Main menu

ဆက်သွယ်ရေးကုမ္ပဏီဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အမည်တစ်ခုဖြင့် မှတ်ပုံတင်ထားသော ဆင်းကဒ် နံပါတ်အလှအား အွန်လိုင်းမှတစ်ဆင့် ငွေကျပ်သိန်း(၅၀၀)ဖြင့် ဝယ်ယူအသုံးပြုခဲ့ပြီး ၎င်းအမည်ဖြင့် အမည်ပေါက်ပြောင်းကာ မှတ်ပုံတင်ပြုလုပ်၍ ကိုင်ဆောင်ခဲ့ပါကြောင်း၊  ဆင်းကဒ်ပျောက် ဆုံးသွားသောကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွင် ကဒ်အသစ်ပြန် လည် လျှောက်ထားခဲ့ရာ  ဆက်သွယ်ရေးကုမ္ပဏီကစစ်ဆေးပြီး မှန်ကန်သဖြင့် ကဒ်အသစ်ထုတ်ပေး ခဲ့သော်လည်း အဆိုပါဆင်းကဒ်အား ပြင်ပသို့ ရောင်းချထားခြင်းမရှိသည့်အတွက် စစ်ဆေးရမည်ဖြစ်၍ ဆင်းကဒ် အား ပေးထားခဲ့ရန် ပြောကြားသဖြင့် ဆင်းကဒ်အား ပေးထားခဲ့ရာ တစ်ပတ်ကျော်ကြာမှသာ ဆင်းကဒ်အား ပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ရချိန်တွင် လိုင်းတက်သော်လည်း နောက်ပိုင်းတွင် ဖုန်းပြော ၍ မရတော့သည့်အပြင် လိုင်းမတက်တော့ပါကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီရုံးချုပ်သို့ ကိုယ်တိုင် သွားရောက်၍ မန်နေဂျာဖြစ်သူ နိုင်ငံခြားသား ဒါရိုက်တာတို့နှင့် တွေ့ဆုံခဲ့ရာ အဆိုပါ ဆင်းကဒ်အလှ အားပြန်ပေးရန် ကုမ္ပဏီအနေဖြင့် အခက်အခဲရှိနေသော်လည်း ဝယ်ယူခဲ့သည့် တန်ဖိုးငွေကျပ်သိန်း (၅၀၀) နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း (သို့မဟုတ်) အခြား နံပါတ်အလှဖြင့် ပြောင်းပေးမည်ဖြစ်ကြောင်း နှုတ်ကတိရရှိခဲ့သော်လည်း ဆောင်ရွက်ပေးမှု မရှိဘဲ ဆင်းကဒ်အား ဆက်လက်ပိတ်ထားပါသဖြင့် ပြန်လည်ဖွင့်ပေးစေလိုပါကြောင်းနှင့် မရနိုင်ပါက အခြားနံပါတ်အလှဖြင့် ပြောင်းပေးစေလိုသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စိစစ်ရာ တွင် တိုင်ကြားသူသည် ဆင်းကဒ်ကို ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ တရားဝင်ဆိုင်များ သို့မဟုတ် ခွင့်ပြုထားသော ကိုယ်စားလှယ်များထံမှ တိုက်ရိုက်ဝယ်ယူခြင်းမဟုတ်သော်လည်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ ဆင်းကဒ်ဖြစ်နေသောကြောင့် အဆိုပါကုမ္ပဏီထံတွင် စားသုံးသူကာကွယ်ရေးဥပဒေ အရ ဝန်ဆောင်မှုအပေါ် တစ်စိတ်တစ်ပိုင်းအနေဖြင့် တာဝန်ရှိနေကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီ၏ ရှင်းလင်းတင်ပြချက်အရ ယခုဆင်းကဒ်သည် Vanity Number အမျိုးအစားတွင်ပါဝင်သဖြင့် တရားဝင် မှတ်ပုံတင်ထားသူ တစ်ဦးတည်းသာ အသုံးပြုခွင့်ရရှိနိုင်ပြီး လွှဲပြောင်းမှုမပြုနိုင်သည့် ဆင်းကဒ် အမျိုးအစားတွင် ပါဝင်နေသည့်အတွက် ပြင်ပသို့ရောက်ရှိမှုသည်လည်း ဆက်သွယ်ရေးကုမ္ပဏီ၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းလျက်ရှိသည်ကို စိစစ်တွေ့ရှိရသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ(ဂ)အရ “တိုင်ကြား သူအား Sim Card No. ၀၉********* နှင့် အလားတူ အနောက်နံပါတ်(၅)လုံးတူ နံပါတ်အလှ ဆင်းကဒ်တစ်ခု အစားထိုးပြန်လည်ပေးအပ်ရန်” စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကိုချမှတ်ခဲ့ပါသည်။ ထိုသို့ စီမံခန့်ခွဲရေး ဆိုင်ရာအမိန့်ချမှတ်ခဲ့မှုအပေါ် ဆက်သွယ်ရေးကုမ္ပဏီမှလည်း လိုက်နာဆောင်ရွက်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ အစားထိုးပေး စေခြင်းဖြင့်  ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။