေ၊ ဒေသတွင်းမှာပင် နေထိုင်လုပ်ကိုင်ကြမည်ဖြစ်သည်။

    လုပ်ငန်းကြီး ၊ ကုမ္မဏီကြီးများတွင် စည်းကမ်းများပြီး ဆန်းသစ်မှုများ နှေးကွေးနေတတ်သော်လည်း MSMEs လုပ်ငန်းများမှာ ဈေးကွက်လိုအပ်ချက်ကို မြန်ဆန်စွာသိရှိနိုင်ပြီး ပြောင်းလဲ နိုင်စွမ်းမြင့်မားခြင်း၊ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ်၊ ထုတ်ကုန်အသစ်များ လုပ်ကိုင်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သဖြင့် ငွေကြေးအင်အားနည်းသူများပင်  တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ခြင်းသည် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချနိုင်သည့် နောက်ဆုံးနည်းလမ်းဖြစ်သည်။

   MSMEs လုပ်ငန်းများသည် ပြည်တွင်းထုတ်လုပ်သည့် လက်မှုပစ္စည်းလုပ်ငန်း၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း၊ ရေခဲမုန့်လုပ်ငန်းစသည့် အသေးစားလုပ်ငန်းများ တင်ပို့ရောင်းချမှုမှတစ်ဆင့် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည်။

    မြန်မာနိုင်ငံ၏ ရေမြေတောတောင်သဘာဝနှင့် ရာသီဥတုအခြေအနေအရ ဒေသတစ်ခုနှင့် တစ်ခု စိုက်ပျိုးသီးနှံနှင့် ထုတ်ကုန်များထွက်ရှိရာဒေသ မတူညီကြပေ။ရာသီဥတုမိုးများသောဒေသ၊ အေးလွန်းသောဒေသ၊ ပူပြင်းခြောက်သွေ့သောဒေသ၊ သမပိုင်းဒေသဟူ၍ ရှိသလို တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသဟူ၍လည်း ရှိပါသည်။ဥပမာအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသသည် ရာသီဥတုအေး၍ မိုးများသောဒေသဖြစ်ပြီး တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ မက်မန်းသီး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး အများဆုံးထွက်ရှိရာဒေသ ဖြစ်သည်။မက်မန်းသီးကို အသီးအတိုင်း မရောင်းဘဲ တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချကြသည်။ ထောပတ်သီးကိုလည်း မူလမိရိုးဖလာမျိုးများ အစား ပြည်ပသို့တင်ပို့ရောင်းချနို်ငသည့် အရည်အသွေးကောင်းမွန်သော မျိုးကောင်း၊မျိုးသန့် များ ရွေးချယ်၍ ပြောင်းလဲစိုက်ပျိုးလာကြသည်။ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ်(Good Agricultural Practices-GAP) စနစ်ကို အခြေခံ၍  စိုက်ပျိုးလာကြပြီး ထောပတ်သီးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်း၍ နည်းပညာများဖလှယ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ရှာဖွေချိတ်ဆက်ဆောင်ရွက်သွားနို်ငမည်  ဆိုပါက စီးပွားရေးတွက်ချေကိုက် ဒေသ ထွက်ကုန်တစ်မျိုး ဖြစ်လာမည်ဖြစ်ပါသည်။စတော်ဘယ်ရီသီးကိုလည်း ပြင်ဦးလွင်ဒေသတွင် အများ ဆုံးစိုက်ပျိုးကြပါသည်။ကုန်စိမ်းသီးနှံဖြစ်ပြီး ကြာရှည်ခံသီးနှံ မဟုတ်သည့်အတွက်ကြောင့်  ဒေသ တွင်းရောင်းချ၍ မကုန်ုနိုင်ပေ။ သို့ဖြစ်ရာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် စတော်ဘယ်ရီယို၊ စတော်ဘယ်ရီဝိုင်များ ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ယင်းတန်ဖိုးမြှင့်ထုတ်ကုန်များသည် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဆွဲဆောင်မှုအား ကောင်းလျက်ရှိပြီး ရောင်းပန်း၊ ဝယ်ပန်းသာ လျက်ရှိပါသည်။

     ပြင်ဦးလွင်ဒေသတွင် အခြားသော ထွက်ကုန်များလည်း များစွာရှိရာ ဆိုလိုချင်သည်မှာ မိမိတို့ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အခြေပြု၍ ထုတ်လုပ်ရောင်းချကြသော MSMEs လုပ်ငန်းများဖြစ်၍ ဘယ်သောအခါမှ ပျောက်ပျက်သွားမည်မဟုတ်ပေ။ ခရီးသွားမြို့တော်ဖြစ် သည့်အတွက်ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

     မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်သည်လည်း အေး၍ မိုးများသော တောင်ပေါ်ဒေသဖြစ်သည်။ မိုးကုတ်မြို့၏ အဓိကစီးပွားရေးမှာ ပတ္တမြား၊ နီလာစသည့် ကျောက်မြတ်ရတနာ တူးဖော်ရောင်းဝယ်ရေး လုပ်ငန်းများဖြစ်သည်။ လက်ဖက်၊ ကော်ဖီ၊ မက္ကဒေးမီးယားနှင့် အခြားသော သီးနှံများကို စိုက်ပျိုးကြသည်။နှစ်ရှည်သီးနှံပင်များဖြစ်သည့် ချဉ်စော်ကားသီး၊ သစ်အယ်သီး၊ တည်သီးနှင့် ဝါးမျှစ်များလည်း များစွာထွက်ရှိသည့်အပြင် ဆေးဖက်ဝင်အပင်များဖြစ် သော တပင်တိုင်မြနန်း၊ နနွင်းနက်နှင့် ယာကွန်ဥများလည်း ထွက်ရှိရာဒေသဖြစ်သည်။ မိုးကုတ်မြို့ သည်လည်း ရတနာထွက်ရှိရာ ရတနာမြေဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားရောက်လည်ပတ်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။ ခရီးသွားများ၏ အိမ်အပြန်လက်ဆောင်များ ထဲမှ အဓိက လက်ဆောင်မှာ ချဉ်စော်ကားသီးယို၊ ချဉ်စော်ကားသီးချဉ်ပေါင်း၊ ချဉ်စော်ကားသီးဝိုင်နင့် မိုးကုတ်လက်ဖက်တို့ဖြစ်သည်။ ချဉ်စော်ကားသီးကို အစိမ်းတိုင်း ရောင်းချခြင်း ပြုကြသလို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ချဉ်စော်ကားသီးခြောက်၊ ချဉ်စော်ကားသီးဝိုင်ပြုလုပ်၍ ရောင်းချ ကြသည်။

     ဤ MSMEs လုပ်ငန်းသည်လည်း မိမိတို့ဒေသထွက် သီးနှံများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ် ရောင်းချကြသောကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကိုများစွာ အထောက်အကူပေးလျက်ရှိပြီး မည်သည့်အခါမျှ ပျောက်ပျက်သွားနိုင်မည်မဟုတ်သော MSMEs လုပ်ငန်းတစ်ခုဖြစ်သည်။

    ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာဒေသသည် သမပိုင်းဒေသတွင်တည်ရှိပြီး မြေပြန့်ဒေသဖြစ်၍ စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ကြသည်။ဆန်စပါးကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ပဲမျိုးစုံနှင့် ကွမ်းရွက်၊ ကွမ်းသီးများကိုလည်း စိုက်ပျိုးထွက်ရှိရာ ဒေသဖြစ်သည်။(One Region One Product-OROP)ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုးအနေဖြင့် အုန်းတံမြက်စည်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လျက်ရှိပြီး မိသားစု ဒုတိယ ဝင်ငွေအဖြစ်အများဆုံး လုပ်ကိုင်စားသောက်ကြသည်။ အုန်းတံမြက်စည်းကုန်ကြမ်းသည် အနည်း ငယ်သာထွက်ရှိပြီး အခြားဒေသမှ အများဆုံးဝယ်ယူလုပ်ကိုင်ကြသည်။ဒေသထွက်ကုန်ကို အခြေခံ၍ လုပ်ကိုင် ကြခြင်းမဟုတ်သော်လည်း တံမြက်စည်းထိုးခြင်း လက်မှုပညာကို တတ်ကျွမ်းသူများဖြစ်၍ မတ္တရာအုန်းတံမြက်စည်း ကလည်း ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သော MSMEs လုပ်ငန်းတစ်ခုဖြစ်သည်။ မတ္တရာဒေသထွက် အုန်းတံမြက်စည်းများကို မန္တလေးဈေးကွက်မှ တဆင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရှိရသည်။

    မန္တလေးတိုင်းကျောက်ဆည်ခရိုင်သည်လည်း သမပိုင်းရာသီဥတု ပိုင်ဆိုင်ထားပြီး မြေပြန့် ဒေသဖြစ်၍ လယ်ယာလုပ်ငန်းကို အဓိကလုပ်ဆောင်၍ အသက်မွေးဝမ်းကြောင်းပြုကြသည်။ ဆန်စပါး၊ ပဲမျိုးစုံနှင့် အခြားသောသီး နှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းရာ လယ်ယာမြေများ ဖြစ်သည်။ကျောက်ဆည်မြို့သီတင်းကျွတ်ဆင်ပွဲတော်သည် တိုင်းသိ ပြည်သိ ကျော်ကြားသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ပွဲတော်ကာလတွင် ပြည်တွင်းပြည်ပခရီးသွားများ များစွာ လာရောက်ပျော်ပါးကြသည်။ပွဲတော်ပြန်လက်ဆောင်အဖြစ် ဆင်ရုပ်များပြုလုပ်၍ ရောင်ချကြသည်။ ဆင်ရုပ်ချိုးခြင်း အနုပညာကို တတ်မြောက်ကျွမ်းကျင်သူများဖြစ်၍ လေးစားဂုဏ်ယူဖွယ်ရာ အတတ်ပညာဖြင့် ထုတ်လုပ်ရောင်းချသော MSMEs လုပ်ငန်းတစ်ခုဖြစ်ပါသည်။ဆင်ရုပ်များကို အကြီး၊အသေး၊အလတ်နှင့် ဆင်ဂေါင်းပုံများကိုလည်း အကြီး၊ အသေး၊ အလတ်မျိုးစုံပြုလုပ်၍ ရောင်းချကြသည်။ ဤလုပ်ငန်းများမှာလည်း မိမိတို့ကျွမ်းကျင်ရာ၊ လိမ္မာရာ အတတ်ပညာတစ်ခုကို အခြေခံ၍ ပြုလုပ်ရောင်းချသော ဒေသတစ်ခုထုတ်ကုန်တစ်မျိုးဖြစ်ပါသည်။ထို့ပြင် ကျောက်ဆည် ဒေသထွက်ကုန်ကို အခြေပြု၍ ထုတ်လုပ်ရောင်းချသော လုပ်ငန်းများစွာလည်းရှိပါသည်။ မြောင်းဘေး၊ ချောင်းဘေးများတွင် အလေ့ကျပေါက်ရောက်ရှင်သန်ဖြစ်ထွန်းသော ဆပ်ပွားပင်မျှ ဆပ်ပွားရွက်များကို အခြေပြု၍ ဆပ်သွားဖျာ(သို့မဟုတ်) ဆပ်တဖျာသည် နွေမှာအေး၍  ဆောင်းမှာ နွေးသော မွှေးသော ကျန်းမာရေးနှင့်ညီညွတ်သော ဖျာဖြစ်သည်။ပြည်တွင်းဖြစ်ကို အားပေးလာသည် နှင့်အမျှ ဆပ်တဖျာသည်လည်းအနယ်နယ်အရပ်ရပ်ကို တင်ပို့ရောင်းချရောင်းချလျက်ရှိပြီး ဈေးကွက် ကောင်းလျက်ရှိပါသည်။ ဆပ်တဖျာယက်လုပ်ခြင်းလုပ်ငန်းကို အမျိုးသမီး များ လယ်ယာလုပ်ငန်းခွင် သိမ်းပြီးမှသာ ယက်လုပ်သော လုပ်ငန်းဖြစ်၍ မိသားစုဒုတိယဝင်ငွေ (second income) ရရှိသော MSMEs လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဒေသထွက်ကုန်အလေ့ကျပေါက်ပင်မှ ရရှိသော ကုန်ကြမ်းကို အခြေခံ၍ ဖျာထုတ်လုပ်ရောင်းချခြင်းဖြစ်သော မိရိုးဖလာလက်မှုအနုပညာတစ်ခုဖြစ်၍ ဈေးကွက် ဝယ်လိုအား ကောင်းလေလေ၊ ထုတ်လုပ်ရောင်းချမှု ကောင်းလေလေဖြစ်ရာ မည်သည့်အခါမှ ပျောက်ပျက်သွားမည်မဟုတ်သော ဝင်ငွေရ MSMEs လုပ်ငန်းတစ်ခုဖြစ်ပါသည်။

     ကျောက်ဆည်ခရိုင်အတွင်း အညာဒေသဖြစ်သော နေရာများတွင် ထန်းပင်များ လည်းပေါက်ရောက် ရှင်သန် ဖြစ်ထွန်းပါသည်။ ၎င်းထန်းပင်မှ ထန်းလက်၊ ထန်းလျှော်များကို  အခြေခံ၍ ထန်းလက်ကုလားထိုင်နှင့် ထန်းလျှော် တောင်း၊ ထန်းလျှော်ဖျာလုပ်ငန်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်၍ ဈေးကွက်သို့တင်ပို့ ရောင်းချလျက် ရှိပါသည်။ ထန်းလက်ကုလားထိုင်၊ ထန်းလျှော်တောင်း၊ ထန်းလျှော်ဖျာလုပ်ငန်းကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်၍ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထန်းလက်ကုလားထိုင်၊ ထန်းလျှော်တောင်းနှင့် ထန်းလျှော်ဖျာ ယက်လုပ်ခြင်း အတတ်ပညာသည်လည်း မိသားစုစားဝတ်နေရေးအတွက် အထောက် အကူပြုလုပ်ငန်းတစ်ခုဖြစ်ပါသည်။ပြည်ပမှ တင်သွင်းသော ပလတ်စတစ်ကုလားထိုင်၊ ပလတ်စတစ် ဖျာ၊ ဒေသထွက်ကုန်များကို ဝယ်ယူအားပေးမှုများလာပါက  OROP ဒေသတစ်ခု၊ ထုတ်ကုန် တစ်မျိုးအားကောင်း အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။

     မန္တလေးတိုင်းဒေသကြီးအတွင်း အခြားသော ဒေသထွက်ကုန်များကို အခြေခံ၍ ထုတ်လုပ် ရောင်းချကြသော MSMEs လုပ်ငန်းများစွာ ရှိပါသည်။ ဆန်ကိုအခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ ဂျုံကို အခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ ပဲမျိုးစုံကိုအခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ ဆီထွက်သီးနှံကို အခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ မြေကြီးကို အခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ ကျောက်ကို အခြေခံ၍ ထုတ်လုပ်သော MSMEs လုပ်ငန်းများ၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်၊စားသောက်ကုန်၊ မြန်မာ့ ရိုးရာအသင့်စား မုန့်ပဲသရေစာထုတ်လုပ်သော MSMEs လုပ်ငန်းများ စသည်ဖြင့် များစွာရှိပါသည်။ ယင်း MSMEs လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူပူးပေါင်း မှုပုံစံဖြင့် ဝိုင်းဝန်းကြိုးပန်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ပါသည်။

      MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့စည်းများဘက်မှ အရင်းအနှီး ငွေကြေးထောက်ပံ့မှုများ၊ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမှုများ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးမှုများ၊ နည်းပညာနှင့် လေ့လာသင်ယူနိုင်မှုများ ချိတ်ဆက် ဆောင်ရွက် ထောက်ပံ့ပေးရန် များစွာလိုအပ်၍ တန်ဖိုးထားစေလို ပါသည်။ ရေမြေတော တောင်သဘာဝအလှနှင့် မိရိုးဖလာလက်မှုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကြောင်း ပြုမှုကို ချစ်မြတ်နိုး တန်ဖိုးထားစေလိုပါသည်။သို့ဖြစ်ပါ၍ ‘ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ဖို့အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့’ဟု တိုက်တွန်းအကြံပြု ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)