Main menu

အကျိုးကျေးဇူးများစွာပေးစွမ်းလျက်ရှိသော ဒီရေတော

Powered by Drupal
Tue, 09/09/2025 - 16:09 -- consumer_admin

       ကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များထဲတွင် ဒီရေတောများသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဒီရေတောများသည် ဇီဝမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းပေးခြင်း၊ ကမ်းရိုးတန်း ဒေသများအားကာကွယ်ခြင်းနှင့် ကာဗွန်စုဆောင်းခြင်းစသည့်အရာများကို လုပ်ဆောင်ပေး နေပါသည်။ ဒီရေတောအပင်များသည် ကာဗွန်ပမာဏအမြောက်အများကိုသိုလှောင်ပေးနိုင်ခြင်းမှ တစ်ဆင့် ရာသီဥတုပြောင်းလဲလာခြင်းကို ကာကွယ်တိုက်ဖျက်ရာတွင် အရေးပါသောနေရာမှ ပါဝင်နေလေသည်။  ထို့အပြင် ဒီရေတောများသည် ကမ္ဘာကြီးအတွက်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေပြီး အစားအသောက်၊သစ်တောနှင့် ဆေးဖက်ဝင်အပင်များ၊ ကမ်းရိုးတန်းဒေသ များအတွက် လွန်စွာအ‌ရေးကြီးသော အရင်းအမြစ်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကုန်းနေဂေဟစနစ်ထက် ကာဗွန်ကို ပိုမိုသို‌လှောင်နိုင်စွမ်းရှိကြသည်။ အထူးသဖြင့် ဒီရေတောများနှင့် ပင်လယ်မြက်များပင်ဖြစ်လေသည်။ အဆိုပါဂေဟစနစ်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုအများအပြားကို စုပ်ယူသိုလှောင်နိုင်သည့် အခြေခံကုန်ထုတ် စွမ်းအားမြင့်မားသည့် သဘာဝရှိသည်။  စုပ်ယူထားသော ကာဗွန်များကို အပင်၏ဇီဝဒြပ်ထုနှင့် ၎င်းတို့ အောက်ရှိအနည်များတွင် သိမ်းဆည်းသည်။  သစ်ပင်များသည် ကမ္ဘာကြီးစိမ်းလန်းခြင်း၊  ကမ္ဘာကြီး ပူနွေးမှုကို အကာအကွယ်ပေးခြင်းအစရှိသည့် အကျိုးကျေးဇူးများကိုပေးလျက်ရှိပြီး ဒီရေတောများ အနေဖြင့် ကုန်းပေါ်တွင်ပေါက်ရောက်သော  သစ်ပင်များထက် ကာဗွန်ပမာဏ ငါးဆအထိစုဆောင်း နိုင်စွမ်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီရေတောများသည်၎င်းတို့၏ အမြစ်များနှင့် မြေဆီလွှာများတွင် ကာဗွန်စုဆောင်းမှုအလွန်မြင့်မားသောကြောင့် ဖြစ်ပြီးနှစ်ထောင်ပေါင်းများစွာ ကြာအောင် ကာဗွန်ကို သိုလှောင်ထားနိုင်သောကြောင့် ဖြစ်ပါသည်။ ပင်လယ်မြက်များသည်လည်း ထိုကဲ့သို့ပင် ၎င်းတို့၏မြေဆီလွှာတွင် ကာဗွန်ကိုနှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ပေါင်းများစွာ ကြာအောင် သိုလှောင်ထားနိုင်သည့် အ‌ရေးကြီးသော ကာဗွန်စုပ်ခွက်များ ဖြစ်သည်။

             ထိုကဲ့သို့အရေးပါသောအခန်းမှ ပါဝင်နေသော်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟ စနစ်များသည် ကမ္ဘာပေါ်တွင် ခြိမ်းခြောက်မှုအရှိဆုံးဂေဟစနစ်များထဲမှ တစ်ခုဖြစ်ပါသည်။  ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အ‌ရေးကြီးသော မဟာဗျူဟာ များဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်များဖြင့် လိုအပ်နေသော ဂေဟစနစ်များကိုပြုပြင် ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဟု ဆိုရာတွင်  ပျက်စီးယိုယွင်းသွားသော သို့မဟုတ် ပျက်စီးနေသောဒီရေတောများ၌ ဒီရေတောပျိုးပင်ငယ် များကို ပြန်လည်စိုက်ပျိုးခြင်းလည်း ပါဝင်ပါသည်။  ဒီရေတောများ ပြန်လည်စိမ်းလန်းလာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုများ အစရှိသော စီးပွားရေးဆိုင်ရာအကျိုးရလာဒ်များကိုလည်း ကောင်းစွာထောက်ပံ့ပေးပြီး ဒေသခံများ အတွက် စီးပွားရေးအသစ်များ၊ ဝင်ငွေအသစ်များကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါသည်။ ထို့ကြောင့် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့သည် ဂေဟစနစ်နှင့်လူသားအသိုင်းအဝိုင်း နှစ်ခုစလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများအတွက် အကျိုးကျေးဇူးများကို ပေးစွမ်းနေပါ တော့သည်။

DOCA(ပဲခူး)