
စောင်းလျားသီး၏မူရင်းဒေသမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ဖြစ် ပါသည်။ အချိုသီးနှင့် အချဉ်သီးဟူ၍ နှစ်မျိုးရှိပြီး စောင်းလျားသီးကို အင်္ဂလိပ်အမည် Star Fruit ဟုခေါ်ဆိုသည့်အပြင် Carambola ဟူ၍လည်းအများအပြားခေါ်ဝေါ်ကြပါသည်။ ကျန်းမာရေးနှင့် သင့်လျော်သော အသီးအနှံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရာတွင် စောင်းလျားသီးသည်လည်းသင့် တော်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။ ယခုအခါတွင် သစ်သီးဝလံများကို ကျန်းမာရေးနှင့်အညီ အဓိကအစားအစာများအဖြစ် စားသုံးလာပြီးနောက် မြန်မာနိုင်ငံတွင်လည်း စောင်းလျားသီးအပင် များကို တိုးချဲ့စိုက်ပျိုးလာကြသည်။ စောင်းလျားပင်သည် အညာဒေသဘက်တွင်အများအပြား စိုက်ပျိုးပေါက်ရောက်ပြီး အစိုဓာတ်ရှိပြီး ပူနွေးသောရာသီဉတုတွင်ကောင်းစွာဖြစ်ထွန်းသည်။ မြေအမျိုးအစားတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး မြေဆီလွှာကောင်းပြီး ရေသွင်းရေ ထုတ်ကောင်းမွန်သောမြေမျိုးတွင် စိုက်ပျိုးပါကအထွက်နှုန်းကောင်းသည်။ စောင်းလျားသီးကို အက်ဆစ်ဆန်သောမြေ၊ အယ်ကာလီဆန်သောမြေများတွင်စိုက်ပျိုးနိုင်သည်။ စောင်းလျားပင်ကို ကိုင်းကူးစိုက်ပျိုးခြင်း၊ အဖူးအမြှုပ်၊ မြေထုပ်စည်းနှင့်အစေ့မှပျိုးထောင်စိုက်ခြင်းစသည့်နည်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ အပင်ငယ်စဉ်တွင် ရေလိုအပ်ချက်မှုအပေါ်မူတည်ပြီး တစ်ရက်ခြားရေလောင်း ပေးရသည်။ ပေါင်းမြက်များကို ရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာများထည့်ပေးဖို့လိုအပ်ပါသည်။ ကိုင်းကူးကိုင်းဆက်အပင်များသည် ၁ နှစ် ၂ နှစ်နေလျှင် အသီးစသီးပြီး အသီးများသည် ပင်စည် များပေါ်တွင် သီးသည်။ တစ်နှစ်ပတ်လုံးအသီးသီးနိုင်ပြီး အသီးသီးနှုန်းအမြင့်ဆုံးအချိန်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှ အောက်တိုဘာလအတွင်းဖြစ်ပါသည်။ အသီးနုချိန်မှ အသီးရင့်ချိန်သည် ရက်ပေါင်း၆၀ ကြာလေ့ရှိပါသည်။ အသီးအရောင် အစိမ်းမှ အဝါရောင်သို့ပြောင်းသွားချိန်တွင် ခူးဆွတ်နိုင်ပါသည်။ အထွက်နှုန်းသည် မျိုးနှင့်အပင်အသက်ပေါ်တွင်မူတည်ပြီး ပုံမှန်အားဖြင့် တစ်ပင်တွင် ၈၀-၉၀ ကီလိုဂရမ်ထွက်ရှိပါကြောင်း စိုက်ပျိုးရေးနည်းလမ်းစာပေများမှ လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)