မြန်မာ့ရိုးရာမုန့်များအနက် ဘိန်းမုန့်သည်လည်း မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သော သရေစာမုန့်တစ်မျိုးဖြစ်သည်။ ဘိန်းမုန့် ပြုလုပ်ရာတွင် ဆန်တစ်ပြည်လျှင် ထန်းလျက် ၇၀ ကျပ်သား၊ ပဲမုန့်အစိမ်း၂၅ကျပ်သား၊ ဆားနှင့် မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း (၁)ဇွန်းခန့်စီ၊ ထောပတ် ၁၅ ကျပ်သားခန့်နှင့် မြေပဲ၊နှမ်းနှင့်ဘိန်းစေ့၊ဆီ အနည်းငယ်နှင့် အုန်းသီးပါဝင်ပါသည်ဟု ထောပတ် ဘိန်းမုန့်ပြုလုပ် ရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။
ပထမဦးစွာ ကြိတ်စက်နှင့်ကြိတ်ထားသော မုန့်နှစ်နှင့် အသင့်ကျိုထားသော ထန်းလျက်ရည်၊ ပဲမုန့်၊ဆား နှင့် ဆော်ဒါတို့ကို ရောမွေရပါသည်။ ထို့နောက် မီးအေးအေးရှိသော ဒယ်အိုးထဲသို့ အိုးမကပ် အောင် ဆီအနည်းငယ်သုတ်၍ အသင့်စပ်ထားသော မုန့်နှစ်ရည်ကိုထည့်ကာ ထောပတ်၊ နှမ်း၊ဘိန်းစေ့ နှင့်အုန်းသီးစိတ်လေးများ သင့်တော်သလောက်ထည့်ပြီး အဖုံးအုပ်၍ အပေါ်မီး အောက်မီး အနည်းငယ်ဖြင့် ပြုလုပ်ရသည်။
ရလာသောဘိန်းမုန့်ပန်းကန်ပြားအလတ်တစ်ချပ်စာ ၁ချပ်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။ တောင်ငူမြို့တွင် ဘိန်းမုန့်ကို ဈေးများတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာနေရာများ၊ ရပ်ကွက်များသို့ လှည့်လည် ရောင်းချသူများလည်းရှိပါသည်။ မြန်မာ့ရိုးရာမုန့်ဖြစ်သည့်အတွက် လူကြိုက် များ၍ ရောင်းအားကောင်းကြောင်း ထောပတ်ဘိန်းမုန့်ရောင်းချသည့် ဈေးသည်များထံမှ သိရှိရသည်။
DOCA(ပဲခူး)