Main menu

သင်္ဘောစေ့၏ ဆေးဘက်ဝင်အကျိုးပြုပုံများ

Powered by Drupal
Wed, 07/23/2025 - 14:19 -- consumer_admin

   သင်္ဘောသီးအစေ့များသည် အာဟာရနှင့် ဆေးဖက်ဝင်အာနိသင်များ ကြွယ်ဝသော်လည်း အသုံးဝင်ပုံများနှင့် အသုံးပြုပုံများကို သိရှိသူနည်းပါးသဖြင့် လူအများစုက စွန့်ပစ်လေ့ရှိကြသည်။ သင်္ဘောသီးအစေ့တွင် carpaineအဆိပ်ဓာတ်ပါသော အန်သင်လ်မင်တစ်ဓာတ် (anthelmintic alkaloid) ပါဝင်သဖြင့်  အစေ့ခြောက်များကို ကြိတ်ပြီး ရေနှင့်ပြုတ်ကာ ပျားရည်ဖြင့် ရောသောက်ခြင်း သို့မဟုတ် လတ်ဆတ်သောအစေ့ ၅-၇ စေ့ကို နေ့စဉ်ဝါးစားခြင်းဖြင့် အူတွင်းရှိ သန်ကောင်၊ တုတ်ကောင်များကို ဖယ်ရှားပေးနိုင်သည်။ အစေ့ ၅ စေ့ကို ကြိတ်၍ သံပရာရည်တစ်ဇွန်းနှင့် ရောသောက်ပါက အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားရာတွင်ထိရောက်သည်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်တည်ခြင်းမှကာကွယ်ရန် တစ်နေ့ လျှင် အစေ့ ၇ စေ့ ပုံမှန်စားသုံးနိုင်သည်။
     အစေ့မှုန့်ကို ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုပါက လေပွခြင်း၊ အစာအိမ်အချဉ်ပေါက် ခြင်းကို သက်သာစေပြီး အစာအဆိပ်သင့်စေသော E.coli ဘက်တီးရီးယားကို နှိမ်နင်းနိုင်သည်။ အစေ့နှင့်သင်္ဘောရွက်ကို ကြိတ်ချေပြီး မျက်နှာပေါ်လိမ်းကာ ၁၀ မိနစ်ထားပါ။ ရေဆေးချ၍ တစ်ပတ် တစ်ကြိမ် လုပ်ပေးပါက ဝက်ခြံများမဖြစ်ပွားစေရန် တားဆီးပေးသည်။ ပျားရည်နှင့် ရောစားခြင်း သို့မဟုတ် ဖျော်ရည်ထဲထည့်သောက်ပါက အဆီနှင့်သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေးကာ ဇီဝ ကမ္မဖြစ်စဉ်ကို မြန်ဆန်စေသည်။ သင်္ဘောစေ့၏ အခါးဓာတ်ကြောင့် ပမာဏနည်းနည်းဖြင့် စတင် စားသင့်ပြီး ပျားရည်/ သံပရာရည်ဖြင့် ရောစားနိုင်သည်။ သားအိမ်ကို ကျုံ့စေသောအာနိသင်ရှိ၍ ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ သုံးစွဲရန်မသင့်ပါကြောင်း လေ့လာ သိရှိရသည်။

DOCA(မန္တလေး)