
ခွေးတောက်ရွက်ပင်သည် ရှည်လျားသောနွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖုအစက်များရှိသော်လည်း ချောမွေ့သည်။ ပင်စည်မှ အခက်အလက်များထွက်၍ ထပ်မံနွယ်တက်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက်ပေါက်ရောက်သောအပင်မျိုးဖြစ်သည်။ မြန်မာ့ဆေးကျမ်းများအရ ခွေးတောက်ရွက်သည်ခါးသက်သက်အရသာရှိသည်။ အရွက်ကို မီးကင်၍ ကပ်လျှင် အနာစိမ်း၊ သွေးစုနာများကို နုလျှင်ပိန်၍ရင့်လျှင်ပြည်ပေါက်၍ ပေါက်၏။ ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ကြက်သားနှင့်ခွေးတောက်ရွက်ကို ချက်စားပေးပါက အဆိပ်အတောက်ကိုပျောက်စေ၏။ အရွက်ကို ဟင်းခါးရည်ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချိုရောဂါများကို ပျောက်ကင်းစေနိုင်သည်။ အရွက်ကိုကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအပိန့်များကို ပျောက်စေနိုင်သည်။ ခွေးတောက်ရွက်မြစ်ကိုခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်၍အသုံးပြုကြကြောင်းသိရှိရပါသည်။