ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသ ထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အစားအစာများ ရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိရန်အတွက် တို့ဟူးများပြုလုပ်ပြီး ရောင်းချလျက်ရှိပါ သည်။တို့ဟူးပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းများမှာ ကုလားပဲစိမ်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်၊ ထန်းလျက်ခဲ၊ ရေသန့်၊ ဆီအနည်းငယ်တို့ ဖြစ်ပါသည်။တို့ဟူးကျိုရာတွင်ထန်းလျှက်ကိုရေသန့်အနည်းငယ်ဖြင့် ရေစိမ်ထားရပါသည်။ပဲစိမ်းမှုန့်ကိုပျော်အောင်ဖျော်ထားပြီး ထန်းလျက်ရည် ထည့်၍ခေတ္တထားရပါသည်။ ပြီးလျှင်ဆား၊ နနွင်းမှုန့်ထည့်၍မီးဖိုတွင် မီးအေးအေးဖြင့်အဆက်မပြတ် မွှေပြီးကျိုပေးရပါသည်။ ပဲမှုန့်ရည် ပျစ်၍ အစိမ်းနံ့ပျောက်ပါက ချပြီး အအေးခံမည့်ခွက်ထဲထည့်ပြီး အအေးခံထားရပါသည်။ အအေးခံထားသောတို့ဟူးများကို ကြော်၍သော်လည်းကောင်း၊ ပါးပါးလှီးပြီး ဂေါ်ဖီ၊ ကြက်သွန်နီဆီချက်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ရှောက်ရွက် ထည့်ပြီးသုပ်၍သော်လည်းကောင်း၊ တာရှည်ခံအောင် အချဉ်သိပ်၍သော်လည်းကောင်း၊ အခြောက် လှန်း၍ တို့ဟူးခေါက်ကြော်အဖြစ်သော်လည်းကောင်း စားသုံးကြပါသည်။ မြန်မာလူမျိုးများသည် အဆာပြေနံနက်စာ အဖြစ်တို့ဟူးနွေးပြုလုပ်၍လည်း စားသုံးကြပါသည်။တို့ဟူးကိုရှမ်းလူမျိုးများ၊ပအို့ဝ် လူမျိုးများ အများဆုံးစားသုံးကြပြီး (၁၂)လရာသီပွဲတော်များတွင် ရိုးရာအစားအစာ တစ်ခုအနေဖြင့် မပါမဖြစ်စားသုံးကြသည်။ လွိုင်ကော်မြို့ ၊သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ တတိယပတ်အတွင်း ဖြစ် ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင်( ၄၀၀၀ )ကျပ်၊ တို့ဟူးစိမ်း လက်ကား တစ်ပိဿာလျှင်( ၃၈၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း နှင့်ကုလားပဲ ဈေးများ အတက်/ကျပေါ်မူတည်၍ တို့ဟူးဈေးများ အပြောင်းအလဲရှိကြောင်း တို့ဟူးစိမ်းပြုလုပ် ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)