
ရခိုင်ငှက်ပျောသီးသည် ရခိုင်ပြည်နယ်မှ အဓိကထွက်ရှိပြီး ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့ဘက်မှလည်း ထွက်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ မောင်တောခရိုင်နှင့် သံတွဲခရိုင်တို့တွင် အဓိကထွက်ရှိပြီး မြစ်ချောင်းများဖြတ်သန်းရာ နုန်းတင်မြေနှင့် ရာသီဥတု စိုထိုင်းမှုများကြောင့် ငှက်ပျောပင်ကြီးထွားရာ ဒေသများလည်းဖြစ်စေပါသည်။ ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တည်ရှိပြီး မြစ်ချောင်းများမှ နုန်းတင်မြေဆီလွှာများကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှုအတွက်လည်း အကောင်း ဆုံးဒေသတစ်ခုဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ဒေသခံများက ရခိုင်ငှက်ပျောကို မိသားစု ဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြ ပါသည်။ ရှမ်းပြည်နယ်၊ စေတုတ္တရာမြို့နယ်တွင် ရခိုင်ငှက်ပျောကို ဓာတုဆေးဝါးများမသုံးဘဲ သဘာဝမြေဩဇာ များ အသုံးပြုကာ စိုက်ပျိုးသောကြောင့် ရှမ်းပြည်နယ်ဘက်မှထွက်ရှိသော ရခိုင်ငှက်ပျောများသည်လည်း ဝယ်ယူမှုများလှပါသည်။ ပြည်တွင်းစားသုံးမှုမြင့်မားသော ဒေသများ ဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းနှင့်ဧရာဝတီတိုင်းတို့တွင်လည်း ရခိုင်ငှက်ပျောအပါအဝင် ငှက်ပျောမျိုးစုံကို စိုက်ပျိုးကြ ပါသည်။
ရခိုင်ငှက်ပျောသီးသည် အခြားငှက်ပျောသီးများထက် သေးငယ်ပြီး အခွံပါးကာ အရသာမှာလည်း ပိုပြီး ချိုမြိန်ပါသည်။ ရခိုင်ငှက်ပျောသီးကို စားသုံးခြင်းဖြင့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်နှင့် သဘာဝသကြားဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခန္ဓာ စွမ်းအင်မြှင့်တင် ပေးခြင်းနှင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ရခိုင်ငှက်ပျောသီးကို ငှက်ပျောခြောက်ပြုလုပ်ရန် နေပူပူတွင် အခြောက်လှန်းခြင်း၊ ငှက်ပျောသီးဖျော်ရည်၊ ငှက်ပျောကိတ်မုန့်နှင့် မုန့်ပဲသရေစာများ ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။
ရခိုင်ငှက်ပျောသည် မြန်မာနိုင်ငံ၏ပထမဆုံး GI (Geographical Indication) မှတ်ပုံတင်ထား သော(၂၀၁၆)ထုတ်ကုန်တစ်ခုဖြစ်ပြီး အခြားဒေသများတွင်စိုက်ပျိုးထားသော ရခိုင်ငှက်ပျောများ သည် မူရင်းဒေသ ရခိုင်ပြည်နယ်မှထွက်ရှိသည့် အသီးများလောက် အရည်အသွေးအပြည့်အဝမရှိပါ။ မြန်မာတိုင်းရင်းသားလူမျိုးများသည် ရိုးရာယဉ်ကျေးမှုအရ ဘုရားပွဲများ၊ ဘာသာရေး အခမ်းအနား များ နှင့်ဧည့်ခံပွဲများတွင် ရခိုင်ငှက်ပျောသီးကို အဓိကအသုံးပြုလေ့ရှိကြပါသည်။ ရခိုင်လူမျိုးတို့၏ အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး ပြည်တွင်းတွင် သာမကပြည်ပ နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်၊ စင်ကာပူ နိုင်ငံများသို့ တင်ပို့ရောင်းချသောကြောင့် ဒေသခံများ၏ဝင်ငွေ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါသည်။
DOCA(ပဲခူး)