
ပေါက်ပန်းဖြူအပင်သည် အပင်လတ်မျိုးဖြစ်ပြီး အပင်ပျော့ဖြစ်ကာ ပေ(၂၀-၃၀)ထိမြင့်မား သည်။ အကိုင်းအခတ်များပြီး အရွက်မှာ ရှည်မျောမျော ပုံသဏ္ဍာန်ရှိပြီး ရွက်ရင်းနှင့်ရွက်ထိပ်မှာ ဝိုင်းနေပါသည်။ ရွက်ပြားမှာပြောင်ချောပြီး အနားညီပါသည်။ အပွင့်မှာ တစ်ခိုင်တွင် (၂-၄) ပွင့်အထိ ရှိပါသည်။ ကြားထွက် ပန်းခိုင်ဖြစ်သည်။ အပွင့်ဖြူလျှင်ပေါက်ပန်းဖြူ၊ အပွင့်နီလျှင် ပေါက်ပန်းနီဟု ခေါ်ကြပါသည်။ ပေါက်ပန်းဖြူကိုပိုပြီးလူသိများကြပြီး နှစ်မျိုးလုံးမှာဆေးဖက်ဝင်ပါသည်။ ပေါက်ပန်း ဖြူရွက်ကိုထမင်းစားသည့်အခါအတို့အမြှုပ်အနေဖြင့်စားသုံးကြသလို ပေါက်ပန်းဖြူကို သုပ်စားခြင်း၊ ကင်ပွန်းရွက်၊ မန်ကျည်းရွက်ဟင်းချိုချက်ရာ၌ ပေါက်ပန်းဖြူကိုထည့်၍ချက်လေ့ရှိကြပါသည်။ ပေါက်ပန်းဖြူအပင်မှာ အရွက်သာမက အပွင့် ၊ အစေ့ ၊ အခေါက်၊ အစေး၊ ဉ၊ အမြစ် စသည့်အစိတ် အပိုင်းများသည်လည်းအသုံးဝင်ပါသည်။ ပေါက်ပန်းဖြူ၏အသုံးဝင်ပုံများမှာ အပွင့်ကိုအရည်ညှစ်၍ မျက်စိ၌ခတ်ပေးခြင်းဖြင့် မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်းများကိုသက်သာစေနိုင်ခြင်း၊ ပြုတ်၍စားသုံး ပါက ကြက်မျက်သင့်ရောဂါကိုပျောက်ကင်းစေနိုင်ခြင်း၊ ဆီးချုပ်၊ ဆီးအိမ်ရောင်ခြင်းဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ရေနှင့်ကျိုပြီးချက်မှာအုံပေးလျှင် သက်သာပျောက်ကင်းစေနိုင်ခြင်း၊ အပွင့် ခြောက်ကို ရေနွေးထဲတွင်ထည့်သောက်သုံးပါက အမောပန်းပြေစေပြီး သွေးသားကိုသန့်စင်စေ နိုင်ခြင်း၊ တုပ်ကွေး(သို့မဟုတ်)ရိုးရိုးဖျားပါက ပေါက်ပန်းဖြူကိုကြက်သွန်နီများများဖြင့် ကြော်စား ပေးပါက သက်သာစေနိုင်ခြင်း၊ ပေါက်ပန်းဖြူအပင်၏အစေးကိုလိမ်းပေးပါက အနာ၊ အဖု၊အပိန့်များ ကိုပျောက်ကင်းစေနိုင်ခြင်း၊ ပေါက်ပန်းဖြူဉကိုအမှုန့်ပြုလုပ်၍ပျားရည်နှင့်စားပါက အင်အားပြည့် ဖြိုးပြီး အသက်ရှည်စေနိုင်ပါကြောင်း ပေါက်ပန်းဖြူ၏အစွမ်းထက်ပုံများကို ဆေးပညာစာပေများမှ လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)