Main menu

ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုလား

Powered by Drupal
Wed, 10/08/2025 - 10:22 -- consumer_admin

   ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ်  တစ်ခါတော့  ခံစားဖူးကြပါတယ်။ ပါရာ စီတမော သောက်ရုံနဲ့ သက်သာပျောက်ကင်း ကြတာများပါတယ်။ ဆေးမသောက်ဘဲ သက်သာသွားတာ လည်းရှိပါတယ်။ ဒါပေမဲ့ ဝေဒနာပြင်းထန်ပြီး ရက်ကြာရှည် လာရင်တော့ စိတ်ပူလာကြစမြဲပါ။ အများစုကတော့ ဦးနှောက်အကျိတ်ဖြစ်မှာကို ပူပန်ကြတာများပါတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာက လူအများကြားမှာ အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်က ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့ တစ်ဝက်က ပြင်းထန်တဲ့ဝေဒနာကို ခံစားကြ ရသလို လေးပုံတစ်ပုံ လောက်ကလည်း မကြာခဏ ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

          ဦးနှောက်အာရုံကြောရောဂါတွေဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis)၊ ဦးနှောက် အသားရောင်ရောဂါ (Encephalitis)၊  ဦးနှောက်အကျိတ် (Brain Tumor)၊ သွေးတိုး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရလို့ ဦးနှောက်ထဲသွေးယိုစီးတဲ့ ရောဂါတွေမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ခံစားကြရပါတယ်။ ဦးနှောက်အတွင်း အလုံးအကျိတ်တွေ၊ သွေးခဲတွေ၊ ဦးနှောက် ရောင်ရမ်းမှု တွေကြောင့် ဦးနှောက်ထဲမှာ ဖိအားမြင့်တက်လာပြီး ခေါင်းကိုက်ဝေဒနာနဲ့အတူ အန်တာ၊ သတိမေ့တာ၊ တက်တာ၊ ခြေလက်အားနည်းတာတွေပါ ပူးတွဲခံစားရတတ်ပါတယ်။ လူနာရော ဆရာဝန်တွေကပါ ဦးနှောက်တွင်း ဖိအားများတဲ့ လက္ခဏာတွေရှိလာပြီဆိုရင် စနစ် တကျ ရောဂါရှာဖွေတာ၊ ကုသတာတွေ ဆောင်ရွက်ဖို့ လိုပါတယ်။

          သာမန်အအေးမိ ဖျားနာကိုက်ခဲတာ၊ မျက်နှာနဲ့ ဦးခေါင်းတစ်ဝိုက် ပိုးဝင်ရောင်ရမ်းတာ၊ ခန္ဓာကိုယ် မမာမကျန်းဖြစ်တာတွေ ကိုလည်း ရှာဖွေကုသရပါမယ်။ ရေတိမ်ဖြစ်လို့ ခေါင်းကိုက် တာ၊ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းလို့ ခေါင်းကိုက်တာတွေ ကလည်း သတိမထားမိရင် မျက်စိကွယ်တဲ့အထိ ဒုက္ခပေး နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူသင့်ပါတယ်။ မနက်စောစော အိပ်ရာထ ခေါင်းထိုးကိုက်ပြီး ချောင်းဆိုး၊ နှာစေးတဲ့အချိန်၊ ဝမ်းညှစ်တဲ့အချိန်တွေ ပိုဆိုးမယ်ဆိုရင်တော့ အရေးကြီးပါတယ်။ ထိုးအန်တာ၊ မှိန်းတာ၊ ခြေလက်အားနည်းတာ၊ တက်တာတွေနဲ့ တွဲမယ်ဆိုရင်တော့ ဦးနှောက်အရည်ကို ခါးဆစ်ရိုးမှ တစ်ဆင့် ဖောက်ထုတ် စစ်ဆေးတာ၊ ဦးနှောက်ကွန်ပျူတာ ဓာတ်မှန် ရိုက်တာစတဲ့စမ်းသပ်မှုတွေ ဆောင်ရွက်သင့်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ ရှာဖွေကုသဖို့ လိုအပ် ပါတယ်။ ခေါင်းကိုက်တိုင်း စိတ်ပူစရာမလိုပေမယ့်လည်း ဝေဒနာပြင်းထန်ပြီး တွဲဖက် လက္ခဏာ တွေရှိရင်တော့ သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ကြောင်း အကြံပြု ရေးသား လိုက်ရပါတယ်။ 

DOCA (ဧရာဝတီ)