Main menu

မက်မန်းသီးအကြောင်းသိကောင်းစရာ

Powered by Drupal
Fri, 10/03/2025 - 11:12 -- consumer_admin

မက်မန်းသီးကို အင်္ဂလိပ်လို Damson ဟုခေါ်ပြီး ပန်းပွင့်သောအပင်မျိုးစိတ်တစ် ခုဖြစ်သည်။ မက်မန်းပင်သည် စိုစွတ်အေးမြသည့်ခဲသားမြေကိုနှစ်သက်ပြီး    မူလပေါက်ရာဒေသမှာ ဥရောပတိုက်တောင်ပိုင်း နှင့်  အာရှတိုက်အနောက် ပိုင်းတို့ဖြစ်သော်လည်း ထိုမှတစ်ဆင့် အမေရိကတိုက်၊ အာရှတိုက်နှင့် ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွား ကြသည်။ မက်မန်းပင်သည် မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်အတွင်းရှိ  အောင်ပန်း၊ကလော၊ နောင်ချိုနှင့် တောင်ကြီးမြို့တို့၏ အနီး တစ်ဝိုက်၌ စိုက်ပျိုးဖြစ်ထွန်းကြောင်း တွေ့ရသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပေါင်းစုံ စိုက်ပျိုးဖြစ်ထွန်းသော ပြင်ဦးလွင်ဒေသ၌ မက်မန်းပင်ကို အများဆုံးစိုက်ပျိုးကြသည်။

မက်မန်းသီးကို မက်မန်းယို၊ တော်ဖီ၊  မက်မန်းချို၊   မက်မန်းချဉ်၊ မက်မန်းဝိုင် ပြုလုပ်ပြီး ပြည်တွင်းစျေးကွက်၌ ရောင်းချသည့်အပြင်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် မလေးရှားနိုင်ငံသို့လည်း တင်ပို့ကြောင်း မက်မန်းလုပ်ငန်းရှင်များ ထံမှ သိရသည်။ မက်မန်းသီးကို အကြမ်းအားဖြင့် သီးစားမျိုးနှင့် ဆားရည်စိမ်ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ မက်မန်းကုန်ကြမ်း ကို ပြင်ဦးလွင်ရှိ အင်းထိပ်၊ ပန်းဥတောင်၊ ဆင်ဖြူအင်း၊ မျှော့ တောကျေးရွာများအပြင် နောင်ချိုနှင့် တခြားမက်မန်းစိုက် တောင်သူများထံမှလည်း ဝယ်ယူရရှိနိုင်သည်။ မက်မန်းပင်ကို ပြင်ဦးလွင်ဒေသ၌ အများဆုံး စိုက်ပျိုးသည်။ မက်မန်းပင်ကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စတင်စိုက်ပျိုးပြီး မေလနှင့်ဇွန်လတို့တွင် အသီးခူးဆွတ် နိုင်သည်။ မက်မန်းသီးသည် အစေ့မာ တစ်စေ့တည်းရှိသည့် အသီးမျိုးဖြစ်ပြီး ချယ်ရီသီးအရွယ်မှ ကြက်ဥအရွယ် ထိအောင် အရွယ်အမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည်။ ပုံသဏ္ဌာန်အားဖြင့်လည်း တချို့သည် လုံးဝန်း၍ တချို့မှာ ကြက်ဥပုံသဏ္ဌာန်ရှိပြီး တချို့ကား ထိပ်ချွန်ခြင်း ၊  ထိပ်လုံးကြီးခြင်း၊  ရှည်မျောမျောဖြစ်ခြင်း စသည့်ပုံစံ မျိုးစုံရှိသော်လည်း အခွံသည်ပါး၍ အရောင် အားဖြင့် နီညိုရောင်၊ အဝါ ရောင်၊ အစိမ်းရောင်၊ အဖြူ ရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အနီရင့်ရောင်၊  ပန်း ရောင်ဟူ၍ အရောင်အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၌ အများစုမှာ မက်မန်းသီးဆိုလျှင် လုံးဝန်းသောအနီရောင်အသီးမျိုးကိုသာ သိကြသည်။ မက်မန်းသီးသည် အလွန်အသုံးဝင်သော အသီးဖြစ်သည်။ ယင်းနှင့်အမျိုးတူ အသီးသုံးမျိုးတွင် အာဟာရဓာတ်အများဆုံးပါသော အသီး ဖြစ်သည်။ တခြားအသီးများထက် သကြား ၂ဝ ဒသမ ၁  ရာခိုင်နှုန်း ပို၍ပါကြောင်း တွေ့ရသည်။  မက်မန်းသီးသည် ကယ်လိုရီနည်းပါးပြီး   အဆီပါဝင်မှုမရှိသည့်အတွက် ကျန်းမာရေးကိုအထောက်အကူ ဖြစ်စေသည့်အပြင် ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိသည့်ပစ္စည်းများ (Antioxidants) နှင့် အာဟာရဓာတ် နှင့်သတ္တုဓာတ်များ ဖြစ်သည့်  ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ Folate၊ Iron၊ Choline၊ Potassium၊ Magnesium၊ Phosphorus၊ Manganese၊ Zinc နှင့် Copper ဓာတ်များ ပါဝင်သဖြင့် တစ်နေ့တာလိုအပ်သည့် အာဟာရဓာတ်များကိုရရှိစေပါသည်။ ထို့ပြင် မက်မန်းသီးတွင်ပါသည့် ပိုတက်ဆီယမ် ဓာတ်ကလည်း သွေးကြောများကို ကျယ်စေနိုင်သည့် အာနိသင် ရှိသောကြောင့် နှလုံးကျန်းမာရေးအတွက်များစွာ အထောက် အကူဖြစ်စေသည်။  ဗီတာမင် C နှင့် Phy-tonutrientsများကြွယ်ဝစွာပါဝင်သောကြောင့်ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာ ရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။

DOCA (ဧရာဝတီ)