Main menu

ကြာဖြူကြာနီ

Powered by Drupal
Fri, 07/25/2025 - 11:54 -- consumer_admin

   ကြာပန်းဟုဆိုရာဝယ် ရေကန်တွေထဲမှာ ပေါက်ရောက်ရှင်သန်သည့် ကြာဖြူကြာနီ ပန်းများရှိသလို မြေပြင်ပေါ်တွင် ပေါက်ရောက်ပြီး လရောင်ဖြာ ညအခါမှသာ ပွင့်တတ်သော ကုမုဒြာကြာပန်းဟူ၍လည်းရှိပါသည်။ ကြာမျိုးငါးပါးဟုဆိုရာဝယ် ကုမုဒ၊ ပုဏ္ဍရိက ၊ ပဒုမ၊ ကြာဖြူကြာနီကြာညို ဟူ၍ ရှိပါသည်။ ပဒုမ္မာကြာဖြူကို ပုဏ္ဍရိကကြာဟု ခေါ်ဆိုပြီး ကြာဖြူရိုးရိုးကို ကုမုဒြာကြာဟု ခေါ်ဆိုကြသည်။ မြတ်စွာဘုရား၏ (၁၀၈) ကွက်စက်လက္ခဏတော်များ ထဲတွင် ကြာပုဏ္ဍရိတ်ဆိုတာပါရှိကြောင်း လေ့လာသိရှိရသည်။ ကြာပန်း၏ အဓိပ္ပာယ်မှာ သန့်စင်ခြင်း ဟူ၍ ဖြစ်သည်။ ရွံနွွံတွေထဲမှ တိုးထွက်ဖူးပွင့်လာပြီး အညစ်အကြေးပေကျံခြင်း မရှိဘဲ အလှဆုံးပွင့် လန်းသောကြောင့် ဖြစ်ပါသည်။ ပဒုမ္မာကြာဆိုသည်မှာ အဆင်းလှရုံတင်မဟုတ်ဘဲ ကြာစေ့၊ ကြာဝတ်ဆံ၊ အဖူးအပွင့် ၊အရိုး၊ အရွက်၊ အမြစ်၊အပင်ထိ ပဉ္စငါးပါးစလုံး အသုံးဝင်သည်။ ပန်းပင်၊ စားပင်သီးပင်၊ ဆေးဖက်ဝင်အပင်ဖြစ်သည်။ ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့်ပနံသင့် ဆိုသည့် အတိုင်း သူတို့ပွင့်လန်းရှင်သန်ရာဒေသအလိုက် သူတို့ရဲ့ အလှနှင့် ဖြည့်ဆည်းပေါ်လွင်စေပါသည်။ ကျေးလက်ဒေသရှိ  လယ်ကွင်းပြင်ထဲမှာ ရှိရှိ ကန်ရေပြင်ထဲမှာပဲ နေနေ ခူးဆွတ်၍ ဘုရားပူဇော် လေ့ရှိပါသည်။ အခမ်းအနားအလှအပပြင်ဆင်ရာတွင်လည်း ကြာပန်းနှင့် အလှဆင်ကြသည်။ ပဒုမ္မာကြာရိုကို ကြာချည်ငင်ပြီး ကြာသင်္ကန်းယက်လုပ်၍ ဘုရားရှင်အား ပူဇော်ခြင်းသည် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံသာရှိပြီး အင်းလေးဒေသ၏ ကမ္ဘာကျော်ရိုးရာပွဲတစ်ခုဖြစ်ပါသည်။ ကြာပွင့်ဖတ်၊ ကြာဝတ်ဆံများကို အကြော်မှုန့်ကပ်ပြီး ကြော်စားကြသည်။ ကြာပွင့်ဖတ်၊ ကြာဝတ် ဆံများကို အခြောက်လှန်းပြီးရေနွေးခက်သောက်က ရနံ့သင်းလှတဲ့ ကြာဝတ်ဆံလ္ဘက်ရည်ကြမ်းကို အာရှနိုင်ငံများတွင် ကျန်းမာရေးအတွက် Harbel Tea သောက်သုံးကြသည်။ ထမင်းပူပူဟင်းပူပူ လေးများကို ကြာဖက်ဖြင့် ထုတ်ပိုး၍ ကြာဖက်ထမင်းပြုလုပ်၍ ရောင်းချကြသည်။ ကြာစွယ်၊ ကြာပန်းဓာတ်မတည့်သူများ အရေပြားယားယံတာ ဖြစ်တတ်သောကြောင့် သတိပြုသင့်ပါသည်။ ကမ္ဘာမှာ မြန်မာကြာပန်း၏ အသုံးဝင်ပုံများ ဆက်လက်တည်တံ့ခိုင်မြဲစွာ ရှိနိုင်ပါစေ။

DOCA(မန္တလေး)