Main menu

မိုးရာသီစာမျှစ်အကြောင်းလေ့လာမိသမျှ

Powered by Drupal
Mon, 07/21/2025 - 15:09 -- consumer_admin
မိုးတွင်းကာလတွင် ဝါးရုံများ၌ မျှစ်ဟုခေါ်သော ဝါးစို့များ အလျှံပယ် ပေါ်လေ့ရှိပါသည်။ အနီးကပ် သေချာစွာကြည့်လျှင် ထိုဝါးစို့များပေါ်တွင် အပ်နှင့်တူသည့် အမွှေးနှင့်အတူ ယားစေတတ် သည့် အရာများလည်း ကပ်ငြိနေသည်။ ထိုမျှစ်ဟုခေါ်သည့် ဝါးပင်ပေါက်လေးကို ချက်ချင်းချိုးယူပြီး စား၍မရပါ။ အစိမ်းအတိုင်းစားပါပါက အရသာမှာခါးပြီး ယားယံစေပါသည်။ ရေနွေးဖြင့်ပြုတ်ပြီးမှ စားရပါသည်။ မျှစ်ကို ဝါးပိုးဝါးမျှစ်၊ ကြက်သောင်းဝါးမျှစ်၊ ဝါးယောင်းဝါးမျှစ်၊ ထီးတန်းဝါးမျှစ် စသည်ဖြင့် ခွဲခြားရပါသည်။ ဝါးပိုးဝါးမျှစ်သည် မျှစ်ချဉ်ပြုလုပ်နိုင်ပြီး အခြားဝါးမှရသောမျှစ်များမှာ မျှစ်ချဉ်ပြု လုပ်၍မရပါ။ တောထဲမှ မျှစ်ချိုးသူများသည် မျှစ်ဟု အခေါ်မရောက်သေးသော ဝါးစို့များကို မျှစ် ဒိုင်များသို့ အချိန်ဖြင့် ရောင်းချပါသည်။ ထိုဒိုင်များက မျှစ်ကို အပေါ်တွင်ရှိသော အမာကြော၊ အသားထူ များကို ဖယ်ရှားခြင်း၊ ပြုတ်ခြင်း၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးခြင်းဖြင့် အဆင့်ဆင့် ဆောင်ရွက်ရ ပါသည်။ ဝါးအမျိုးအစားပေါ်မူတည်၍ မျှစ်များ အရောင်ကွဲကြောင်းသိရပါသည်။ မျှစ်သည် ကျေးလက်နေပြည်သူများအတွက် ဝင်ငွေရသည့် ရာသီစာတစ်ခုဖြစ်သကဲ့သို့ ငွေကုန်ကြေးကျမများဘဲ အနံ့၊ အရသာနှင့် ပြည့်စုံစေသည့် ဟင်းချက်စရာတစ်မျိုးလည်း ဖြစ်ပါ သည်။ မျှစ်သည် အသားဓါတ်ကြွယ်ဝပြီး ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များ ပါဝင်ကာ အဆီဓါတ်အနည်းဆုံးပါဝင်သည့် အစားအစာဖြစ်ပါသည်။ မျှစ်ကို ပုဇွန်ခြောက်၊ ချဉ်ပေါင်ရွက်များနှင့် ကြော်၍ စားသုံးနိုင်သလို ချဉ်ပေါင်ရွက်၊ ရုံးပတီသီးတို့နှင့် ချဉ်ရည်ဟင်းချက်၍လည်း စားသုံးနိုင်ပါသည်။ ဝက်ရိုးနှင့်ဖြစ်စေ၊ ငါးခေါင်းနှင့်ဖြစ်စေ ချက်ပြုတ်စားသုံးနိုင်ပါသည်။ မျှစ်ဝါဆိုကြော်၊ မျှစ်နီဆိုချက်ဆိုသည့် ဆိုရိုးစကားလေးလည်း ရှိပါသည်။ မြန်မာထမင်းဆိုင်များတွင် မျှစ်ကို ချဉ်ပေါင်ရွက်နှင့်ကြော်၍ဖြစ်စေ၊ ပဲပြုတ်နှင့်ကြော်၍ ဖြစ်စေ အရန် ဟင်းအဖြစ် ရောင်းချသည်ကို တွေ့ရပါသည်။ မျှစ်ကို အာရှဟင်းလျာများတွင် ပုံစံအမျိုးမျိုး၊ ဟင်းလျာ အမျိုးမျိုးဖြင့် ရာသီစာဟင်းလျာအဖြစ် ချက်ပြုတ်ကြော်လှော် စားသုံးကြပါသည်။ မျှစ်ကို အချိန်မရွေးစားသုံးနိုင်ရန် မျှစ်ချဉ်၊ မျှစ်ခြောက်စသည်ဖြင့် တာရှည်အထားခံ အောင် ထုတ်လုပ်နိုင်ပါသည်။ မျှစ်ချဉ်ကို ဝက်သား၊ ငါးတို့ဖြင့် အချိန်မရွေး ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ကျေးလက်ဒေသများတွင် အချို့သော အလှူ၊ မင်္ဂလာပွဲများ၌ မျှစ်ခြောက်ကို အသားနှင့်ရော၍ ချက်ပြုတ် စားသုံးကြသည်ကို တွေ့ရပါသည်။ မျှစ်ချဉ်ပြုလုပ်ရာတွင် စဉ့်အိုး၊ ကျောက်စည်ပိုင်းစသည့်တို့ထဲ့သို့ ကျွန်းရွက်၊ သို့မဟုတ် ပလပ်စတစ်ကိုသုံးပြီး လေလုံအခန်းငယ်တစ်ခု ပြုလုပ်ရပါသည်။ သန့်စင်ပြီးသားမျှစ်များကို ဖိသိပ် ထည့်ပြီး လေလုံအောင် ထားရပါမည်။ ထည့်စရာ၏ အခြေမှာ အရည်ထွက်စေရန် အပေါက် အနည်း ငယ်ထားပေးရပါမည်။ ၅ လမှ ၈ လကြာလျှင် ထုတ်ယူ၍ သုံးဆောင်နိုင်ပါသည်။ မျှစ်ချဉ်ပြုလုပ်ရန် အခြားတစ်နည်းမှာ မျှစ်များကို အနေတော် အတုံးလေးများ ပိုင်းဖြတ် ပြီး သန့်စင်အောင်ရေဆေးရပါမည်။ ထို့နောက် သန့်စင်ပြီးသောမျှစ်များကို ပလပ်တစ်အိတ်အကြီး၊ သို့မဟုတ် ပလပ်စတစ်ဘူးထဲ ထည့်ပြီး ရေကို မျှစ်အတုံးလေးများမြှုပ်အောင် ထည့်ရပါမည်။ တစ်ပတ်ခန့် ကြာလျှင် ထုတ်ယူပြီး အခြား ပလပ်စတစ်တစ်ခုထဲသို့ထည့်၍ နှစ်ပတ်ခန့် ကြပ်နေ အောင် ထုပ်ထားရပါမည်။ ရက်စေ့သည့်အခါ ဝါးဖြင့်ယက်လုပ်သည့် ခြင်းတောင်းထဲပြောင်းထည့်၍ သိပ်ထားရပါမည်။ ခြင်းကို ပလပ်စတစ်ဖြင့် ဖုံးအုပ်ပြီး အပေါ်တွက် အုတ်ခဲ၊ ကျောက်ခဲများဖြင့် ဖိထား ပေးရပါမည်။ ၃ လမှ ၄ လခန့်အထိကြာလျှင် စားသုံးနိုင်ပြီဖြစ်ပါသည်။ ကြာကြာထားနိုင်လေ အရည်အသွေးကောင်းလေဖြစ်ကြောင်း သိရပါသည်။ မိသားစုစားသုံးရန်အတွက် အိမ်တွင်းတပိုင်တနိုင်ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခုမှာ သန့်စင်ပြီးမျှစ်များကို အပိုင်းလေးများပိုင်းပြီး ပလပ်စတစ်ဘူးထဲတွင် ရေမြှုပ်အောင်ထည့်၍ သိမ်း ထားခြင်းဖြစ်ပါသည်။ ၉ ရက်မှ ၁၀ ရက်ခန့်ကြာလျှင် စား၍ရပါသည်။ အသား၊ ငါးများနှင့်ရောချက် ၍ ကောင်းမွန်သည့်ဟင်းတစ်ခွက် ဖန်တီးနိုင်ပါသည်။ ၎င်းမျှစ်ချဉ်ကို တစ်နှစ်ခွဲအထိ ထားနိုင် ကြောင်း သိရပါသည်။ အခြားနည်းတစ်နည်းမှာ သန့်စင်ပြီးသော မျှစ်များကို ပါးပါးလှီးပြီး ဝါးဆစ်ထဲ ထည့်ရပါမည်။ ဝါးဆစ်ဝကို ဝါးရွက် သို့မဟုတ် အဝတ်စနှင့် ဆို့ထားရပါမည်။ အချဉ်တည်နေစဉ် အရည်များစိမ့်ထွက်နိုင်ရန် ဝါးဆစ်ကို ဇောက်ထိုးအနေအထား ထားရပါမည်။ ၁၀ ရက်မှ ၁၅ ရက် အထိကြာလျှင် စားသုံး၍ ရပါပြီ။ မျှစ်ခြောက်ကို မြန်မာနိုင်ငံတွင် ယခင်က အညာဒေသများတွင်သာ အများဆုံးတွေ့နိုင် သော်လည်း ယခုအခါ ဈေးကွက်အတွင်း၌ Super Market များနှင့် ဈေးဝယ်စင်တာများတွင် မျှစ် ခြောက်ထုပ်များ ရောင်းချလာသည်ကို တွေ့ရပါသည်။ မျှစ်ခြောက်ပြုလုပ်ရာတွင် မျှစ်၏ အဖျားပိုင်း ဖြင့်ပြုလု်ပသည့် မျှစ်ခြောက်နှင့် မျှစ်၏ အလယ်ပိုင်းဖြင့် ပြုလုပ်သည့် မျှစ်ခြောက်ဟူ၍ နှစ်မျိုးရှိရာ အသားနုရှိရာ အဖျားပိုင်းမှ ထုတ်လုပ်သောမျှစ်ခြောက်သည် ဈေးပိုရကြောင်း သိရပါသည်။ ထို့အတူ ဆားထည့်၍ပြုလုပ်သော မျှစ်ခြောက်နှင့် ဆားမပါသောမျှစ်ခြောက်ဟူ၍လည်း ထုတ်လုပ်ကြပါ သည်။ မျှစ်ခြောက်ပြုလုပ်ရာတွင် လတ်ဆတ်သောမျှစ်အစိုများကို သန့်စင်အောင်ပြုလုပ်၍ အပူချိန် ၁၀၀ ဒီဂရီအထိတွင် (၃)နာရီကြာအောင်ပြုတ်၍ ဆယ်ယူပြီးနောက် လေလုံအောင် ပလပ် စတစ်အိတ်ကြီးများအတွင်းထည့်၍ သိမ်းဆည်းရပါမည်။ ထို့နောက် တဖြည်းဖြည်းချင်းထုတ်၍ သေးငယ်သောအချောင်းများ၊ အလွှာပါးများရအောင် လိုအပ်သလိုလှီးရပါမည်။ လှီးပြီးသော မျှစ် ခြောက်များကို သဘာဝနေရောင်ခြည် သို့မဟုတ် Solar Dryer ကဲ့သို့ အပူပေးပုံစံတစ်မျိုးမျိုးဖြင့် အခြောက်ခံရပါမည်။ ရရှိလာသော မျှစ်ခြောက်များကို လေလုံအောင်ပိတ်ပြီး ထုပ်ပိုးသိမ်းဆည်းပါက သုံးနှစ်အထိ အထားခံကြောင်း သိရပါသည်။ အာရှနိုင်ငံအများစုတွင် မျှစ်ကို နှစ်ခြိုက်စာစားသုံးကြောင်း၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ များတွင် မျှစ်ခြောက်စားသုံးမှုမြင့်တက်ကြောင်း သိရပါသည်။ မျှစ်တွင် ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နှင့် သကြားဓါတ်များ ပါဝင်မှု နည်းပါးခြင်း ကိုယ်အလေးချိန် မတက်စေသည့်အပြင် အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အဆာခံနိုင်သဖြင့် ကိုယ်အလေးချိန်း လျော့ချသူများအတွက် အထူး သင့်လျော်သည့် အစားအစာဖြစ်ပါသည်။ မျှစ်သည် လူတို့သွေးအတွင်းမှ အကျိုးမပြုသည့် ကိုလက်စထရောများကို ချေဖျက်ပေးနိုင် သည့် phytosterols နှင့် phytonutrients တို့ ပါဝင်နေခြင့်ကြောင့် သွေးတွင်းကိုလက်စထရော ကို ကျစေပြီး ကိုယ်တွင်းအဆီကို ချေဖျက်ပေးနိုင်ပါသည်။ phytosterols သည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် အာနိသင်ရှိပါသည်။ ဗီတာမင်နှင့် သတ္ထုဓါတ်များပါဝင်ခြင်းကြောင့် ကိုယ်ခံအား ကို ကောင်းစေပါသည်။ မျှစ်တွင် အမျှင်ဓါတ်ကြွယ်ဝခြင်းကြောင့် အစာကြေစေနိုင်ပြီး အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေသဖြင့် အစာခြေစနစ်ကောင်းမွန်စေရန် စားပေးသင့်သည့် အစားအစာတစ်ခုဖြစ်ပါ သည်။ အရောင်ကျစေခြင်း၊ နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း၊ အနာကျက်စေခြင်း၊ အသက်ရှူ လမ်းကြောင်းကို ကျန်းမာစေခြင်း၊ အဆိပ်ပြေစေနိုင်ခြင်းစသည့် အာနိသင်များရှိကြောင်းလည်း သိရ ပါသည်။ မျှစ်သည် ငွေကြေးအကုန်အကျ သက်သာသည့်အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန် စေသည့် အစားအစာဖြစ်ပါသည်။ နိုင်ငံ တော်က အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကာ ပြည်ပပို့ကုန်မြှင့်တင်ရေးဆောင်ရွက်နေချိန်တွင် မျှစ်ချဉ်၊ မျှစ်ခြောက်လုပ်ငန်းများသည် အရည်အသွေးပြည့်မီပြီး သေသပ်လှပသည့် ထုပ်ပိုးမှုစနစ်ဖြင့် စွန့်ဦး တီထွင်ထုတ်လုပ်နိုင်မည် ဆိုပါက ဈေးကွက်တွင် ပိုမိုထိုးဖောက်ဝင်ရောက်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကို လည်း ပိုမိုဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ DOCA(ပဲခူး)