ကြောင်လျှာသီးသည် ခါးသက်သက်အရသာရှိပြီး ကျန်းမာရေးအတွက် များစွာအကျိုး ကျေးဇူးရှိပါသည်။ ကြောင်လျှာသီးကဲ့သို့ ခါးသက်သက်အရသာရှိသော အသီးအနှံများကို စားသုံး ခြင်းအားဖြင့် အအေးမိ၊ တုပ်ကွေးစသည့် ပြင်ပရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင် ပါသည်။ အသီးကို ပြုတ်၍သော်လည်းကောင်း ဖုတ်၍လည်းကောင်းစားခြင်းဖြင် အစာမကြေရောဂါ၊ လည်ပင်းကြီးရောဂါ၊ လေသလိပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါနှင့်မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေသည်။ သုပ်စားခြင်းဖြင့် လည်ချောင်းအတွင်းပေါက်သော အပူနာရောဂါများ ပျောက် ကင်းစေပါသည်။ ကြောင်လျှာသီးကို အသား၊ငါးတို့ဖြင့် တွဲ၍ချက်ပြုတ်စားသောက်ခြင်း၊ ပါးပါးလှီး၍ ကြော်စားခြင်း၊ မထူမပါးလှီးကာအချဉ်စားခြင်း၊ ငါးပိရည်၊ ငါးပိချက်ဖြင့် တို့စားခြင်း စသည့်အမျိုးမျိုး ပြုလုပ်၍ ချက်ပြုတ်စားသောက်နိုင်ပါသည်။ အခါးအရသာ မကြိုက်သူများအနေဖြင့် ကြောင်လျှာသီး ကိုလှီးဖြတ်ပြီးနောက် ဆားဖြင့်နယ်လူးကာ ဆန်ဆေးရည် ထဲစိမ်ထားပါက အခါးရည်များ ထွက်သွား နိုင်ပါသည်။ အသီးကိုစားသောက်နိုင်သကဲ့သို့ ကြောင်လျှာရွက်နှင့်အပွင့်တို့ကို ရေနွေးဖြော၍လည်း အတို့အမြှုပ်အဖြစ်စားနိုင်သကဲ့သို့ အသုပ်သုပ်၍လည်းစားသောက်နိုင်သည်။ လွိုင်ကော်မြို့၊ သီရိ မင်္ဂလာဈေးတွင် ကြောင်လျှာသီးများအား လောပိတမြို့ဘက်မှ မှာယူရောင်းချလျက်ရှိပြီး တစ်တောင့်လျှင် (၁၀၀၀မှ ၁၅၀၀) ကျပ်ခန့်ရှိကြောင်း ကြောင်လျှာသီးရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)