Main menu

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

Powered by Drupal
Sat, 09/06/2025 - 16:18 -- consumer_admin

       ဓာတ်ဆားဓာတ်တွေက micronutrients တွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာက နေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံ လောက်လောက်ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။

ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း

     ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ ချွေးထွက် များတာ၊ ရေသောက်နည်းတာ၊ အဖျားတက်တာ၊ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေး တွေ သောက်တာကြောင့် ဖြစ်နိုင်သလို အသည်းရောဂါ၊ ကျောက်ကပ် ရောဂါတွေကြောင့်လည်း ဖြစ် တတ်ပါတယ်။

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ

     ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင် တော့ ခေါင်းကိုက်တာ၊ နုံးတာ၊ ရင်တုန်တာ၊ ကြွက်တက်တာ၊ ကြွက်သားတွေ အားနည်းတာ ခြေချောင်း၊ လက်ချောင်းတွေ ထုံကျင်တာ၊ ပျို့အန်တာတွေတာ ဓာတ်ဆားချို့တဲ့သည့် လက္ခဏာ တွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ခံစားရပြီ ဆိုရင် ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်ပေးဖို့ လိုလာပါပြီ။ 

ဓာတ်ဆားဓာတ်ကို ဘယ်လိုပြန်ဖြည့်နိုင်သလဲ

     ဓာတ်ဆားဓာတ်ချို့တဲ့သည့် လက္ခဏာတွေက တခြားနေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေ နဲ့ ဆင်တူနေတာကြောင့် အရင်ဆုံးတော့ ဒီလက္ခဏာတွေက ဘာကြောင့်ဖြစ်လဲဆိုတာကို ရှာဖွေရမှာ ဖြစ်ပါတယ်။ တကယ်ပဲ ဓာတ်ဆားချို့တဲ့တာကြောင့် ဖြစ်တာဆိုရင်တော့ ဓာတ်ဆားဓာတ်ကို ပြန်ဖြည့်ရမှာ ဖြစ်ပါတယ်။  ဓာတ်ဆားဓာတ်ကို ပြန်ဖြည့်တဲ့အခါမှာလည်း အသည်းမကောင်း၊ ကျောက်ကပ် မကောင်းတာကြောင့်ဆိုရင် ဒီရောဂါတွေ ကိုကုသပေးရမှာပါ။ သာမန် ချွေးထွက် များတာ၊ အဖျားကြီးလို့ ဓာတ်ဆားချို့တဲ့တာဆိုရင်တော့ ဓာတ်ဆား အားဖြည့်ဖျော်ရည်တွေ ‌သောက်ပြီးဖြည့်စွက် လို့ရပါတယ်။

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

      သာမန်ဖျားတာ၊ ‌ချွေးထွက်များတာကြောင့် ဓာတ်ဆားဓာတ်တွေနည်းနေပြီဆိုရင်တော့ ခုပြော တဲ့ အစားအသောက်တွေကို ‌နေ့စဉ်ပါဝင်အောင်စားသောက်ပြီး ပြန်လည်ဖြည့်တင်းပေးလို့ ရပါတယ်။ စားစရာတွေထဲ မှာဆိုရင်တော့အစိမ်းရောင် ဟင်းရွက်တွေ - (ဥပမာ မုန်ညင်း၊ ကိုက်လန်၊ အခြား ဟင်းသီးဟင်း ရွက်တွေထဲမှာဆိုရင်  ထောပတ်သီး၊ ကန်စွန်းဥ၊ အာလူး၊ ရွှေဖရုံသီး) အသီး အနှံတွေထဲ မှာဆိုရင် ငှက်ပျောသီး၊ ဆီးသီးနဲ့ တခြား အသီးအနှံတော်တော်များများက ဓာတ်ဆား ဓာတ် ကြွယ်ဝပါတယ်။

       နို့ထွက်ပစ္စည်းတွေမှာဆိုရင်တော့ ချိစ်၊ ဒိန်ချဉ် စတာတွေက ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ စားစရာ တွေပါ။ သီဟိုဠ်စေ့လိုမျိုး အစေ့အဆန်တွေ ပုံမှန်စားပေးရင်လည်း ဓာတ်ဆားဓာတ် ပြည့်ဝစေပါတယ်။ ပဲနီ၊ ပဲဝါ၊ ပဲပုပ် စေ့၊ တို့ဖူးအပါအဝင်ပဲအမျိုးမျိုးကလည်း ဓာတ်ဆားဓာတ် ပြည့်ဝစေတဲ့ အစားအစာတွေပါ။ သောက်စရာတွေထဲမှာဆိုရင်တော့ နွားနို့အပါအဝင် နို့အမျိုး မျိုးဓာတ်ဆားတွေ ဖြည့်စွက်ထား တဲ့ ဓာတ်ဆားအားဖြည့် ဖျော်ရည၊ လိမ္မော်သီးဖျော်ရည်၊ အုန်းရည်၊ ပဲနို့၊ ခရမ်းချဉ်သီး ဖျော်ရည်၊ အပါ အဝင် သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးမယ်ဆိုရင် ချို့တဲ့နေတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

       ဓာတ်ဆားဓာတ်တွေ ချို့တဲ့တာက အဖြစ်များတဲ့ ပြဿနာပါ။ လက္ခဏာမပြလို့ မသိကြ ပေမယ့် မိမိမှာ အထက်ပါ အခြေအနေတွေ ရှိတယ်ဆိုရင် ဓာတ်ဆားဓာတ်ချို့တဲ့နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ရောဂါကြောင့်၊ ဆေးဝါးတွေကြောင့် ဓာတ်ဆားချို့တဲ့တာဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သေချာတိုင်ပင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု၊ ချွေးထွက်များတာ စတာတွေ ကြောင့်ဆိုရင်တော့ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်သွင်းပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာ ဖြစ်ပါတယ်။ 

DOCA(ပြည်ထောင်စုနယ်မြေ)