
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီးနှံဈေးကွက် အရောင်းအဝယ် သွက်နေသည်နှင့်အညီ အုတ်ဖိုဒေသထွက် ခရမ်းသီးဈေးကွက်သည် ထိပ်ဆုံးမှပါဝင်ပြီး အကျိုးအမြတ် ရရှိနေသဖြင့် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ဒေသတွင်းခရမ်းစိုက်ပျိုးနေသော ကိုင်းစိုက်တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧကစိုက်ပျိုး စရိတ်နှင့်အကျိုးအမြတ် ရရှိနိုင်မှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
တောင်သူများ၏ပြောကြားချက်အရ မြန်မာနိုင်ငံတွင် အကြမ်းအားဖြင့် ခရမ်းသုံးမျိုး ခွဲခြားစိုက်ပျိုးနိုင်သော်လည်း အုတ်ဖိုမြို့နယ်၏ ရေမြေသဘာဝအရ ဆင်စွယ်ခရမ်းခေါ် အရှည်မျိုးကို အဓိကစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ခရမ်းပင်စိုက်ပျိုးရန် ရှေးဦးစွာ ၃ပေအကျယ် ၂၅ ပေ အရှည်ဘောင်များပြုလုပ်၍ ပျိုးထောင်ရကြောင်း အပင်များမကြပ်စေရန် တစ်တန်းနှင့်တစ်တန်း ၄လက္မခြား၍ ပျိုးထောင်ရကြောင်း တစ်ဧကလျှင် မျိုးစေ့ ၃၀၀ ဂရမ် စိုက်ပျိုးရကြောင်းသိရပါသည်။ စိုက်ခင်းကို ထယ် ၃ စပ်မှ ၄စပ်ထွန်ရေးညက်အောင်ထွန်ပြီး ပင်ကြားတန်းကြား ၃ပေခွာ၍ စိုက်ပျိုးရပြီး ရေမဝပ်စေရန် သတိပြုရကြောင်း သိရှိရပါသည်။တစ်ဧကကုန်ကြစရိတ်အနေဖြင့် မြေယာမြေပြုပြင်ခြင်းစရိတ် ၂၄၀၀၀၀ ကျပ်၊မြေဆီနှင့်နွားချေး ၅၀၀၀၀၀ ကျပ်၊မျိုးစေ့ဘိုး ၂၄၀၀၀၀ ကျပ်၊ရေတင်ခ ၃၀၀၀၀၀ ကျပ်၊ဆေးဖြန်းခ ၃၂၀၀၀၀ ကျပ်၊ဆွတ်ခူးခြင်း၊သယ်ယူခြင်းအတွက် လုပ်သားခ ၄၀၀၀၀၀ ကျပ်၊ မြက်နှုတ်ပေါင်းလိုက်ခြင်းအတွက် ကုန်ကျစရိတ် ၅၀၀၀၀၀ကျပ်ဖြင့် စုစုပေါင်း ၂၅၀၀၀၀၀ ကျပ် စတင်ခူးဆွတ်ချိန်မှ ခုတ်နုတ်ချပြီး ပြန်သီးချိန်အထိ ရက် ၅၀ ကျော် ခန့််ခူးဆွတ်ရပြီး တကြိမ်ခူးဆွတ်လျှင် ပိဿာ ၂၀၀ ရရှိနိုင်ပြီး အထွက်ပိဿာပေါင်း ၁၀၀၀၀ ရရှိနိုင်ပါသည်။ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချရသဖြင့် တစ်ဧကဝင်ငွေကျပ်သိန်း ၂၀၀ နီးပါး ရရှိပြီးအကျိုးအမြတ်အနေဖြင့် ကျပ်သိန်း၁၇၀ ကျော်ရရှိနိုင်ကောင်း စုံစမ်းသိရှိရပါသည်။
DOCA(ပဲခူး)