မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်၍ စိုက်ပျိုးရေးဖြစ်ထွန်းရာ နိုင်ငံဖြစ် သည်နှင့်အညီ နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ပြီး သီးနှံမျိုးစုံအနက်မှ ကုန်စိမ်းသီးနှံကြက်သွန်နီကိုလည်း တစ်ပိုင်တစ်နိုင်မှ ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ ကြက်သွန်နီသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသစီးပွားဖြစ် စိုက်ဧက အများဆုံး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီအား ၁၉၅၈ - ၁၉၅၉ ဘဏ္ဍာနှစ်ခန့်တွင် ပြည်တွင်းစားသုံးမှု ဖူလုံခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းခဲ့ရပြီး ၁၉၆၂ ခုနှစ်မှစ၍ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု များလာပြီး စားသုံးမှု ဖူလုံ၍ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းခြင်း မရှိကြောင်း၊ ထိုနှစ်များမှစ၍ ပြည်တွင်းကြက်သွန်နီ တိုးချဲ့စိုက်ပျိုးရာမှ ၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ် နောက်ပိုင်းမှစ၍ ပြည်တွင်းကြက်သွန်နီများကို ပြည်ပနိုင်ငံများသို့ ကုန်ချိန်အများအပြား တင်ပို့နိုင်ခဲ့ ပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးမှုကို အထောက်အကူများစွာ ရရှိလျက်ရှိသည်။
ကြက်သွန်နီသည် နေ့စဉ်စားသုံးနေသော အစားအစာတို့တွင် မပါမပြီး အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ဟင်းလျာများကို အနံ့၊ အရသာ ကောင်းမွန်စေရန်သာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသည့် မြန်မာလူမျိုးများ ကြိုက်နှစ် သက်စွာ စားသုံးသောသီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် ပင်ပျော့ပင်ငယ် တစ်မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံတစ်မျိုးဖြစ်သည်။ မိုးရွာသွန်းမှုကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ရေသွင်း စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းပြီး မြေအစိုဓါတ်ရှိသော မြေအတော်များများတွင် စိုက်ပျိုးနိုင် ကြောင်း၊ ရေဝပ်မြေကို စိုက်ပျိုးပါက သီးနှံဖြစ်ထွန်းမှု မရှိကြောင်း၊ ကြက်သွန်နီသည် ရာသီဥတု အပူအအေး သင့်တင့်မျှတသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သော သီးနှံဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံတောင်သူများအနေဖြင့် မြေအောက်ရေနှင့် နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် စီးဆင်းလျက်ရှိသော ယောချောင်း၊ ကျောချောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ကို အမှီပြု၍ နှစ်ရှည်စိုက်ပျိုးသီးနှံများကို ရာသီအလိုက် ဆန်စပါး၊ ကြက်သွန်နီ၊ အာလူး၊ ဆေးရွက်ကြီး၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲနှင့် ပဲမျိုးစုံကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ပျိုးကြသည်။ စိုက်ပျိုးသီးနှံများထဲမှ ကြက်သွန်နီသီးနှံကို စိုက်ဧက(၂၀၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း သိရှိရ သည်။ စိုက်ပျိုးရာတွင် မိုးစိုက်၊ ဥစိုက်၊ ဆောင်းစိုက်၊ ပင်စိုက် အပြင် မျိုးဥမှ မျိုးစေ့ယူ စိုက်ပျိုးခြင်း ကိုလည်း ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး (၃)လသား ရက်ပေါင်း(၉၀) အကြာတွင် တူးဖော်ကြပြီး ထွက်ရှိသော ကြက်သွန်နီများကို ပြည်တွင်းစားသုံးမှု ပိုလျှံ၍ ပြည်ပနိုင်ငံ များဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသည်။ ကြက်သွန်နီသီးနှံ သည် ကုန်ကျစရိတ်များသော်လည်း ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်၍ ဈေးကောင်းရရှိသည့် နှစ်များတွင် အခြားသီးနှံများထက် အကျိုးအမြတ်များစွာ ရရှိသောသီးနှံဖြစ်၍ နှစ်စဉ်မပြတ် စိုက်ပျိုး ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဒေသစီးပွားဖြစ်လုပ်ကိုင်ပြီး နှစ်စဉ်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ၍ သီးနှံများစွာထဲမှ တောင်သူများ အကျိုးအမြတ်များစွာရရှိနိုင်သော ကြက်သွန်နီသီးနှံကို ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ တစ်နယ်လုံး နီးပါး ဒေသစီးပွားဖြစ် အဓိကအားထား စိုက်ပျိုးကြသည်။ စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများမှာ လည်း နှစ်ပတ်လည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိ၍ ကြက်သွန်နီစိုက်ပျိုးရေး လုပ်ငန်း သည်လည်း မဖြစ်မနေ စိုက်ပျိုးပြီး နှစ်စဉ်စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုးတောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီသီးနှံကို မြို့နယ်အတွင်း၌ ကြက်သွန်နီရောင်းဝယ်ရေး ကုန်စည်ဒိုင် ဖွင့်လှစ်ထားရှိခြင်းကြောင့် အခြားမြို့နယ်များသို့ သွား ရောက် ရောင်းချရခြင်းမရှိဘဲ မိမိမြို့ဒေသတွင်းသာ အရောင်းအဝယ်ပြုလုပ်ရခြင်းဖြစ်၍ ကုန်သွယ် ရောင်းဝယ်မှုလုပ်ငန်းများ အဆင်ပြေ၍ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားထား စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ ပခုက္ကူခရိုင်အတွင်း သီးနှံရောင်းဝယ်ရေး ကုန်စည်ဒိုင်များ ဖွင့်လှစ်ထားရှိ၍ ဒေသတွင်း ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းများအပြင် ပြည်ပနိုင်ငံများသို့ မြဝတီ၊ မူဆယ်မြို့ ဝယ်လက်များမှတစ်ဆင့် တိုက်ရိုက်ဖြန့်ဖြူးလျက်ရှိ၍ စိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရှိရသည်။
ကြက်သွန်နီသီးနှံကို ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများ၊ ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေကုန်းချောင်း နံဘေးရှိ သဲနုန်းမြေများအပါအဝင် စပါးခင်းကျွတ် လယ်ကွဲမြေများ တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးကြက်သွန်နီနှင့် ဆောင်းကြက်သွန်နီ(၂)မျိုးကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးပြီး ပင်စိုက်(ဆောင်း)ကြက်သွန်နီကို အဓိကစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုး ကြောင်း၊ (မိုး)ကြက်သွန်နီကို စိုက်ပျိုးချိန်တွင် အစိုဓါတ်များစွာရရှိ၍ ကြာရှည်သိုလှောင်၍ မရရှိခြင်း ကြောင့် စိုက်ဧက အနည်းငယ်သာ စိုက်ပျိုးကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၂ ခုနှစ် တွင် (၆၂၀၄)ဧက၊ ၂၀၂၃ ခုနှစ်တွင် (၆၂၅၃)ဧက၊ ၂၀၂၄ ခုနှစ်တွင် (၆၉၀၀)ဧက၊ ၂၀၂၅ ခုနှစ်တွင် (၇၀၅၀)ဧကခန့် စိုက်ပျိုးကြောင်း၊ ကြက်သွန်နီသီးနှံသည် ပြည်ပပို့ကုန်သီးနှံဖြစ်၍ ယခင်(၃)နှစ် ဆက်တိုက် အကျိုးအမြတ်များစွာ ရရှိခဲ့ခြင်းကြောင့် ဒေသခံစိုက်တောင်သူများမှ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ကြက်သွန်နီကို မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးပြီး (မိုး)ကြက်သွန်နီကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် ရိတ်သိမ်းကြောင်း၊ (ဆောင်း) ကြက်သွန်နီကို ဒီဇင်ဘာလတွင် စိုက်ပျိုး၍ မတ်၊ ဧပြီလတွင် ရိတ်သိမ်းသည်။ စိုက်ပျိုးရာတွင် မိုးစိုက် ၊ ဥစိုက်၊ ဆောင်းစိုက်၊ ပင်စိုက်၊ မျိုးစေ့မှတစ်ဆင့် ပျိုးပင်စိုက်ပျိုးခြင်း၊ မျိုးစေ့မှတစ်ဆင့် မျိုးဥယူ စိုက်ပျိုးခြင်း၊ ပျိုးပင်မှတစ်ဆင့် ဥယူစိုက်ပျိုးခြင်း၊ မျိုးဥမှတစ်ဆင့် မျိုးစေ့ယူစိုက်ပျိုးခြင်းဖြင့် အမျိုး မျိုး ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ အရည်အသွေးကောင်းပြီး အထားခံသော ရွှေဖလား ထိပ်မောက် ကြက်သွန်နီမျိုးကို အများဆုံး စိုက်ပျိုးပြီး စိုက်ပျိုးရာတွင် မျိုးစေ့မှ တစ်ဆင့် ပျိုးထောင်
၃
ပြီး ပျိုးပင်များကို စိုက်ပြီးရရှိသော ကြက်သွန်နီမှာ သီးနှံပေါ်ချိန်မှ (၇၊ ၈)လခန့် အထားခံသဖြင့် နောက်လာ မည့် ရာသီပေါ်ချိန်ထိ သိုလှောင်ထားနိုင်သဖြင့် စိုက်ဧကအများဆုံး ဒေသစီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ကြက်သွန်နီစိုက်ပျိုးချိန်တွင် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှပိဿာ (၃၅၀၀-၄၀၀၀)ခန့်သာ ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ်(၄၀-၄၅)သိန်းခန့် ကုန်ကျ ကြောင်း၊ ကြက်သွန်နီတစ်ပိဿာ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၃၀၀)ခန့်ကုန်ကျကြောင်း၊ (နွေ) ကြက်သွန်နီ တူးဖော်ချိန်တွင် မိုးများစွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်၍ စိုက်ခင်းအချို့ ရေဝင်ခြင်းကြောင့် စိုက်ပျိုးမှု၏ ၁၀% ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယခုနှစ်တွင် တစ်မြို့နယ်လုံး ကြက်သွန်နီ အထွက်နှုန်းပိဿာ သိန်း(၂၈၀)ခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့လျက် ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် အခြားမြို့များသို့လည်း တင်ပို့လျက်ရှိသည်။ ပြည်ပ ပို့ကုန်အဖြစ် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ဝယ်လက်များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရှိရ သည်။
ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၅၀၀-၂၀၀၀)ဝန်းကျင်ခန့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ၍ စိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် (မိုး) ကြက်သွန်နီ တူးဖော်ချိန်တွင် ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၅၀၀) မှ အနိမ့်ဈေး ကျပ် (၁၅၀၀)ဖြင့် ရောင်းချခဲ့ရ၍ (မိုး)ကြက်သွန်နီစိုက် တောင်သူ များ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း၊ (ဆောင်း)ကြက်သွန်နီ ပင်စိုက်တူးဖော်ချိန် မတ်လကုန် ဧပြီလဆန်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၆၅၀-၁၀၀၀)၊ မေလတွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၁၄၀၀-၉၀၀)၊ ဇွန်လတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၂၅၀-၇၀၀)၊ ဇူလိုင်လ အစောပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၀၀၀-၇၀၀)ဈေးအသီးသီးဖြင့် ဒေသတွင်း ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နယ်မြေ အခြေအနေနှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခက်အခဲများဖြစ်ခြင်းကြောင့် ကြက်သွန်နီဈေး တရိပ်ရိပ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်ခဲ့သည်။
ဈေးကွက်အနေဖြင့် ယခုဇူလိုင်(စတုတ္ထပတ်) အစောပိုင်းကာလတွင် ကြက်သွန်နီ ဈေးတန်း ပြန်လည်မြင့်တက်လာပြီး ပွဲစားများမှ ကျေးရွာများထိ ဆင်းပြီး အရည်အသွေး ကောင်းသော ကြက်သွန်နီများကို တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ဈေးဖြင့် ဝယ်ယူနေကြောင်း၊ တောင်သူများ လက်ထဲတွင် ကြက်သွန်နီများ ရှိနေသော်လည်း ဈေးကွက်ကျဆင်းခြင်းနှင့်အတူ နယ်မြေအခြေအနေ နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ရောင်းချမှုနည်းပြီး ကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း သိရှိရသည်။ ယခုကာလတွင် သိုလှောင်ထားရှိသော ကြက်သွန်နီ လက်ကျန် လျော့နည်းလာပြီး ကြက်သွန်နီရာသီကုန်ချိန် နီးလာခြင်းကြောင့် ကြက်သွန်အချို့ အရည်အသွေး ကျဆင်းလာပြီး အလေအလွင့်များ၍ အလျော့များလာပြီဖြစ်ရာ ကြက်သွန်နီ တူးဖော်
၄
ပြီး ယခုကာလအထိ သိုလှောင်ချိန် (၄)လခန့်ပြီဖြစ်၍ ကုန်ချိန်ပိဿာ၏ ၃၀%ခန့် လျော့နည်းပြီး အလေအလွင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်၍ တောင်သူများအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ခန့် ဈေးဖြင့် ရောင်းချမှသာ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ကြက်သွန်နီကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း(၁၇၅)နိုင်ငံခန့် စိုက်ပျိုးထားရှိပြီး တန်ချိန် သန်းပေါင်း(၂၈)သန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ များတွင် ကြက်သွန်နီကို အကြီးအကျယ်စိုက်ပျိုးကြပြီး စိုက်ပျိုးရေးအဆင့်မြင့် နည်းပညာများ သုံးစွဲနိုင်ခြင်းကြောင့် အရည်အသွေးကောင်း ကြက်သွန်နီများ ထုတ်လုပ်နိုင်၍ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူနိုင်ပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြက်သွန်နီရောင်းဝယ်ရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုလျက်ရှိ သည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စိုက်ဧက(၁၇)သိန်းခန့် စိုက်ပျိုးထားရှိပြီး တန်ချိန်(၁)သန်း ဝန်းကျင်ခန့် ထွက်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံ၍ ပြည်ပနိုင်ငံများသို့ ကုန်ချိန် များစွာ တင်ပို့လျက်ရှိပြီး ပြည်ပဝယ်လက်ရှိမှသာ ဈေးကွက်ကောင်း၍ တောင်သူများ ကြက်သွန်နီ ဈေးကောင်းရရှိပြီး အဆင်ပြေကြောင်း၊ ကြက်သွန်နီသီးနှံသည် လက်ရှိအခြေအနေတွင် ပြည်ပ ဝယ်လက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ကြက်သွန်နီစိုက် တောင်သူများမှာ ယခင်(၃)နှစ်ဆက်တိုက် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိပြီး အကျိုး အမြတ်များစွာ ရရှိခဲ့သော်လည်း ယခုနှစ်(ဆောင်း)ကြက်သွန်နီ တူးဖော်ချိန်မှစ၍ ယခုအချိန်ထိ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်၍ တောင်သူများ အရှုံးပေါ်နေခြင်းကြောင့် နိုင်ငံတော် အစိုးရနှင့်အတူ စိုက်ပျိုးရေးပညာရှင်များ မြန်မာနိုင်ငံ ကြက်သွန်နီစားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့်ပူးပေါင်း၍ အရည်အသွေးကောင်း ကြက်သွန်နီများ ထုတ်လုပ်နိုင်ရေး ပြည်ပဈေးကွက်ရှာပြီး ပိုမိုတင်ပို့နိုင်ရေး ပြည်ပဝယ်လက် ပုံမှန်ရှိနေစေရေး အတွက် လိုအပ်သည့် ကူညီချိတ်ဆက်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှု လုပ်ငန်းများ လျှင်မြန်ချောမွှေ့ပြီး ဈေးနှုန်းဈေးကွက် ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက် ပေးသင့်ပါကြောင်း၊ ယခုအချိန်တွင် စိုက်တောင်သူများမှ (ဆောင်း)စိုက်ကြက်သွန်နီ ကုန်ဆုံးရာသီ ချိန် မရောက်ခင် ဈေးကောင်းရရှိရန် မျှော်လင့်နေပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါ သည်။
DOCA(မကွေး)