Main menu

ဝါသီးနှံကဏ္ဍဖွံဖြိုးတိုးတက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး

Powered by Drupal
Fri, 09/12/2025 - 13:10 -- consumer_admin

       လူတို့၏ နေထိုင်မှုစနစ်တွင် စား၊ ဝတ်၊ နေရေးဟူ၍ အရေး()သုံးပါးရှိသည့်အနက် အဝတ်သည် ဒုတိယအရေးကြီးဆုံး ဖြစ်ပါသည်။ လူမှာအဝတ်၊ တောင်းမှာအကွပ် ဆိုသည့် မြန်မာစကားပုံတွင် လူတို့တွင် အဝတ်၏ အရေးပါပုံကို ဆိုညွှန်းထားပါသည်။ ဝါသည် ကမ္ဘာ့အရေးအကြီး ဆုံး    လယ်ယာထွက်ကုန်များထဲမှ တစ်ခုဖြစ်ပြီး     နိုင်ငံများစွာ၏    စီးပွားရေးကို သိသိသာသာ အထောက်အကူပြုပါသည်။ အထူးသဖြင့်    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   ဝါသည် သန်းနှင့် ချီသော လူများ အတွက် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည်။ အိန္ဒိယ၊ တရုတ်၊   အမေရိကန် နှင့်   အာဖရိကနိုင်ငံများ စွာတို့ကဲ့သို့ နိုင်ငံများတွင် ဝါဂွမ်းသည် အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ကြီးမားသော ဝင်ငွေ ကို   ရရှိစေသည်။  အိန္ဒိယတွင်    ဝါဂွမ်းလုပ်ငန်းသည်  လယ်သမားခြောက်သန်းကျော်နှင့်  ဆက်စပ် နေသောကြောင့်  စက်မှုလုပ်ငန်းများတွင် လူသန်းပေါင်းများစွာကို  အလုပ်အကိုင်များ ပံ့ပိုးပေးလျှက်ရှိ ပါသည်။

ဝါစိုက်ပျိုးခြင်း

        မြန်မာနိုင်ငံတွင်  ဝါသီးနှံသည်   အဓိကသီးနှံ ၁၀ မျိုးတွင်ပါဝင်ပြီး မိုးကြိုရာသီ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖေါ်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ ဩဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိပါသည်။  မြန်မာနိုင်ငံတွင် ဝါကို ပျူခေတ်ကတည်းက စိုက်ပျိုးနေပြီဖြစ်ပြီး ဝါဂွမ်းမှ အဝတ်အထည်များ ရက်လုပ်သုံးစွဲနေပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။  မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ချည်မျှင်တိုဝါမျိုးကို စိုက်ပျိုးခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ချည်မျှင် ရှည်ဝါကို ကျယ်ကျယ်ပြန့်ပြန့် စတင်စိုက်ပျိုးခဲ့ပါသည်။  ဝါသည် အပူပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံဖြစ်၍ မြန်မာနိုင်ငံတွင် မကွေး၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ယင်းဒေသများသည် ဝါအများဆုံးထုတ်လုပ်သည့် ဒေသများဖြစ်ပါသည်။       ထို့အပြင် နေပြည်တော်၊ ပဲခူး၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင်လည်း   စိုက်ပျိုးကြပါသည်။

ဝါမှ ထုတ်လုပ်နိုင်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ

      ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊   ဝါစေ့၊   ဝါစေ့ဆီနှင့်  ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သော ဝါသီး (ဝါပေါက်)မှ ဝါစေ့နှင့် ဝါဂွမ်းကို ခွဲထုတ်ရယူပါသည်။
       ဝါဂွမ်းသည် အဝတ်အထည်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့်  အခြားအထည်အလိပ်များ အပါအဝင် ထုတ်ကုန်အမျိုးမျိုးပြုလုပ်ရန်      အသုံးပြုသည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါ များနှင့် စက္ကူကဲ့သို့သော စက်မှုထုတ်ကုန်များစွာတွင်လည်း အသုံးပြုသည်။ ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်
ကို အဝတ်အထည်များတွင်    အသုံးပြုကြပါသည်။ အိမ်တွင်းအလှဆင်ပစ္စည်းများတွင် ၁၅ ရာခိုင်နှုန်း ကို အသုံးပြုကြပြီး ကျန် ၅ ရာခိုင်နှုန်းမှာ စစ်ထုတ်ခြင်း နှင့်   စုပ်ယူခြင်းကဲ့သို့ သော   အသုံးအဆောင်များအတွက် အများဆုံးအသုံးပြုကြသည်။ မိုးပြာရောင် ဂျင်း    ကော်ဇော နှင့်  ကြမ်းခင်းအထည်များကဲ့သို့ လူအများနှစ်သက်သော အထည်များကို ဝါချည်ဖြင့် ပြုလုပ်ထားသည်။

      ဝါစေ့တွင်    မျိုးစိတ်နှင့်   အရည်အသွေးပေါ် မူတည်၍ အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါသည်။ အဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်း ခန့် ပါဝင်ပါသည်။ သန့်စင်ထားသော ဝါစေ့ဆီသည် အရသာရှိပြီး နူးညံ့သော ရွှေရောင်ရှိသည်။ ဝါစေ့သည်    ပရိုတင်းဓာတ်ကြွယ်ဝပြီး   လူစားသုံးရန် (သို့မဟုတ်) တိရစ္ဆာန်အစာအတွက် အသုံးပြုသည်။ ဝါစေ့ကို   ပြန်လည်စိုက်ပျိုးရန်  မျိုးအဖြစ်လည်း ကောင်း၊ ဆီကြိတ်၍ စားသုံးဆီအဖြစ်လည်းကောင်း၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အလှကုန်များကဲ့သို့သော ဆီအခြေခံ ထုတ်ကုန်များစွာပြုလုပ်ရန်     စက်မှုကုန်ကြမ်းသုံးဆီအဖြစ်လည်းကောင်း၊      ဝါစေ့ ဆီ ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ်လည်းကောင်းအသုံးပြုကြပါသည်။     
မကွေးတိုင်းဒေသကြီးအတွင်း ဝါတန်ဖိုးမြင့်ထုတ်ကုန်များ

      မကွေးတိုင်းဒေသကြီးအတွင်းတွင် ဝါတန်ဖိုးမြှင့် ထုတ်ကုန်များ အနေဖြင့် စီးပွားဖြစ် ထုတ်လုပ် နိုင်မှုမရှိသော်လည်း ဝါသီးနှံမှ ဝါဂွမ်းဖတ်အဖြစ်ထုတ်လုပ်ပြီး ထွက်ရှိသည့် ဝါဂွမ်းဖတ်များကို မန္တလေးချည်မျှင်စက်ရုံ၊ ပလိပ်ချည်မျှင်စက်ရုံ၊ မိတ္ထီလာချည်မျှင်နှင့် အထည်စက်ရုံများသို့ ရောင်းချ လျှက်ရှိပါသည်။  အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့် ပခုက္ကူမြို့နယ်များ ရှိ ဝါကြိတ် စက်ရုံများမှ စက်ရုံတစ်ရုံလျှင် တစ်နှစ်ပျမ်းမျှ ဝါပိဿာချိန် ()သိန်းမှ (၁၀)သိန်းအထိ ကြိတ်ခွဲနိုင်ပြီး ဝါ()ပိဿာ ကြိတ်လျှင် ဝါဂွမ်းဖတ်()ပိဿာထွက်ရှိကြောင်းလည်း သိရှိ ရပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ဧကများနှင့် အထွက်နှုန်းနှိုင်းယှဉ်ချက်

          မကွေးတိုင်းဒေသကြီးအတွင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ချည်မျှင်ရှည်ဝါစိုက်ဧက  (၂၄၁၁၅၃)ဧက စိုက်ပျိုးနိုင်ခဲ့၍  ရိတ်သိမ်းနိုင်မှုအနေဖြင့် (၂၄၁၁၃၀) ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး အထွက် နှုန်းအနေဖြင့် (၁၃၃၃၄၄၂၂၂) ပိဿာထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၁၁၃၂၃၅၁၈၂) ပိဿာထွက်ရှိခဲ့၍ ယခင်နှစ်အထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက  (၂၀၁၀၉၀၄၀)ပိဿာ အထွက်တိုးခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်း

          ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ   ဝါသီးနှံအထွက်တိုးရေးကို  ဆောင်ရွက် လျက်ရှိပြီး အရည်အသွေးမြင့်မားသည့် ချည်ထည် များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့်   အထည်စက်ရုံများအတွက်  အရည် အသွေးကောင်းဝါများ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပမှ ဝါဂွမ်းနှင့်  ချည်များတင်သွင်းမှုကို   လျှော့ချရန်၊ ဝါသီးနှံတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက် တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှု   မြင့်မားစေရန်  ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိကြောင်း  သိရှိရပါသည်။ 

       မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေဒေသတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုကာလ၊ မိုးကာလနှင့် မိုးနှောင်းကာလ ဝါစိုက်ပျိုးရာသီများတွင် စီမံကိန်းဒေသများ ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ခြောက်ခုရှိ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက်ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုး ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဝါသီးနှံကို နှစ်စဉ် တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်း ကာလ ပြည့်မြောက်ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုး ဧရိယာကို ဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧက ဝါအထွက်နှုန်း ပိဿာချိန် ၇၀၀ ထွက်ရှိရေး အတွက် ဝါသီးနှံ စိုက်ပျိုးရေးဇုန်အလိုက် တာဝန်ခံများ ခန့်ထားတာဝန် ပေးအပ်ပြီး အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။

      ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့် ပတ်သက်ပြီး တွေ့ကြုံရနိုင်သည့် အခက်အခဲများ၊ အဟန့်အတားများအတွက် သမဝါယမ စနစ်ကို အခြေခံ၍ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်း ရှင်များ၊ ဝါစိုက်တောင်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

      နိုင်ငံတော်အစိုးရမှလည်း ပြည်ပသွင်းကုန်များ လျော့ချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလယ်ယာထွက်ကုန်သီးနှံများ ပိုမိုထုတ်လုပ်မှုမြင့်မားလာရေးအတွက် ဝါသီးနှံမှာလည်း အဓိက ပါဝင်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများအတွက် ကွင်းဆင်းဆောင်ရွက်ပံ့ပိုးပေးသည့်အပြင် ထွက်ရှိသောဝါသီးနှံ များကို ထုတ်လုပ်သူ၊ ဝါလုပ်ငန်းရှင် (ဝါကြိတ်စက်ပိုင်ရှင်) အားအရည်သွေးမီ ဝါဂွမ်းဖတ်ထုတ်လုပ်နိုင် ရေး အားပေးကူညီဆောင်ရွက်လျှက်ရှိသည့်အတွက် ဝါစိုက်ပျိုးထုတ်လုပ်မှု၏ နောက်ဆက်တွဲတွင် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များ၊ အထည်ချုပ်လုပ်ငန်းများကိုလည်း တိုးတက်မြင့်မား လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

      အချုပ်အားဖြင့်ဆိုရလျှင် ဝါကြိတ်ခွဲစက်များမှ ဂွမ်းနှင့် ဝါ‌စေ့တို့ထွက်ရှိလာပြီး ဝါစေ့မှ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာ ဝါကြိတ်ဖတ်တို့ ထုတ်လုပ်နိုင်ရာ ဝါစိုက်ပျိုးမှုနှင့် ဆက်စပ်၍ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်း(MSMEs)များစွာတို့ ဖြစ်ထွန်းနိုင်ခြင်းကြောင့် အောင်အောင်မြင်မြင် ရေရှည် တည်တံ့ ရှင်သန်နိုင်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်၊၊ သေး၊ ငယ်၊ လတ်စီးပွားရေး လုပ်ငန်း (MSMEs) လုပ်ငန်းများ များပြားလာပါက နိုင်ငံတွင်းမှသည် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပွင့်လမ်းလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်က ရည်မှန်းဆောင်ရွက်နေသည့် ဝါစိုက်ပျိုး ဧကများနှစ်စဉ် ပိုမိုစိုက်ပျိုးထွက်ရှိရေး၊ ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များ ဖွံ့ဖြိုးရေး၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့အတွက် ဌာနတာဝန်ရှိသူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များ အားလုံးက ကျရာကဏ္ဍမှ တာဝန်ယူ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မကွေး)