Main menu

စီးပွားဖြစ် ပြည်ပပို့ကုန်နှစ်ရှည်ပင်သရက်စိုက်ပျိုးမည်ဆိုလျှင်

Powered by Drupal
Sat, 09/06/2025 - 16:16 -- consumer_admin

    သရက်သီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးသောအသီးဖြစ်ပြီးရာသီစာအသီးတစ်မျိုးဖြစ်သည်။ သရက်သီး ကို လူကြိုက်လည်းများသည်။ သရက်သီးမကြိုက်သူက အလွန်ရှားပါးသည်။   ဆီးချိုရှိသူနှင့် သရက်သီးဓာတ် မတည့်သူ လောက်သာ သရက်သီးကိုရှောင်ကြသည်။      ထို့ကြောင့်  ရှေးလူကြီးများက “အသီးမှာ သရက်”ဟု  ဆိုရိုးပြုကြဟန်တူသည်။ သရက်သီးသည် ရာသီပေါ်အသီး တစ်မျိုးဖြစ်သော်လည်း ယခုအခါ  ရာသီမရွေးဝယ်ယူစားသုံးနိုင်သော   အသီးဖြစ်လာသည်။  တချို့သရက်သီးများဆိုလျှင် ရာသီကုန်သွားသော်လည်း   စျေးကွက်မှာဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးကြီးလှသည်။ သရက်သီးကို အစိမ်းစားကြ သည်။ အမှည့်အဖြစ်လည်းစားကြသလို သရက်ယို၊ သရက်ပျဉ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုးပြု လုပ်စားသုံး ကြသည်။ ယနေ့ခေတ်မှာ သရက်သီးသည်  စျေးကွက်ရှိသောအသီးတစ်မျိုးဖြစ်လာသလို  စျေးကောင်းသောအသီး တစ်မျိုး လည်း ဖြစ်လာသည်။ ထို့ကြောင့် နှစ်ရှည်ပင်ဖြစ်သောသရက်သီးကို စီးပွားဖြစ်စိုက်ပျိုးသင့်သည်။ နှစ်ရှည်ပင် အသီးတစ်မျိုး ဖြစ်သောသရက်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးရာတွင်  သိသင့်သည်များကိုလေ့လာတင်ပြ သွား မည်ဖြစ်သည်။

သရက်ပင်၏မူရင်းဒေသနှင့်သရက်မျိုးများ

     သရက်ပင်၏မူရင်းဒေသကိုအိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှနှင့်မြန်မာနိုင်ငံဟုသတ်မှတ်ထားကြသည်။  သရက်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အခြား သောအသုံး အဆောင်နှင့်စားဖွယ်များပြုလုပ် ရန်အတွက်လည်းကောင်းစိုက်ပျိုးခဲ့ကြသည်။  သရက်သီး၏ သိပ္ပံအမည်မှာ Mangife raindica ဖြစ်ပြီး မျိုးရင်းမှာ Anacardiaceae ဖြစ်သည်။ အင်္ဂလိပ်လို Mango ဟုခေါ်သည်။ သရက်မျိုးအများ အပြားရှိသည်။ စာရေးသူသိသ လောက်ကို ဖော်ပြပါမည်။ မစိုးမင်းသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ နို့ဆီသရက်၊ စိမ်းစားသရက်၊ ပါးနီသရက်၊ ဒူးရင်း သရက်၊  စိန်တစ်လုံးသရက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက် စသည်ဖြင့်အမျိုးမျိုးရှိသည်။ အခြား သရက်မျိုးများ လည်းရှိနိုင် သေးသည်။ ယနေ့မြန်မာနိုင်ငံတွင် လူသိများသောသရက်မျိုးမှာ  စိန်တစ်လုံး သရက်ဖြစ်သည်။ သရက်သီးကို မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာ အနီးအဝေးစသည်တို့မှာ သဘာဝ အလျောက် သော်လည်းကောင်း၊ စိုက်ပျိုး ၍ သော်လည်းကောင်း ဖြစ်ထွန်းသည်။ သရက်မျိုးပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။  နိုင်ငံ ၆၄ နိုင်ငံမှ သရက်မျိုး ပွားပေါင်း ၁၅၉၅ မျိုးခန့်ရှိ ကြောင်းလည်းသိရသည်။ သရက်သီးကို    စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင်   လုပ်ဆောင်သင့်သည်များကိုဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

စိုက်ပျိုးမြေနှင့်ရာသီဥတု

   နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမြေရွေးချယ်ခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။ စိုက်ပျိုးမြေသည် ဇီဝနှင့်ဓာတုဆိုင်ရာအန္တရာယ်ရှိသည့်မြေမျိုးမဖြစ်ရပါ။  ထိုမြေမျိုးဖြစ်ပါက စိုက်ပျိုးမည့်အပင်သည် ရှင်သန်မှုရှိမည် မဟုတ် ပေ။ သရက်စိုက်ပျိုးမည့်မြေသည် ရေစိမ့်ဝင်မှုကောင်းသောမြေမျိုးဖြစ်ရမည်။ မြေချဉ်ငန်ကိန်းသည် ၅ ဒသမ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။  သရက်ပင်စိုက်ပျိုးမည့်မြေသည် မြေအောက်ရေမျက်နှာပြင်   မြေအနက်  ၆ ပေ အောက်ရှိခြင်းကို နှစ်သက်သည်။ ရာသီဥတုအနေဖြင့် သရက်ပင်သည်ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီတို့ကို နှစ်သက်သည်။ အပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၀ မှ ၁၅ အကြားနှင့် မိုးရေချိန်လက်မ ၃၀ မှ ၁၀၀ ခန့်ရွာသော ဒေသများ၌ ပိုဖြစ်ထွန်းရှင်သန်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုးနိုင်သလို ပင်လယ်ရေ မျက်နှာပြင်ပေ ၂၀၀၀ အောက်ဒေသများမှာလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ထို့ပြင် အမြင့်ပေ ၂၀၀၀ အထက်မြင့် သောဒေသများမှာ စီးပွားဖြစ်မစိုက်ပျိုးသင့်ဟုဆိုသည်။ ရေဝပ်သည့်မြေမျိုးမှ လုံးဝမစိုက် ပျိုးသင့်ပါ။ ထို့ပြင် စိုက်ပျိုးမည့် ဒေသသည်  တစ်နှစ်လျှင် ငါးလ၊ ခြောက်လခန့် ခြောက်သွေ့ ရန်လည်း လိုအပ်သည်။

မျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း

     သရက်ပင်သည်  နှစ်ရှည်ပင်ဖြစ်သည့်အတွက်  စတင်စိုက်ပျိုးတော့မည်ဆိုလျှင်  မျိုးကောင်းမျိုးသန့်ကို  ရွေးချယ်စိုက်ပျိုးဖို့လိုသည်။စိုက်ပျိုးမည့်ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းရှင်းရမည်။ အရည်အသွေးကောင်းပြီး စျေးကွက်ဝင် သောမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ သရက်ပင်ကို အစေ့မှလည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင် သည်။  ပျိုးထောင်ရာတွင် သရက်သီးမျိုး ကောင်း၊ မျိုးသန့်၊ပိုးမွှားရောဂါကင်းရှင်းသောအသီးမှ အစေ့ကိုယူ၍ ပျိုးထောင်ရ မည်။

သရက်ပင်ကိုင်းဆက်မျိုးပွားနည်း

    အထက်ဖော်ပြပါအတိုင်း အစေ့ကိုပျိုးထောင်မစိုက်ဘဲ ကိုင်းဆက်မျိုးပွား၍လည်းစိုက်ပျိုးနိုင်သည်။ ကိုင်းဆက်မျိုး ပွားရာတွင် မျိုးပွားနည်း သုံးနည်းရှိသည်။

      သစ်နုပိုင်းကိုင်းဆက်ခြင်း - သစ်နုပိုင်းကိုင်းဆက်မည်ဆိုပါလျှင် ကိုင်းဆက်မည့်အပင်သည် သက်တမ်းတစ်နှစ် သားအရွယ်ဖြစ်ရမည်။တစ်နှစ်သားအရွယ်အောက်ခံပင်အဖြစ်အသုံးပြုလျှင် အညွန့်သစ်ထွက်ပြီး အရွက်ကြေးနီရောင်ပြောင်း လျှင် သစ်နုပိုင်းကိုင်းဆက်ရန်အကောင်းဆုံးဖြစ်သည်။ အဖူးကိုင်းအတွက်မူ သက်တမ်း ၃-၄ လရှိသော အကိုင်းကို အသုံးပြုရမည်။ အဖူးကိုင်းမှအရွက်ပြားများကို ကိုင်းမဆက်မီတစ်ပတ်က ကြိုတင်ဖြတ်ပေးပါ။ ထို့နောက် အောက်ခံ ပင်၏အညွန့်အဖျားပိုင်းကိုဖြတ်ပြီး အဖူးကိုင်းကိုသပ်သွင်းဆက်နည်းဖြင့် အောက်ခံပင်ပေါ်တွင်ဆက်ပေးရမည်။ ကိုင်းဆက်ထားသည့် နေရာကို ပလတ်စတစ်ဖြင့် ပတ်ပေးထားပါ။

     ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း - ဤနည်းဖြင့် ကိုင်းမျိုးပွားမည်ဆိုလျှင် အဖူးကိုင်းသည် သုံးလသားရှိပြီး အဖူးကိုင်းနိုးကြားစေရန် သစ်နုကိုင်းနည်းမှာကဲ့သို့ အရွက်ပြားများကိုဖြတ်ပေးထားရသည်။ထို့နောက် အောက်ခံပင်စည်ကို အလျား ၅ စင်တီမီတာခန့်စောင်း၍ အခေါက်နှင့်အသားအနည်း ငယ်ပြတ်အောင် အတွင်းဘက်သို့စိုက် လှီးပေးရမည်။ ထို့နောက်ပထမဓားချက်အဆုံး အထက်နား လောက်တွင်အထစ်ကျန်စေရန် ဒုတိယဓားချက်လှီးခြင်းဖြင့် အောက်ခံပင်မှ အခေါက်နှင့် အသားစကိုဖယ်ထုတ်ပါ။  အဖူးကိုင်းအပင်ကိုလည်းအောက်ခံပင်ဖြတ်သည့်အတိုင်းဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်နှင့် အဖူးကိုင်းကို  ပါးချင်းအပ်ဆက်ပြီး ၁ ဒသမ ၅ စင်တီမီတာ အပြားရှိသောကြိုး ဖြင့်တင်းကျပ်အောင် ချည်ပေးရမည်။ အဖူးကိုင်းအဖျားမှအညွန့်သစ်များထွက်လာပြီး သုံးပတ်အကြာ အောက်ခံပင်အပေါ်ပိုင်းကို ဖယ်ရှားဖြတ် တောက်ပါ။  နှစ်လသုံးလကြာမှ ချည်ထားသော ပလတ်စတစ်ကြိုးကိုဖယ်ပါ။

    အစေ့အညှောက်ကိုင်းဆက်ခြင်း - ဤနည်းဖြင့်ကိုင်းဆက်မည်ဆိုပါက အစေ့မှအညှောက်ပေါက်ပြီး ၄-၈  ရက်သားအပင်ကို  အောက်ခံပင်အဖြစ်   အသုံးပြုရသည်။  သင့်လျော်သောလုံးပတ်ရှိသည့်  အဖူးကိုင်းကို  ကြိုတင်အရွက်ခြွေထားရမည်။  ထို့နောက် သစ်နုပိုင်းကိုင်းဆက်နည်း  သို့မဟုတ်   ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း တစ်နည်း နည်းကိုအသုံးပြု၍ကိုင်းဆက်နိုင်သည်။

သရက်ပင်စိုက်နည်းစနစ်

     သရက်စတင်စိုက်ပျိုးတော့မည်ဆိုလျှင်  စိုက်ပျိုးမည့်နေရာကို မိုးမကျမီ မတ်လ၊ ဧပြီလလောက်ကတည်းက ကြိုတင်ပြုပြင်မှုများပြုလုပ်ရမည်။မြေပြင်ခြင်း၊  မြေအနေအထားအရ ရေသွင်း၊ ရေထုတ် ပြုလုပ်နိုင်မည့် ရေနုတ်မြောင်း များကို ပြုလုပ်ထားရမည်။  စိုက်ပျိုးမြေအမျိုးအစား၊ လေဝင်လေထွက် ကောင်းစေရန် သင့်လျော်သောပင်ကြား၊ တန်းကြား ဖြင့်  ကျင်းတူး၍စိုက်ပျိုးရမည်။   စိုက်ကျင်းအရွယ် အစားမှာမူ ၂ ပေပတ်လည်ဖြစ်သည်။

(က)    ပင်ကြားပေ ၃၀၊ တန်းကြားပေ ၃၀ စိုက်မည်ဆိုလျှင် တစ်ဧကကို ၄၈ ပင်ဝင်ဆံ့သည်။

( ခ )   ပင်ကြားပေ ၂၀၊ တန်းကြားပေ ၂၀ စိုက်မည်ဆိုလျှင်တစ်ဧကကို ၁၀၈ ပင်ဝင်ဆံ့သည်။

( ဂ)    ပင်ကြား ၁၅ ပေ၊ တန်းကြား ၁၅ ပေစိုက်မည်ဆိုလျှင် တစ်ဧက ကို ၁၉၃ ပင်ဝင်ဆံ့သည်။ သတိပြုရမည့်အချက်မှာ သရက်ပင်သည်  ကိုင်းဖြာထွက်သောအပင်မျိုးဖြစ်သဖြင့် ခပ်စိပ်စိပ်စိုက်မည် ဆိုပါက  အပင်ငယ် စဉ်ကပင် ကိုင်းဖြတ်ပုံသွင်းပေးဖို့လိုအပ်သည်။စိုက်ကျင်းအတွင်းသို့ နွားချေးရှစ်ပြည်၊ ကျောက်မှုန့်နို့ဆီဘူးလေးဘူး၊ ပိုတက်နို့ဆီဘူးတစ်ဘူး၊ စပါးခွံ ရှစ်ပြည်တို့ကို အပေါ်ယံမြေနှင့်ရော၍ဖို့ပေးရမည်။ အပင်များကို စိုက်ပျိုးရာတွင် ညနေပိုင်း၌ သာ စိုက်ပျိုး ရမည်။

 

ပေါင်းမြက်နှိမ်နင်းခြင်းနှင့်ရေသွင်းခြင်း

     ပေါင်းမြက်ကိုမူ အပင်ပတ်ဝန်းကျင်အပေါ်မူတည်၍ ရှင်းလင်းပေးသင့်သည်။ အပင်ပတ်ဝန်းကျင်၌ ပေါင်းမြက်ထူ လာပါကရှင်းလင်း‌ပေးရမည်။ ပေါင်းသတ်ဆေးမကြာခဏအသုံးပြုခြင်းကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ရေသွင်းရာတွင်မြေ အနေအထားကိုကြည့်ရမည်။ ပထမအကြိမ်ရေပေးသွင်းခြင်းကို သရက်သီးကင်းဝင်ချိန်ဆောင်ရွက်ပါ။ ဒုတိယအကြိမ်ရေ ပေးသွင်းခြင်းကို ပထမအကြိမ်ရေပေးသွင်းပြီး တစ်လအကြာမှာ ပေးသွင်းရမည်။ ထိုအချိန်၌  သရက်သီးသည်  ပေသီး လုံးအရွယ်ခန့်ဖြစ်နေသည်။တတိယအကြိမ်ရေပေးသွင်းခြင်းကို ဒုတိယအကြိမ်ရေသွင်းပြီး ရက် ၂၀-၃၀ သရက်သီးမရင့်မီ ပေးသွင်းရမည်။  ရေပေးသွင်းရာတွင်သတိပြုရမည့် အချက်မှာ သရက်ပန်းပွင့်ချိန် နှင့်သရက်သီးမခူးမီ   တစ်လအလိုတွင် ရေသွင်းခြင်းမပြုလုပ်ရပါ။ အပင်ငယ်စဉ်  နွေရာသီလိုအခါမျိုး၌ နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရသည်။  အထူး သဖြင့်  သရက်သီးကင်းဝင်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ   ရေအလို အပ်ဆုံးအချိန်ဖြစ်သည်ကို သတိပြုဖို့လိုသည်။

သက်တမ်းအလိုက်မြေဩဇာကျွေးခြင်း

     မြေဩဇာကျွေးရာတွင်    အသီးမတင်သေးသည့်အပင်အတွက် မြေဩဇာနှင့်  အသီးသီးလျက်ရှိနေသော အပင်အတွက် မြေဩဇာ ဟူ၍ခွဲထားသည်။  စ်နှစ်သားအရွယ်သရက်ပင်ငယ်များအတွက် ယူရီးယား ၁၇၀ ဂရမ်၊ စူပါဖော့စဖိတ် ၁၁၂ ဂရမ်၊ ပိုတက်ဆီယမ်ကလိုရိုက် ၁၁၄ ဂရမ်နှုန်းကျွေးပေးရသည်။ ဓာတ်မြေဩဇာကို အပင်သက် ၁၀ နှစ်အထိ ပထမနှစ်ကျွေးသည့်နှုန်းထားကို  ဆတိုးထည့်သွင်းပေးရကြောင်း သိရသည်။အသီးသီးနေသောအပင်များအတွက် ဇွန်၊ ဇူလိုင်လတို့တွင် N P K ထည့်ရမည့်ပမာဏ အတိုင်း ထည့်ပေးပါ။ N ၁၇၀ ဂရမ်၊ P2O2 ၁၈၀ ဂရမ်၊ K2O ၆၈၀ ဂရမ်ကို နှစ်ကြိမ်ခွဲကျွေးပေးရမည်။ အပင် သက်တမ်းအလိုက်မြေဩဇာကျွေးနှုန်းကိုလည်းဖော်ပြပါမည်။

ပင်သက်/သဘာဝမြေသြဇာ/ N. /  Ph. /  P

၁နှစ်သား   - ၅.                    - ၁၀၀- ၅၀. - ၁၀၀

 ၂ နှစ်သား   - ၁၀.                  - ၂၀၀-၁၀၀ - ၂၀၀

၃ နှစ်သား - ၁၅.                   -  ၃၀၀ - ၂၀၀ - ၃၀၀

၄ နှစ်သား - ၂၀.                    - ၄၀၀ - ၃၀၀ - ၄၀၀

၅ နှစ်သား - ၂၅.                    - ၅၀၀ - ၄၀၀ - ၅၀၀

၆ နှစ်သား - ၃၀.                   - ၆၀၀ - ၅၀၀ -၆၀၀

၇ နှစ်သား  -  ၃၅.                 - ၇၀၀ - ၆၀၀ - ၇၀၀

၇ နှစ်သားအထက် - ၅၀.        - ၁၀၀၀ - ၅၀၀ - ၁၀၀၀

     အထက်ဖော်ပြပါသက်တမ်းအလိုက်အစာကျွေးနှုန်းများတွင် သဘာဝမြေဩဇာသည်ကီလိုဂရမ်ဖြစ်ပြီး နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(Ph)နှင့်ပိုတက်ဆီယမ်(P)သည် ဂရမ်ဖြစ်သည်။  

ဖျက်ပိုးနှင့်ရောဂါများ

    သရက်ပင်၌ ဖျက်ပိုးများ ကျရောက်တတ်သည်။ သီးထိုးယင်၊ အစေ့ထိုးပိုး၊ အသားထိုးပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး၊ အကြေးပိုးနှင့် ပိုးစေးနှဲတို့ဖြစ်သည်။ သီးထိုးယင်သည်  သရက်သီးမှည့်ကိုဖျက်ဆီးတတ်သည်။ ထိုပိုးကျပါက အသီးအရောင် ပျက်ခြင်း၊ အက်ကွဲခြင်း၊ အနာကွက်များဖြစ်ခြင်း စသည့်လက္ခဏာများတွေ့ရတတ်သည်။ ထိုအခါ  ထိသေဆေး တစ်မျိုးမျိုး ကိုအညွှန်းအတိုင်းအသုံးပြုပါ။ အစေ့ထိုးပိုးသည် သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်အထိကျရောက်တတ်သည်။ လက္ခဏာမှာ သေးငယ်မည်းနက်သောမျဉ်းကွေးပုံသဏ္ဌာန်အစက်များအသီးပေါ်တွင်တွေ့ရတတ်သည်။ထိုအခါ ထိသေပိုး သတ်ဆေးကို အညွှန်း အတိုင်းအသုံးပြုပေးရမည်။

       ပင်စည်ထိုးပိုးသည် သရက်ပင်အတွက်  အလွန်အန္တရာယ်များသော ပိုးဖြစ်သည်။ အပင်ခြောက်၍သေခြင်း၊ အကိုင်းခြောက် ခြင်း ဖြစ်တတ်သည်။ ထိုအခါ အသီးအထွက်လျော့နိုင်သည်။ ထိုပိုးကျပါက ပိုးကျသောကိုင်းကိုဖြတ်ပါ။ ပိုးသတ်ဆေးနှင့် ထုံးရော၍ ပင်စည်ကိုသုတ်ပေးရမည်။ သရက်ပင်ရောဂါများမှာ မှည့်ပြောက်စွန်းရောဂါ၊ ပန်းခိုင်ခြောက်ရောဂါ၊  ကိုင်းဖျား ‌ခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊  မီးခိုးရောင်ရွက်ပြောက်ရောဂါ စသည်တို့ဖြစ်သည်။ မှည့်ပြောက်စွန်းရောဂါသည် အရွက်နု ထွက်ချိန်၊  ပန်းခိုင်ထွက်ချိန်နှင့်အသီးခူးပြီးချိန်၊ ပူပြင်းစိုစွတ်ချိန်တို့မှာဖြစ် တတ်သည်။ အရွက်၊ အကိုင်း၊ အသီးတို့တွင် ရွက်ခြောက်လက္ခဏာများတွေ့ရသည်။ ထိုအခါ  ဓာတုမှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရသည်။ ဖားဥမှိုရောဂါသည် ပွင့်ပိုင်း များမှ အဓိကဝင်ရောက်သည်။ ထိုအခါ  အသီးတင်နှုန်းကိုထိခိုက်စေသည်။  အရွက်ပေါ်တွင်  အဖြူ သို့မဟုတ် မီးခိုးရောင်မှို မျှင်ကွက်များ ဖြစ်ပေါ်နေတတ်သည်။ ထိုအခါ  သင့်လျော်ရာဓာတုဆေးတစ်မျိုးမျိုးဖျန်းပေးရမည်။

 သရက်သီးထုတ်ကုန်နှင့်ပြည်ပပို့ကုန်သရက်သီး

    သရက်သီးသည်စျေးကွက်ဝင်သောအသီးဖြစ်သည်။ ယနေ့စျေးကွက်မှာလည်း စျေးကောင်းသည်။ သရက်ပင်က နှစ်ရှည်ပင်စ်သည့်အတွက် တစ်ခါစိုက်ပြီး  တစ်သက်အကျိုးအမြတ်ရနိုင်သောအပင်မျိုးဖြစ်သည်။ ၅-၁၀ နှစ်သားအပင်တစ် ပင်ကို အလုံး ၁၀၀ ခန့်သီးနိုင်ပြီး ၁၂ နှစ်သားတစ်ပင်လျှင် အလုံး ၅၀၀ မှ ၁၅၀၀ အထိ သီးနိုင်သည်။ ၂၁ နှစ်သား အထက်သရက်တစ်ပင်ဆိုလျှင် ၁၅၀၀ ခန့် သီးနိုင်သည်။     သရက်ပင်က သီးကင်းလေးများ ကြွေကျတတ် သည်။   ထိုသီး ကင်းလေးများကိုကောက်ယူ၍ သရက်သီးဆားရည်စိမ်ပြုလုပ်၍  ရောင်းချသည်လည်းရှိသည်။

       ထို့ပြင် သရက်သီးပိုးတီလှီး၍ သရက်ချဉ်ပြုလုပ်ပြီးလည်းရောင်းချကြသည်။ ထို့ပြင် သရက်သီးသနပ်၊ သရက်သီး ယို၊ သရက်ပျဉ်စသည်ဖြင့်  သရက်သီးထုတ်ကုန်များပြုလုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များ ရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်လူကြိုက်များသောစိန်တစ်လုံးသရက်လည်းရှိသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်က တစ်လုံး ၅၀၀ လောက်ပေးရသည်။ယခုဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။  ရုရှားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စိန်တစ်လုံး သရက်သီး နှင့်သရက်ခြောက်များကို ဝယ်ယူဖို့ကမ်းလှမ်းထားကြောင်း သတင်းစာတစ်စောင်မှာ  ဖော်ပြထားသည်ကို တွေ့ရသည်။  ထို့ကြောင့်   မြန်မာ့စိန်တစ်လုံးသရက်သည်   ပြည်ပစျေးကွက်ဝင်သရက်ဖြစ်သည်။သရက်သီးသည်  ယခင်ကလည်းပြည်ပပို့ကုန်တစ်ခုဖြစ်ခဲ့သည်။

      ၂၀၁၅-၂၀၁၆ လောက်က သရက်တန်ချိန်ထောင်ပေါင်း ၂ ဒသမ ၇၈ တန်တင်ပို့နိုင်ခဲ့ရာ ပြည်ပဝင်ငွေအမေရိကန် ဒေါ်လာ ၉ ဒသမ ၄၇ သန်းရရှိခဲ့သည်ဟု  မှတ်သားခဲ့ရဖူးသည်။ စိန်တစ်လုံးသရက်ကိုလည်း နိုင်ငံခြားစျေးကွက်သို့တင်ပို့ရာ ၂၅၀ ဂရမ်၊ ၃၀၀ ဂရမ်အရွယ်အစားရှိ စိန်တစ်လုံးသရက်သီးတစ်တန်ကို ၁၂၅၀၀၀၀ ကျပ်ရရှိကြောင်း သိရသည်။ သရက်ထုတ်ကုန်အနေဖြင့်သရက်ပျဉ်ရသည်။ ထိုခြံများမှ သရက်သီးစိမ်းများကိုဝယ်ယူ၍ သရက်ချဉ်ပြုလုပ်ရောင်းချ သူများလည်းရှိသည်။  ထိုလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သည်။  

        ယခုကာလပေါက်စျေးများအရ သရက်သီးသည်   စျေးကောင်းသောအသီးဖြစ်သည်။   အထက်မှာလည်း သရက် တစ်ပင်မှ ရရှိနိုင်သောဝင်ငွေကိုပျမ်းမျှခန့်မှန်းတွက်ချက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သရက်သီးသည် နှစ်ရှည်ပင်ဖြစ်သလို အကျိုးအမြတ်လည်းရရှိနိုင်သောကြောင့်စီးပွားဖြစ်သရက်စိုက်ပျိုးမည်ဆိုလျှင်   သိသင့်သည်များကို  လေ့လာတင်ပြလိုက်ပါ သည်။   

Source : ဆောင်းပါးရှင် - ကိုကျော်စွာ(ကျိုက်ပိ)

DOCA(ပြည်ထောင်စုနယ်မြေ)