Main menu

သရက်သီး၏ ဆေးဖက်ဝင်မှု အမျိုးမျိုး

Powered by Drupal
Tue, 09/23/2025 - 11:33 -- consumer_admin

     သရက်သီးသည် ချိုချဉ်အရသာရှိပြီး ခံတွင်းမြိန်စေသည်။ သွေးသည်းခြေကို ဖျက်စေတတ် ကာ လေသလိပ် ကိုနိုင်ပြီးကျင်ကြီးအစုကိုဖျက်၍ ဝမ်းကိုရွှင်စေသည်။ ကိုလက်စထရောဓာတ်ကို လျှော့ချပေးပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ကာ အစာကြေစေသည်။ ဦးနှောက်သွေးကြောပြတ်ခြင်းအတွက် ကောင်းမွန်စေပြီး မျက်လုံးအတွက် ဆေးတစ်မျိုးလည်းဖြစ်သည်။ သရက်သီး အမှည့်က သေးပြီးချိုသည့်အရသာနှင့် ဖန်သည့် အရသာအနည်းငယ်ရှိသည်။ အအေးမိခြင်း၊ Allergic ကြောင့် နှာခေါင်းအတွင်း ပိုင်းရောင်ရမ်းနာကျင်ခြင်းကို သက်သာစေ သည့်အပြင် ခန္ဓာကိုယ် အားအင်တိုးပွားစေရန် သရက်သီးမှည့်ဖျော်ရည်ကို ပျားရည်နှင့်ရောပြီး သောက်ပေးနိုင်သည်။ ဦးရေပြားကိုလည်း ကျန်းမာစေသည်။

     သရက်သီးက သွေးတွင်းအက်စစ်ဓာတ်ကို လျော့နည်းစေသောကြောင့် အဆစ်အမျက် ကိုက်ခဲခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို ကာကွယ်ပေးသည်။  သရက်သီးတွင် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် နှလုံးခုန်မမှန်ခြင်းနှင့် ကြွက်သားအားနည်းခြင်း တို့ကိုသက်သာစေသည်။ သရက်သီးတွင်ပါဝင်သည့် Glutamic Acid က အာရုံကြောများကို လှုံ့ဆော်ပေးပြီး အာရုံစူးစိုက်မှုကိုအားကောင်းစေကာ ဦးနှောက်၏စွမ်း ဆောင်ရည်များကို ပိုပြီး ကောင်းမွန်စေ သည်။ ထို့ပြင် ဖောလစ်အက်စစ် ၊မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်နှင့် ပိုတက်ဆီယမ်တို့ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ သရက်သီးကို စားပေးလျှင် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည်။

သောက်သုံးသင့်သောသရက်သီးဖျော်ရည်

   သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသောနွေရာသီ တွင် သရက်သီးဖျော်ရည် သောက်ပြီး အပူဒဏ်ကိုကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသဖြင့် ဆီးကျောက်တည်မှုအန္တရာယ်ကို လျှော့ချပေးပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်းပြဿနာကိုမဖြစ် ပေါ်စေနိုင်ပါ။ သရက်သီးအမှည့်ကို ဖျော်သောက်ပေးမည်ဆို ပါက ရာသီဥတု ပူပြင်းမှုကြောင့် ခန္ဓာကိုယ်တွင်ဖြစ်လာ နိုင်သည့် အပူလျှပ်ခြင်းကဲ့သို့ ဝေဒနာများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

အမျိုးသမီးများနှင့်သင့်လျော်သော သရက်သီး

    သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန် မှီဝဲစားသုံး ခြင်းဖြင့် သွေးနီဥပမာဏ တိုးပွားလာစေနိုင်သည်။ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင် ကိုက်ခဲမှုဝေဒနာတို့ကို သက်သာစေသကဲ့သို့ သွေးဆုံးပြီးစ အချိန်အတွက်လည်း သရက်သီးက အထူးသင့်လျော်သည်။ ထို့ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါရှိခြင်းကြောင့်  သားလျှော သားပျက်ခြင်းမှ ကာကွယ်ပေးနိုင်ရုံမျှမက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်း ညှိကာ ခန္ဓာကိုယ်တွင်း  အောက်ဆီဂျင် ကောင်းစွာ လည်ပတ်စေနိုင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့်လည်း သရက်သီးနှင့် သရက်သီးဖျော်ရည်တို့ကို သောက်သုံးပေးသင့်သည်။

ကင်ဆာတချို့ကို ကာကွယ်ပေးနိုင်သော သရက်သီး

   သရက်သီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်သောကြောင့် အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာများမဖြစ်စေရန် ကာကွယ်ပေးသည့်အပြင် ဘီတာကယ်ရို တင်း၊ ပိုတက်ဆီယမ်နှင့် ဆီလီနီယမ်တို့ပါရှိသဖြင့် နှလုံးနှင့်နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေပြီး သွေးဖြူဥကိုလှုံ့ဆော်ပေးကာ မလိုလားအပ်သည့် ဗက်တီးရီးယားများကို ပျက်စီးစေနိုင်သည်။

သွေးတွင်းကိုလက်စထရောကျစေနိုင်သော သရက်သီး

   သရက်သီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးတွင်းကိုလက်စထရော ပမာ ဏ ကျဆင်းအောင်လည်း လုပ်ဆောင်ပေးနိုင်သည်။ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုး ပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေနိုင်သော ဖရီးရယ်ဒီကယ်များကို ထိန်းထားပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝစွာ ပါရှိ သည့်အတွက် သွားဖုံးသွေး ယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊မအီမသာပျို့အန်ခြင်း၊   ပင်လယ်လှိုင်းမူးခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း တရုတ် ဆေးကျမ်းများတွင် ဖော်ပြထားသည်။

ဆီးကျောက်ကြေစေသော သရက်သီးအမှည့်

    ဆီးကျောက်တည်သူများ၊ ဆီးလမ်းကြောင်း ပိုးဝင်သူများ ဓာတ်စာအနေဖြင့် သရက်သီး ဖျော်ရည် တစ်ဖန်ခွက်နှင့်လတ်ဆတ်သည့် မုန်လာဥနီဖျော်ရည် ဖန်ခွက်တစ်ဝက်ကိုရော၍ နေ့စဉ် သောက်ပေးခြင်းဖြင့် ဆီးကျောက်ကို ကြေစေကာ ဆီးလမ်းကြောင်းပိုးဝင်ပြီး ခံစားရသည့် လက္ခဏာများကိုလည်း   သက်သာစေမည်ဖြစ်သည်။

အသားအရေကိုလှပစေနိုင်သောသရက်သီး

    သရက်သီးမှည့်တွင် ဗီတာမင်-A၊ ဗီတာမင်-C နှင့် ဗီတာမင်-E များပါဝင် မှုကြောင့် အသားအရေကိုချောမွေ့လှပစေပြီး အရေပြားတွင် ကြာဆူးကဲ့သို့အဖုများထွက်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အရေပြားတွန့်ခြင်းနှင့်ပါးရေတွန့်ခြင်းတို့ကို သက်သာစေသည်။ တင်းတိပ်၊ မှဲ့ခြောက်နှင့် ဝက်ခြံထွက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး အသားအရေကိုစိုပြည် ချောမော လှပကာ အရွယ်တင်နုပျိုစေသည်။ သရက်သီးက အသား အရေကိုချောမွေ့စေပြီး ဝက်ခြံများကို သက်သာစေနိုင်သောကြောင့် အသားအရေ လှပချင်သူများအနေဖြင့် သရက်သီးကို စားသုံးပေး သင့်သည်။

    သရက်သီးကို စားပေးရုံမျှမက မျက်နှာပြင်ပေါ်ရှိချွေးပေါက်များကိုလည်း ပွင့်စေသဖြင့် မျက်နှာပေါင်းတင်ရန်အတွက် လည်းအသုံးပြုနိုင်သည်။ သရက်သီးကိုခပ် ပါးပါးလှီးပြီး မျက်နှာ ပေါ်တွင် ညင်သာစွာကပ်ကာ  ၁၅ မိနစ်ခန့်အကြာတွင် ရေနွေးဖြင့် သန့်စင်ဆေးကြောပေးပါက ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်း မှကာကွယ်နိုင်သည်။

အမြင်အာရုံကောင်းမွန်စေသောသရက်သီး

    ကွန်ပျူတာနှင့်ဖုန်း နေ့စဉ်အသုံး ပြုသူများအနေဖြင့်  တစ်နေ့တာလိုအပ်သော ဗီတာမင်-A ၏ ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည့်အပြင် Flavonoids ၊Beta-carotene၊ Alpha-caroteneနှင့် Beta-cryptoxanthin တို့ပါရှိသော သရက်သီးမှည့်ကိုစားခြင်းဖြင့် အမြင်အာရုံ ကောင်းမွန်စေပြီး မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်း၊ ကြက်မျက်သင့်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းနှင့်မျက် ကြည်လွှာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သည်။ သရက်သီးမှည့်ပုံမှန်စားပေးခြင်းဖြင့် မျက်စိ ကို ခရမ်းလွန်ရောင်ခြည် (UV) ဝင်ရောက်သည့်ဒဏ်ကို ကာကွယ်ပေးသောကြောင့် အမြင် အာရုံထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။

ဆံသားများကိုကောင်းမွန်စေသောသရက်သီး

     သရက်သီးတွင်ပါဝင်သည့် ဗီတာမင် ဓာတ်များက ဆံပင်အရည်အိတ်ငယ် လေးများကို  အားကောင်းစေသောကြောင့် ဆံပင်အသစ်များကိုလည်း ထွက်စေပြီးဆံပင်သန်ကာ အရောင် တောက်စေသောကြောင့် ဆံပင်ကျွတ်ပြီး ဆံသားခြောက်သွေ့နေသူများအနေဖြင့် သရက်သီးကိုစား ပေးခြင်းဖြင့် ဆံပင်များ ပြန်လည်ကောင်းမွန် လာစေနိုင်သည်။

အစာကြေစေသောသရက်သီး

      သရက်သီးတွင် အမျှင်ဓာတ်နှင့်အစာ ခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့် Amylase ကြွယ်ဝစွာပါဝင်သောကြောင့် စားသောက်လိုက်သည့် ကာဗိုဟိုက်ဒရိတ်များကို Am-ylase အင်ဇိုင်းများက ကောင်းစွာ ချေဖျက်ပေးနိုင်သဖြင့် အူလမ်းကြောင်း ကျန်းမာ ရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေသည်။ သရက်သီးမှည့်တွင် ချေဖျက်လွယ်သော အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းပျော့စေပြီး ဝမ်းချုပ်တတ်သူများ သရက်သီးမှည့် တစ်နေ့တစ်လုံးပုံမှန် စားသုံးခြင်းဖြင့် ဝမ်းမှန်စေသည့်အပြင် အစာအိမ်နှင့်အူများကို သန့်စင်စေရုံသာမက အသည်းကိုပါ ကောင်းကျိုးများစေသည်။ သရက်သီးမှည့်တွင် အစာခြေစနစ်အတွက် အဓိကဖြစ်သော အမျှင် ဓာတ်နှင့် ရေဓာတ်ကြွယ်ဝသဖြင့် သရက်သီးစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို  ကင်းဝေးစေသည်။

သရက်သီးမစားသင့်သောသူများ

    အရမ်းငယ်သော ကလေးများမှလွဲ၍ သရက်သီးကို လူတိုင်းစားပေးနိုင်သော်လည်း အလွန် အကျွံမဖြစ်ရန်လိုသည်။ သရက်သီးသည် အမျိုးသမီးများနှင့်သင့်လျော်ကောင်းမွန်သော်လည်း မွေးဖွားခါနီး မိခင်လောင်းများ အလွန်အကျွံမစားသုံးသင့်ပေ။ သရက်သီးများများစားပြီးနောက် ရေနိုင်နိုင်ချိုး ပေးခြင်းဖြင့် အပူကန်မိတ်ဖု ထွက်ခြင်းနှင့် မျက်စိအခိုးဝေခြင်းတို့မှ သက်သာစေသည်။ သရက်သီးအမျိုး အစားအစုံကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်သောကြောင့် ကျန်းမာရေးအတွက် အရည်အသွေး ကောင်းမွန်ပြီး လတ်ဆတ်သောသရက်သီးများကို သင့်တင့်မျှတစွာဖြင့် အရသာရှိရှိ စားသုံးနိုင်ရန် ရာသီစာသရက်သီး၏ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာလပြည့်ခင်                                                          

DOCA(ပြည်ထောင်စုနယ်မြေ)