Main menu

ပီလောပီနံနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Powered by Drupal
Tue, 09/23/2025 - 11:23 -- consumer_admin

    ပီလောပီနံကို လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန်(အမှုန့်)နှင့် အဖျော် ယမကာတို့တွင်  ထည့်သွင်းအသုံးပြုကြ သည်။   မြန်မာနိုင်ငံ၌   အများအားဖြင့်  ပီလောပီနံဥကိုပြုတ်၍  ဆီ၊  ဆား တို့နှင့်တို့ ကာ သရေစာအဖြစ်စားသုံးကြပြီး ပီလော ပီနံဥကြော်နှင့်  ပီလောပီနံဥပေါင်းအဖြစ် လည်း စားသုံးကြသည်။

    ပီလောပီနံမှ ကျန်းမာရေးအကျိုး အာနိသင်များရရှိစေရန် ပီလောပီနံဥကို လုံလောက်စွာ ကျက်သည်အထိ အချိန်ကြာကြာပြုတ်ပြီးမှသာ စားသုံးသင့်သည်။ ပီလောပီနံဥစားပြီးနောက် အချိန် လေးနာရီ အကြာတွင် မူးဝေခြင်း၊  အော့အန်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားခြင်းသည် ပီလော ပီနံ ဥတောက်သော လက္ခဏာများဖြစ် သည်။

    ပီလောပီနံဥစားသုံးရာတွင်    အဆိပ် အတောက်များ လျော့ပါးစေရန်   ပီလောပီနံ ဥကို  ရေ နှင့် ပွက်ပွက်ဆူအောင်  ၁၀  မိနစ် ခန့်ပြုတ်လိုက်ပါက ယင်းတွင်ပါဝင်သော Glucoside အဆိပ်များ ၅၀ ရာခိုင်နှုန်းမှ ၇၀  ရာခိုင်နှုန်းအထိ    လျော့ကျစေနိုင် သည်။

ပီလောပီနံရွက်နှင့် အာဟာရဓာတ်ပါဝင်မှုများ

     ပီလောပီနံပင်မှ    ပီလောပီနံဥကိုသာ စားသုံးနိုင်ခြင်းမဟုတ်ဘဲ   ပီလောပီနံ အရွက်ကိုလည်း စား၍ရပြီး ကျန်းမာရေး အတွက် အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင် သည်။ပီလောပီနံရွက် တွင် ပြည့်ဝဆီ(Satura-ted Fat) ပါဝင်မှုနည်းသကဲ့သို့ အကျိုးမပြု ကိုလက်စထရောနှင့် ဆိုဒီယမ် ပါဝင်မှုလည်းနည်းသည်။ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်  ကြွယ်ဝစွာပါဝင် သကဲ့သို့ အကျိုးပြု ကို လက်စထရောနှင့် ပရိုတင်းတို့လည်းပါဝင်သည်။  တခြား အာဟာရဓာတ်များ အနေဖြင့် ဗီတာ မင်-B အုပ်စု၊ ဖောလိတ်၊ ဗီတာမင်-B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင် သည်။

စား၍ရသော ပီလောပီနံရွက်နှင့် ကျန်းမာရေးအာနိသင်များ

    ပီလောပီနံရွက်အနုများကို  အသားဟင်းထဲ ထည့်ချက်၍ရသကဲ့သို့ အရွက်ကို ကြော်စားခြင်း၊ ဟင်းရည်ပြုလုပ်၍ သောက်ခြင်းနှင့်ပြုတ်တို့ခြင်းများ ပြုလုပ်နိုင်သည်။ ကယ်လိုရီပါဝင်မှုနည်းသော   ပီလောပီနံရွက်သည်   အစာခြေစနစ်ကိုကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်နာ၊ ခံတွင်းအနာများကို သက်သာစေနိုင်သကဲ့သို့ သက်လုံကောင်း စေရန်လည်း ထောက်ကူပေးနိုင်သည်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင် ချိန် တွင် သွေးအားနည်းခြင်းမဖြစ်ရန်  ကာကွယ်ပေးပြီး    ဖောလိတ်နှင့်   ဗီတာမင်- C ကြွယ်ဝစွာပါဝင် မှုကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ခံအားကောင်းစေသည်။

    ပီလောပီနံရွက်တွင် Lysine Protein ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်  ဗီတာမင်ချို့ တဲ့မှုမဖြစ်စေရန် ကာကွယ် ပေးသည်။  ပီလောပီနံရွက်သည် အဖျား ကျစေပြီး ခေါင်းကိုက် သက်သာ စေခြင်း၊  အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာခြေစနစ်ကို ထိခိုက်စေသည့် ပိုးများကို   ဖယ်ရှား ပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေပြီး ဝမ်းမှန်စေခြင်း၊   ခံတွင်းမြိန်စေပြီး  အစာ စားချင် စိတ်ဖြစ်စေရန်  လုပ်ဆောင်ပေးခြင်း၊ အဆစ်ရောင်ခြင်း၊ အဆစ်နာကျင်ကိုက်ခဲ ခြင်းတို့ကို သက်သာစေခြင်း၊ သဘာဝ သန်ကျဆေးတစ်မျိုးဖြစ်သည့် ပီလောပီနံရွက်က သန်ကျစေရန် ထောက် ကူပေးနိုင်ပြီး အစာခြေစနစ်အတွင်းမှ ကပ်ပါးပိုးများ ကို ဖယ်ရှားပေးနိုင်ခြင်း၊ အနာကျက် မြန် စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သကဲ့သို့ ပရိုတင်း၊ ဗီတာ မင်- C နှင့် သံဓာတ် တို့ ပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေရန် ထောက်ကူပေးနိုင်သည်။ ပီလောပီနံသည်    ကျန်း မာရေးအတွက် အကျိုးကျေးဇူးများစွာရှိသော်လည်း အလွန် အကျွံစားသုံးပါက ဆိုးကျိုးများ လည်း ရှိနိုင်သည်။

သတိထားစားရမည့် ပီလောပီနံရွက်

    ပီလောပီနံရွက်ကို စားသုံးမည်ဆိုပါက ရေစင်အောင်ဆေးကြောရန်နှင့် သေချာစွာ ကျက် အောင် ချက်ပြုတ်ရန် လိုအပ်သည်။ အဆိပ်အတောက် မဖြစ်စေရန် အစိမ်းစားခြင်းနှင့် အလွန်အကျွံ စားသုံးခြင်းကို  ရှောင်ကြဉ်သင့်သည်။ ရောဂါအခံ ရှိသူများ၊ ဓာတ်မ တည့်မှုဖြစ်တတ်သူများ၊ ကျန်း မာရေး ပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်၏ ခွင့်ပြုချက်ရမှ သာ  စားသုံးသင့်သည်။

ပီလောပီနံအစာအဆိပ်သင့်ခြင်း

     ပီလောပီနံပင်၏အမြစ်တွင်  အဆိပ်သင့်စေသော ဆိုင်ယာနိုက်(Cyanide) ဓာတ်တစ်မျိုး ပါဝင်သောကြောင့် အစာအဆိပ်သင့်ခြင်းလည်း ဖြစ်နိုင်သည်။ အစာအဆိပ် သင့်ခြင်းသည်    အသက် အန္တရာယ်ရှိပြီး ဆိုင်ယာနိုက်အဆိပ်သင့်  လက္ခဏာများဖြစ်သည့်  နှုတ်ခမ်းများပြာလာခြင်း၊ အသက် ရှူ ကျပ်ခြင်း၊ ပျို့အန်ခြင်း၊ သတိ လစ်ခြင်းနှင့် အခန့်မသင့်ပါက အသက်သေဆုံးခြင်းတို့အထိ ဖြစ်နိုင် သည်။ ထို့ကြောင့်  ပီလောပီနံအစာအဆိပ် သင့်သောလက္ခဏာများ ဖြစ်ပေါ်လာပါက  ဆေးရုံသို့    အမြန်ဆုံး သွားရောက်သင့် သည်။

     ပီလောပီနံသည်  တခြားသီးနှံများ စိုက်ပျိုး၍မရသော  မြေအမျိုးအစားတွင်လည်း စိုက်ပျိုး နိုင်သည်။  ပီလောပီနံကို  စိုက်ပျိုးချိန်မှစ၍ သိုလှောင် သိမ်းဆည်းသည့်အချိန်ထိ  လုပ်ဆောင်ရမည့် လုပ်ငန်းများကို အချိန်ကိုက် လုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းထားသည့် အထွက်နှုန်းနှင့် စံချိန်မီ အရည် အသွေး ကိုရရှိနိုင်မည်ဖြစ်သည်။ ကုန်ချောထုတ်လုပ်ပြီး ထွက်ရှိလာသည့်   စွန့်ပစ်ပစ္စည်းများနှင့်    အပင်၏အစိတ်အပိုင်းများကို  မြေဆွေးပြုလုပ်၍  စိုက်ခင်းများအတွင်း ထည့်သွင်းခြင်း၊ မှိုစိုက်ပျိုး နိုင်ခြင်းနှင့် တိရစ္ဆာန်များအတွက်အစာအဖြစ်   ကျွေးမွေးခြင်းတို့ ပြုလုပ်နိုင်သည်။   ရောဂါနှင့်ပိုးမွှား ဒဏ်ကို အသင့်အတင့်ခံနိုင်၍ ဓာတု ဆေးဝါးသုံးစွဲမှု  အနည်းငယ်သာရှိသောကြောင့် ဓာတ်ကြွင်း အာနိသင်နည်းပြီး စိုက်ပျိုးသူများ၊  စားသုံးသူနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု  နည်းပါးသည်။ သို့ရာတွင် ပီလောပီနံဥများကို တူးဖော် ပြီး ၂၄ နာရီအတွင်း တခြားအဆင့်တစ်ခု သို့  ပြောင်းလဲပစ် ရန် လိုအပ်ပါသည်။ ပီလောပီနံဥများမှ ပီလောပီနံမှုန့် ထုတ်လုပ်ရာတွင် တူးဖော်ပြီး ၂၄ နာရီအတွင်း ထုတ် လုပ်နိုင်မှသာ  အရည်အသွေး ကောင်းမွန်နိုင်သည်။ ပီလောပီနံမှုန့်များကို အိတ်ခွံများအတွင်း    ထည့်သွင်းသိမ်းဆည်း၍ အခန်းအပူချိန်တွင် နှစ်နှစ်အထိ သိုလှောင်နိုင်ပြီး ဈေးကွက်ပေါ်မူတည်၍ ရောင်းချနိုင်သည်။

     အချုပ်အားဖြင့်ဆိုသော် ပီလောပီနံသည် ကျန်းမာရေးပိုင်းနှင့် စီးပွားရေးပိုင်းတွင် ကောင်းကျိုးများစွာရှိသကဲ့သို့ ကျန်းမာရေးပိုင်းတွင်  ဆိုးကျိုးသက်ရောက်မှု အနည်းငယ် လည်းရှိ သည်။ ပီလောပီနံကို သံပရာသီးအပါအဝင်   အချဉ်ကဲသော အစားအစာများနှင့်တွဲဖက်စားသုံးမိပါက အော့ အန်တတ်သည်။ သပြေသီးနှင့် ပီလောပီနံဥတွဲစားလျှင်   အဆိပ်ဖြစ်စေတတ်ပြီး   ဒန့်သလွန်သီးနှင့် ပီလောပီနံဥတွဲစားလျှင် တောက်တတ်သည်။ ကိုယ်ဝန်ဆောင်များ၊  နို့တိုက်မိခင်များ၊  ကလေးငယ်များ၊  ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့်  ဆေးအမြဲသောက် နေရသူများနှင့်  ကျန်းမာရေး ပြဿနာ အခံရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍  ဆရာဝန်ခွင့်ပြုချက်ရမှသာ စားသုံးသင့် သည်။ စားသုံးမည်ဆိုလျှင်လည်း အခွံကို  သေချာစွာ ဖယ်ရှားပြီးမှ စားသုံးသင့်ကြောင်းနှင့်  အလွန် အကျွံစားသုံးရန် မသင့်ကြောင်း  အကြံပြု ရေးသားလိုက်ရပါသည်။

ဒေါက်တာလပြည့်ခင်                                                           

DOCA(ပြည်ထောင်စုနယ်မြေ)