
ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲမှုများ၊ အရွေ့အပြောင်းများသည် အလွန်မြန်ဆန်လာနေပြီဖြစ်ရာ ခေတ်မီတိုးတက်လာမှုနှင့်အတူ လိုအပ်ချက်များ ပိုမိုများပြားလာ သည်ကိုလည်း တွေ့ရှိရပေသည်။ စားရေရိက္ခာရှားပါးမှု၊ ဝင်ငွေမညီမျှမှု၊ စွမ်းအင်၊ သယ်ယူပို့ ဆောင်ရေး၊ လျှပ်စစ်နှင့်အခြားသောလိုအပ်ချက်များကြီးမားလာမှု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆင်းရဲ ချမ်းသာကွာဟချက်များပိုမိုကြီးမားလာမှု စသည်တို့သည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျသော လို အပ်ချက်များဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် များစွာအကျိုးသက်ရောက်မှု ရှိစေနိုင် ပေသည်။ နိုင်ငံတိုင်း၏အစိုးရသည်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးမူဝါဒများ ချမှတ်၍လည်းကောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များချမှတ်၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် လူသားတို့၏ခေတ်နှင့်အညီ လိုအပ် မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှုစသည်တို့အပေါ်တွက်ချက်၍ လိုအပ်သောကုန်ထုတ်လုပ်မှုလုပ်ငန်းများထူထောင်ကာ ကြိုးပမ်းဆောင်ရွက်လာကြပေသည်။
နိုင်ငံ့စီးပွားရေးအရှိန်ကို မြှင့်တင်ပေးနိုင်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေအား ထိုနိုင်ငံ၏ ဂျီဒီပီကိုလေ့လာကြည့်လျှင် သိရှိ နိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးသည် ပြည်ပပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးတို့အပေါ် များစွာမူတည်နေပြီး ပြည်ပမှ မှာယူတင်သွင်းမှု များပြားနေသမျှကာလပတ်လုံး စီးပွားရေးတိုး တက်မှုသည်လည်း အနုတ်လက္ခဏာသာပြနေမည်ဖြစ်ပေသည်။ ကမ္ဘာ့စီးပွားရေးအင်အား တောင့်တင်းခိုင်မာသောနိုင်ငံများကို လေ့လာကြည့်ပါက လေးနက်သော အခြေခံအကြောင်းရင်းတစ်ခုမှာ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ရေးအတွက် အလေးပေးဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှမတင်သွင်းရသဖြင့် အသားတင်ထုတ်ကုန် တန်ဖိုး မြင့်မားလာသည်။ ပြည်တွင်းထုတ်ကုန်ပိုလျှံလာခြင်းအားဖြင့် ပြည်ပသို့တင်ပို့ခြင်းသည် နိုင်ငံ၏ စီးပွားရေး အင်အားကို ပိုမိုအားကောင်းလာစေသည်။
ထို့ပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများပေါများစေရေး၊ ကုန်ကြမ်းများပေါများ စေရေး၊ သွင်းအားစုများလုံလောက်စွာရရှိစေရေး၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေ ရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်စေရေး စသည့်ကဏ္ဍများသည်လည်း ပြည်တွင်းစီးပွားရေးတိုးတက်ကောင်းမွန်စေရေးအတွက် အခြေခံကျသော အချက်များပင်ဖြစ်ပေသည်။ ပြည်တွင်း စီးပွားရေး တိုးတက်ကောင်းမွန်လာခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်ပြီး ပိုမိုတိုးတက်ဖွံ့ဖြိုးကောင်းမွန်လာစေနိုင်သည့် ပုံပန်းသဏ္ဌာန်ဖြစ်သည်ဟုဆိုနိုင်ပေသည်။
တစ်ဖန် နိုင်ငံ၏စီးပွားရေးမြှင့်တင်ခြင်းဟုဆိုရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ၏ အခန်းကဏ္ဍသည် အလွန်အရေးပါမှုရှိကြောင်း တွေ့ရှိရပေ သည်။ အဆိုပါလုပ်ငန်းများတိုးတက်လာအောင် မြှင့်တင်အားပေးခြင်းသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေနိုင်မည့် အကြောင်းရင်းများအနက် အဓိကကျသည့် အချက်လည်း ဖြစ်ပေသည်။
နိုင်ငံခြားငွေရရှိနိုင်စေသည့်အလားအလာ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)တွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့်အခြားလုပ်ငန်းဟူ၍လေးမျိုးရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍသည် အရေးကြီးသောကဏ္ဍမှပါဝင်နေပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုရှိအောင် ကြိုးပမ်းနေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်လို အပ်ချက်၊ ထုတ်ကုန်အရည်အသွေးနှင့် ဝယ်လိုအားတို့ကိုအခြေခံပြီး အဆင့်မြင့်ထုတ်ကုန်ဖြစ်စေ ရေးအတွက် ပြုပြင်လုပ်ဆောင်၍ ပြည်တွင်း၌ ဖူလုံသည်သာမက ပြည်ပသို့ပို့ကုန်အဖြစ် ပို့ဆောင်နိုင်သည်အထိ အားကောင်းလာစေရန်ဆောင်ရွက်ရပေမည်။
အဓိကအားဖြင့်နိုင်ငံအတွင်းရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) ပိုမိုအားကောင်းလာရေး ပုံဖော်လုပ်ဆောင်ခြင်းသည် နိုင်ငံခြားဝင်ငွေစီး ဝင်လာမှု အားကောင်းစေရေး ကြိုးပမ်းအားထုတ်ခြင်းလည်းဖြစ်ပေသည်။ MSME လုပ်ငန်းများမှ ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရောင်းချခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ ရ ရှိစေခြင်းက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အခြေခံကျသည့်အချက်ပင်ဖြစ်သည်။
လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်
ထုတ်ကုန်တိုးတက်ဖို့အတွက်MSME ကဏ္ဍအတွက် လိုအပ်သည့်အရာတစ်ခုမှာ အရင်း အနှီးပင်ဖြစ်သည်။ အရင်းအနှီးနှင့်ပတ်သက်၍MSME လုပ်ငန်းဆောင်ရွက်နေသူများကို ကိုယ်တိုင် ကြိုတင်အားထုတ်စေပြီး လုပ်ငန်းများခိုင်မာအားကောင်းလာသည့်အချိန်တွင် နိုင်ငံတော်မှ ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ခြင်း၊ ဖွံ့ဖြိုးရေးချေးငွေ၊စီးပွားရေးချေးငွေများထုတ်ချေးပေးခြင်း စသည့်ဘဏ္ဍာရေးဆိုင်ရာ အကူအညီများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အခြေခံအဆောက်အဦများ၊ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ၊ လောင်စာနှင့်စွမ်းအင်များစသည့်လိုအပ်ချက်များကိုပါ ပြည့်စုံ အောင် ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်ကုန်များကို အကောင်းဆုံး၊ အအောင်မြင်ဆုံးဖြစ်အောင် ထုတ်လုပ်နိုင်ကြပေမည်။
MSME လုပ်ငန်းများအတွက် နောက်ထပ်အရေးပါသည့်အရာတစ်ခုမှာ လျှပ်စစ်ဓာတ် အားလုံ လောက်စွာရရှိရေးပင်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နျူကလီးယားစွမ်းအင်သုံး၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်လျက်ရှိသည်။ လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးဟုဆိုရာတွင် ရေအားလျှပ်စစ်နှင့် နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့အပြင် လေစွမ်း အင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းလုပ်ငန်းများကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် သွင်းအား စုများဖြည့်တင်းပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေနှင့်မြေသြဇာ၊ မွေးမြူရေး လုပ်ငန်း များအတွက် တိရစ္ဆာန်အစားအစာ၊ ခေတ်မီနည်းပညာများရရှိမျှဝေပေးနိုင်ရေး စသည့်အခြေခံ အကြောင်းအရာများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနိုင်ပါက MSME ကဏ္ဍတွင်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက် အကူပြုနိုင်မည် ဖြစ်ပေသည်။
ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်ပေး
MSME လုပ်ငန်းများသည် ပြည်တွင်းရှိလုပ်ငန်းရှင်များကိုယ်တိုင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သကဲ့သို့ ဒေသထွက်ကုန်များကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများလည်းဖြစ်သဖြင့် ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများစွာရှိသည်။ အဆိုပါလုပ်ငန်းများမှတစ်ဆင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များပေါ်ထွက်လာနိုင်ပြီး အချင်းချင်းအသိပညာဝေမျှလာနိုင်ကာ ဆန်းသစ်သောတီထွင်မှုများဖြင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေမည်ဖြစ်သည်။ MSME လုပ်ငန်းများတွင် အစိုးရက ပါဝင်ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များလည်းရှိပေရာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှသည် ကျယ်ပြန့်သောစီးပွားရေးကွန်ရက်တွင် ပိုမိုချိတ်ဆက်လာ နိုင်မည်ဖြစ်သည်။ နိုင်ငံအတွင်း စီးပွားရေးကွန်ရက် ပိုမိုအားကောင်းလာသည်နှင့်အမျှ နိုင်ငံ ၏စီးပွားရေး အခြေအနေသည်လည်း ပိုမိုအားကောင်းလာကာ ယင်းသည်ပင် နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်နေပေသည်။
သို့ဖြစ်ရာ နိုင်ငံ၏အစိုးရအနေဖြင့် MSME လုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းလာ စေရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်တို့အတွက် အထောက်အပံ့ကောင်း များ ပံ့ပိုးကူညီပေးခြင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အထောက်အကူပြုနိုင်သော မူဝါဒ လုပ်ငန်းစဉ်များ ပြင်ဆင်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အပြင် လိုအပ်သည့် ခေတ်မီနည်းပညာ၊ ဈေးကွက်နှင့်ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များပံ့ပိုးပေးခြင်း စသည့်ကိစ္စ ရပ်များကို လုပ်ဆောင်ပေးခြင်းဖြင့် မြှင့်တင်အားပေးဆောင်ရွက်ရမည်ဖြစ်ပေသည်။
သို့မှသာ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ပြီး ထိုကဲ့သို့ ကူညီဆောင်ရွက်ပေး ခြင်းအားဖြင့်MSME လုပ်ငန်းရှင်များသည် ဆန်းသစ်သောထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ကာ ပြည်တွင်း၌ဖူလုံရုံသာမက ပြည်ပသို့ပင် တင်ပို့ရောင်းချနိုင်သည်အထိ ဈေးကွက်များပိုမို ကျယ်ပြန့် လာမည်ဖြစ်ရာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေကိုပါ ပိုမိုရရှိစေမည်ဖြစ်ပေသည်။ MSME လုပ်ငန်းများပိုမိုအောင်မြင်လာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့်အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာနိုင်ကာ နိုင်ငံ့စီးပွားသည် လည်း အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဆောင်းပါးရှင် - ညီသီဟဇော်
DOCA(ပြည်ထောင်စုနယ်မြေ)