Main menu

​​​​​​​ပေါက်ပန်းဖြူအစွမ်း အံ့မခန်း

Powered by Drupal
Tue, 09/09/2025 - 15:57 -- consumer_admin

            ပေါက်ပန်းဖြူသည် အပင်လတ်မျိုးဖြစ်ပြီး အပင်ပျော့ဖြစ်ကာပေ(၂၀-၃၀)ခန့် မြင့်မားပါသည်။ အကိုင်းအခက်များပြားလှပြီး အရွက်မှာ ရှည်မျောမျောပုံသဏ္ဍာန်ရှိကာ ရွက်ရင်းနှင့်ရွက်ထိပ်တွင် ဝိုင်းနေပါသည်။ ရွက်ပြားမှာ ပြောင်ချော၍ အနားညီပါသည်။ အပွင့်သည် တစ်ခိုင်တွင်(၂-၄)ပွင့်အထိရှိပါသည်။ ကြားထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်ဖြူလျှင် ပေါက်ပန်းဖြူ၊ အပွင့်နီလျှင် ပေါက်ပန်းနီ ဟူ၍ခေါ်ဆိုကြသည်။ ပေါက်ပန်းဖြူကို ပို၍လူသိများသည်။ သို့သော် နှစ်မျိုးစလုံးသည် ဆေးဖက်ဝင်ပါသည်။ မြန်မာ့ဆေးကျမ်းများအရ ပေါက်ပန်းဖြူသည် အေး၏။ လေကိုပွားစေ၏။ ခါးသက်သက်ရှိ၏။ သလိပ်ရောဂါ၊ သည်းခြေရောဂါ၊ နှာရည်ယိုရောဂါများကို ပျောက်ကင်းစေသည်။ အရွက်သည် ချို၏။ စပ်၏။ ခါးသက်သက်ရှိ၏။ သွေးကိုကြည်လင်စေ၏။ ပေါက်ပန်းဖြူပွင့်ကို အရည်ညှစ်၍ မျက်စိခတ်ပေးပါက မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်းများကို ပျောက်ကင်းစေနိုင်သည်။ ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍စားပါက ကြက်မျက်သင့်ရောဂါပျောက်၏။ ဆီးချုပ်၊ ဆီးအိမ်ရောင်ခြင်းများဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ရေဖြင့်ကျို၍ချက်မှာအုံပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။ အပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ‌ရေနွေးတွင်ထည့်၍ သောက်သုံးပါက မောပန်းခြင်းများကို ပြေစေပြီးသွေးသားကို သန့်ရှင်းစေမှာဖြစ်ပါသည်။ ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်ရှိသူများလည်း ပေါက်ပန်းဖြူပွင့်ကို မကြာခဏပြုတ်စား၊ တို့စားသင့်ပါသည်။

ပေါက်ပန်းဖြူရွက်ကိုအရည်ညှစ်၍ ချင်း(ဂျင်း)ခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ဖြင့် ဆတူရော၍ရှူပေးပါက စိတ်ပျံ့လွင့်သော ရောဂါကိုပျောက်ကင်းစေသည်။ ပေါက်ပန်းဖြူပင်၏ အစေးကို လိမ်းပေးလျှင် အနာ၊ အဖု၊ အပိန့်တို့ကို ပျောက်ကင်းစေသည့်အပြင် အစေ့ကို သံပုရာရည်ဖြင့်ကြိတ်၍ လိမ်းပေးပါက ယားနာများကို ပျောက်ကင်းစေပါသည်။ ထို့အပြင် ပေါက်ဥကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့်စားပါက အားအင်ပြည့်ဖြိုးပြီး အသက်ရှည်စေသည်ဟု သိရပါသည်။ ထို့ပြင် ပေါက်ပန်းဖြူအမြစ်ကို ရေနှင့်ကြိတ်၍မီးဖြင့်နွှေးကာ အဆစ်ရောင်သောနေရာများသို့ လိမ်းပေးပါက အဆစ်ရောင်ရောဂါကို ပျောက်ကင်းသည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)