Main menu

နာနတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Powered by Drupal
Tue, 09/23/2025 - 11:37 -- consumer_admin

    နာနတ်သီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အပြင် အလှအပရေးရာအတွက်လည်း အကျိုးကျေးဇူးများစွာရှိသည်။ နာနတ်သီး၏ အချဉ်ဓာတ်အရသာကြောင့်  ခံတွင်းပျက်နေသူများကို အစာ စားချင်စိတ် ဖြစ်စေပြီး ခံတွင်းရှင်းစေသည်။ အစားအစာများတွင် ထည့်ချက်လျှင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့သင်းပျံ့စေသည်။

နာနတ်သီးစားသုံးမှုပုံစံများ

          နာနတ်သီးကို ဖျော်ရည်၊ နာနတ်ယို၊ ဒိုမီနို၊ ကျောက်ကျော၊ ဂျယ်လီ၊ သကြား လုံး၊ ပီကေ စသည်တို့အပြင် တာရှည် အထားခံရန် အရည်ညှစ်ပြီး သစ်သီးခြောက် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးဖြင့် လည်းကောင်း ရေခဲသေတ္တာတွင် ထိန်းသိမ်းသိုလှောင် စားသုံးကြသည်။ ထို့ပြင် ထမင်းကြော်၊ အသုပ်၊ နာနတ်သီးဆော့စ် အဖြစ်သာမက ဟင်းလျာများ အထူးသဖြင့် အနောက်တိုင်း ဟင်းလျာများတွင်လည်း အရသာထူးကဲစေရန် နာနတ်သီးကို ထည့် သွင်းချက်ပြုတ်လေ့ရှိသည်။

နာနတ်သီးတွင်ပါဝင်သော ဘရိုမီလိန်းအင်ဇိုင်း၏ ကျန်းမာရေးကောင်းကျိုးများ

          နာနတ်သီးသည် ဘရိုမီလိန်း (Brome-lain) ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်ပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ယင်းအင်ဇိုင်းသည် ပရိုတင်းဖွဲ့စည်းမှုကို ချေဖျက်နိုင် စွမ်းရှိသည့်အတွက် ကြီးမားခိုင်မာသည့် ပရိုတင်းအစိုင်အခဲများကိုပြိုကွဲစေပြီး Peptides နှင့် အမိုင်နို အက်စစ်များအဖြစ်သို့ ပြောင်းသွားစေ သည်။ ဘရိုမီလိန်းသည် သွေးခဲခြင်းနှင့် သွေးယိုစိမ့်ခြင်း အစွန်းနှစ်ဖက်ကို ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက် အကူပြုလျက်ရှိပြီး ဘရိုမီလိန်းကို မီးလောင်နာဆဲလ် သေများအား ဖယ်ရှားရန်၊ အရောင်ကျ စေရန်နှင့် အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သည့်ကြွက်နို့ကဲ့သို့ အသားမာအဖု များကိုပင် ချေဖျက် နိုင်ရန် အသုံးပြုလျက် ရှိသည်။

          နာနတ်သီးမှရရှိသော ဘရိုမီလိန်း ပရိုတင်းကိုကျန်းမာရေးဓာတ်စာအဖြစ်လည်း အသုံးပြု လျက်ရှိရာ ယင်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကို တားဆီးကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှပျက်စီးသော တစ်သျှူးများကို ဖယ်ရှားရန် လည်း ကူညီပါသည်။ နာနတ်သီးသည် အရေပြားကင်ဆာရောဂါအတွက် ဖြေဆေးတစ်ခွက်ဖြစ် သည်ဟု အမေရိကန် ကင်ဆာဂျာနယ် ဆေးဆောင်းပါးများထဲတွင် ဖော်ပြကြသည်။ နာနတ်သီးသည် လိမ္မော်သီးကဲ့သို့ပင် ဗီတာမင် - C ပါဝင် မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေးနှင့် ချောင်းဆိုးခြင်းကို တိုက်ထုတ်ပေးပြီး နာနတ်သီးထဲတွင် ဘရိုမီလိန်း ဓာတ်ပါရှိ နေသည့်အတွက် လိမ္မော်သီးထက် ပိုမို အစွမ်းထက်စေသကဲ့သို့ ပန်းနာ၊ ရင်ကျပ်နှင့် အဆစ်အမျက် ကိုက်ခဲမှုကိုသက်သာစေသည်။

 

နာနတ်သီးဖျော်ရည်ကို ထိုင်း၊ အင်ဒို နီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့၌ သောက်သုံးမှုပိုမိုများပြားပြီး သာမန်အသီး ဖျော်ရည်အနေဖြင့်သာမဟုတ်ဘဲ ဆေးဖက်ဝင်သည့် သဘောနှင့်ပါ သုံးစွဲကြခြင်းဖြစ်သည်။ သဘာဝအတိုင်း အာဟာရဓာတ် အပြည့်ဝ ဆုံးရစေရန် နာနတ်သီးကို အတုံးလေးများစိတ်ပြီး    ကြိတ်စက်ဖြင့် ဖျော်သောက်ရာ၌ နာနတ်သီးတွင် အချိုဓာတ်အရသာ Flavonoid များပါဝင်သောကြောင့် အသက်အရွယ် မရွေး သောက်ပေးနိုင်ပြီး နံနက်အစောပိုင်းအချိန် သောက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ရောင်ရမ်းမှုကိုကျစေသော နာနတ်သီးဖျော်ရည်

          နာနတ်သီးဖျော်ရည်တွင် ဗီတာမင်နှင့် သတ္တုဓာတ်များအပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သဖြင့် အဆိုပါဓာတ် ပစ္စည်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေး နှင့်မညီညွတ်သော စားသောက်မှု ပုံစံတို့ကြောင့် ဖြစ်ပေါ်လာသော Free Radical ဟုခေါ်သည့် ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးသည့်အပြင် အများအပြား ပါဝင်သည့် ဘရိုမီလိန်းဓာတ်သည် နာတာရှည်ရောဂါပေါင်းစုံ၏ ရောင်ရမ်းမှုကို ကျစေခြင်း၊  အစာချေဖျက်မှု ကောင်းစေ ခြင်း၊ ကိုယ်ခံစွမ်းအားမြင့်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည် သုတေ သနတချို့အရ ဘရိုမီလိန်းဓာတ်သည် စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID)ကဲ့သို့ ထိရောက်မှုရှိသည် ဟုဆိုသည်။ ဘရိုမီလိန်းသည ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကြောင့် ရရှိလာသော ရောင်ရမ်းမှုကိုကျစေခြင်း၊ အနာများကိုကျက်စေခြင်းစသည့် ဂုဏ်သတ္တိများရှိကြောင်း သိရသည်။ အားကစားပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဖက် နာအဆစ်ရောင်ခြင်းနှင့်     အရိုးအဆစ်ရောင်ခြင်းတို့အတွက်လည်း အကျိုးရှိ အသုံးဝင်သည်။

ကိုယ်ခံစွမ်းအားမြင့်စေနိုင်

          နာနတ်သီးတွင် ပါဝင်သည့် ဘရိုမီလိန်း ဓာတ်သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာစေသည်။ ပဋိဇီဝဆေးများ နှင့် တွဲဖက်သုံးစွဲချိန်တွင် ပိုမိုသိသာသော်လည်း ပိုမိုခိုင်မာစေရန်အတွက် သုတေ သနများစွာ ထပ်မံပြုလုပ်ရန် လိုအပ်သေး သည်ဟုဆိုကြသည်။ နာနတ်သီးသည် အချိန်တိုအတွင်း မှာပင် ပေါင်ချိန်ကျစေ သည့်အတွက် ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးနိုင်သကဲ့သို့ မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးတက်မြင့်မားစေသည်။

အရိုးများကို ကျန်းမာစေနိုင်

          နာနတ်သီးတွင် မဂ္ဂနိစ်သတ္တုဓာတ် ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးများကို ကျန်းမာ ကြံ့ခိုင်စေပြီး အရိုးနှင့်ဆက်စပ်သော တစ်သျှူး၊အရွတ်၊ အကြောတို့ကိုပါ သန်စွမ်းအားကောင်း စေသည်။ ထို့ကြောင့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများအတွက် အရိုးသန်စွမ်း ကြီးထွားမှုမြန် ဆန်စေပြီး လူကြီးပိုင်းများအတွက် အရိုးခိုင်မာစေ သောကြောင့် အရွယ်သုံးပါးမရွေး နာနတ်သီး ဖျော်ရည်တစ်ခွက် နေ့စဉ်သောက်သုံးပေးခြင်းဖြင့်  တစ်နေ့တာ လိုအပ်နေသော မဂ္ဂနိစ်သတ္တုဓာတ်  ၇၃ ရာခိုင်နှုန်းခန့် ရရှိစေနိုင်သည်။

သဘာဝဆီးရွှင်ဆေးနာနတ်သီး

          သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးအားထားပြုနိုင်သည်။ ထို့ပြင် ဆီးလမ်း ကြောင်းပိုးဝင်ပါက ပဋိဇီဝပိုးသတ် ဆေးကို ဆေးပတ်လည်အောင်သောက် ရင်း နာနတ်သီးကိုပါ တွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေနိုင်ကြောင်း မှတ်သား ရသည်။

အစာအိမ်ပြဿနာများကို သက်သာစေနိုင်

          နာနတ်သီးကို ကပ်ပါးပိုးနှင့် သန်ကောင်များ နှိမ်နင်းရန်အသုံးပြုပြီး အစာအိမ် ပြဿနာ များကို သက်သာစေသည်။ နာနတ်သီးသည် အစာအိမ်မှထွက်ရှိသော အရည် နှင့်လွန်စွာ ဆင်တူသည့်အတွက် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းဖောဝမ်းရောင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာနှင့်လေပူထိုးခြင်းတို့ကို သက်သာစေနိုင်သည်။ ဝမ်းချုပ်ခြင်း မှလည်း ကာကွယ်ပေးပြီး ပန်းနာ၊ရင်ကျပ်ကို သက်သာစေကာ ချွဲသလိပ်ကြေစေသည်။ တချို့က ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း နာနတ်သီးကို အသုံးပြုကြသည်။ နေ့လယ်စာစားသုံးပြီးမှ သုံးဆောင်ပါက အစာကြေညက်မှုကို အထောက်အကူပြုပြီး တခြားအစားအသောက်များနှင့် ယှဉ်တွဲစားသုံးလျှင်  အစာချေဖျက်မှုအတွက် ကူညီပေးသည်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်

          နာနတ်သီးဖျော်ရည်တွင် တွေ့ရသည့် ဘရိုမီလိန်းဓာတ်သည် နှလုံးကျန်းမာရေးအတွက် လည်း အထောက်အကူပြုပြီး သွေးပေါင်ချိန်ကိုကျစေကာ သွေးခဲခြင်းကို ကာကွယ်ပေး နိုင်သည်ဟ သုတေသနတချို့တွင် ဆိုထားသည်။ နှလုံးကြွက်သား သွေးကောင်းကောင်း မရသောကြောင့် ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေလျော့ကျ စေသည်။

အမြင်အာရုံကောင်းမွန်စေနိုင်

          နာနတ်သီးထဲတွင် ဘီတာကယ်ရိုတင်း (Beta-carotene)  အမြောက်အမြားပါရှိ သည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်သည်။ နေ့စဉ် နာနတ်သီးစားပေးခြင်းဖြင့် သက် လတ်ပိုင်းနှင့် သက်ကြီးပိုင်း ရောက်သောအချိန်တွင် အမြင်လွှာယိုယွင်း မှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ နာနတ်သီးကို တခြားအစားအသောက်များနှင့် တွဲပြီးစားသုံးခြင်းထက် နာနတ်သီးတစ်ခုတည်း သီးသန့်စားသုံးပေးခြင်းက အကျိုးကျေးဇူး ပိုမိုရရှိစေသည်။ နာနတ်သီး သည် အမြင်အာရုံကြည်လင် သန်စွမ်းစေရန် အထောက်အကူပြုသည့်အပြင် အသက်အရွယ် ကြောင့်ဖြစ်လာသော မျက်စိမှုန်ခြင်းကိုလည်း ကာကွယ်ပေးသည်။

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်

          နာနတ်သီးနှင့် သံလွင်ဆီတို့သည် အထူးသဖြင့် လည်ပင်းပိုင်း အရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်သည်။ မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီးနောက် သံလွင်ဆီစားပွဲတင် ဇွန်း နှစ်ဇွန်းကို လက်ဖဝါးဖြင့် အပေါ်ကိုပွတ်တင်၍ လည်ပင်းနှင့်မျက်နှာကို စက်ဝိုင်းပုံစံ နှိပ်နယ် ပေးခြင်းဖြင့် အရေပြားမှအဆီကို စုပ်ယူပြီး လတ်ဆတ်သော နာနတ်ရည် တစ်ခွက်နှင့် နှင်းဆီရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းအရောကို မိနစ် ၂၀ ခန့်ထပ်မံ လိမ်းပေးပြီး မျက်နှာကိုရေသန့်ဖြင့် သစ်ခြင်းကို တစ်ပတ်တစ်ခါလုပ်ဆောင်ပါက အသားအရေတွန့်ခြင်းမှ ကာကွယ်ပေး သည်။

နာနတ်သီး၏ဘေးထွက်ဆိုးကျိုးများ

          နာနတ်သီးစားသုံးခြင်းဖြင့် အလွန်အမင်း အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဓမ္မတာ များခြင်း၊ ပျို့ခြင်း၊ အရေပြားအနီကွက် ထခြင်း၊ အလွန်အကျွံ စားသုံးပါက ပါးစပ် နှင့်ပါးများ ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးများ  ခံစားရပုံမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြား နားမှုရှိနိုင်သည်။ အဆိုပါဘေးထွက် ဆိုးကျိုးများ တွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါက အပင်များ အကြောင်း ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးမှု ပြုလုပ်ရမည်ဖြစ်သည်။

သတိပြုရန်

          ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် နို့တိုက် မိခင်ဖြစ်နေလျှင်ဖြစ်စေ၊ တခြားဆေးဝါးများ သောက် သုံးနေလျှင်ဖြစ်စေ၊ နာနတ်သီးပါဝင် ပစ္စည်းများနှင့် ဓာတ်မတည့်လျှင် သို့မဟုတ် သဘာဝ ဆေးဖက်ဝင် အပင်များနှင့် ဓာတ်မတည့်လျှင် (ဥပမာ- ပျားရည်၊သံလွင်အပင်မှဝတ်မှုန်၊ တရုတ်နံနံ ကြီး၊ သင်္ဘောသီးတွင်ပါသော papain အင်ဇိုင်း)ဖြစ်စေ ဆရာဝန်ညွှန်ကြားချက် ဖြင့်သာ  နာနတ်သီး ကို စားသုံးသင့်သည်။ ကိုယ်ဝန်ဆောင်ကာလတွင် နာနတ်သီး စားသုံးခြင်းသည် အများစိုးရိမ်နေ သကဲ့သို့ ကလေးပျက်ကျခြင်း မဖြစ်စေသော်လည်း များများစားပါက ဘေးထွက်ဆိုးကျိုး တချို့ ရှိနိုင်သည်။ စားကောင်းပြီး ခံတွင်းရှင်းစေသည့်  နာနတ်သီးက အစာအိမ်အတွင်း အချဉ်ဓာတ် များရာမှ ပြန်လျှံတက်ပြီး ရင်ပူခြင်းဖြစ်နိုင်သောကြောင့် သင့်လျော်သည့် ပမာဏလောက်သာ စားသုံးသင့်ပြီး ဓာတ်မတည့်ခြင်းနှင့် တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ ချင့်ချိန်စားသုံးနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)