Main menu

ကရင်ပြည်နယ် သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်အကြောင်း

Powered by Drupal
Thu, 09/04/2025 - 12:31 -- consumer_admin

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏အရှေ့တောင်ဘက်တွင်တည်ရှိပြီး  ရာသီဥတုအေးမြပြီး မြင့်မားသောတောင်တန်းများရှိသည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရန် အထူး သင့်တော်ကာ ထွက်ရှိလာသော လက်ဖက်ခြောက်များသည်လည်း ဈေးကွက်ထဲတွင် အရောင်းသွက် လှပါသည်။ လက်ဖက်ပင်များကို မေလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြ၍ မိုးဦးကာလဖြစ်သော မေလနှင့် ဇူလိုင်လသည် မြေစိုစွတ်မှု ကောင်းမွန်သောအချိန်ဖြစ်သောကြောင့် လက်ဖက်ပင်များအတွက် ရေအလုံအလောက်ရရှိပြီး အပင်ကြီးထွားမှု အားကောင်းစေပါသည်။ သံတောင်ကြီးလက်ဖက်ခြောက်သည် လတ်ဆတ်သောလက်ဖက်ရွက်များကို ပြုလုပ်ထားသော ကြောင့် သဘာဝအတိုင်း နီညိုရောင်ရှိပါသည်။

       သံတောင်ကြီးဒေသတွင်ထုတ်လုပ်သော လက်ဖက်ခြောက်အမျိုးအစားများမှာ လက်ဖက်ခြောက်အစိမ်း၊ လက်ဖက်ခြောက်အနက်နှင့် လက်ဖက်ခြောက်အဖြူတို့ဖြစ်ပါသည်။ လက်ဖက်ခြောက် အစိမ်းနှင့် လက်ဖက်ခြောက်အနက်မှာ လူကြိုက်အများဆုံးဖြစ်ပြီး  လက်ဖက်ခြောက်အဖြူကိုတော့ အနုဆုံး လက်ဖက်ရွက်များဖြင့် ပြုလုပ်ထားပြီးထုတ်လုပ်မှုနည်းပါသည်။ လက်ဖက်ပင်မှ လက်ဖက်ခြောက် ပြုလုပ်ရာတွင် ခူးယူခြင်း၊ နေလှန်းခြင်း၊ လှော်ခြင်း၊ လိပ်ခြင်း၊ သိုလှောင်ခြင်းဖြင့် အဆင့်ငါးဆင့်ပြုလုပ် ကြပါသည်။ အဆင့်ဆင့်ပြုလုပ်ပြီးသော လက်ဖက် ခြောက်များကို အစိုဓာတ်လုံးဝမရှိစေရန် အခြောက်ခံ ထား၍ အနံ့များစုပ်ယူမှုမရှိစေရန်အတွက် လေလုံသော ပလတ်စတစ်အိတ်များဖြင့် သေချာစွာ ထုပ်ပိုး ထားရပါသည်။

      လက်ရှိဈေးကွက်ထဲတွင် လက်ဖက်ခြောက် ၁ ပိဿာလျှင် ၂၅၀၀၀ မှ ၂၇၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိပြီး ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်လျက်ရှိနေပါသည်။ လက်ဖက်ခြောက် များကို သံတောင်ကြီးဈေးများတွင် ရောင်းချနေပြီး အနီးတစ်ဝိုက်ဒေသဖြစ်သော တောင်ငူမြို့ သို့လည်း တင်ပို့ ရောင်းချလျက်ရှိပြီး အနယ်နယ်အရပ်ရပ်သို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

       သံတောင်ကြီးဒေသတွင် ကရင်လူမျိုးများ အများဆုံးနေထိုင်ကြပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြ၍ သံတောင်ကြီး လက်ဖက်ခြောက်ထုတ်လုပ်ခြင်းသည်လည်း ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော ထုတ်ကုန်ပစ္စည်းတစ်ခုပင် ဖြစ်ပါတော့သည်။

DOCA(ပဲခူး)