Main menu

ဖုန်းပြုပြင်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal
ကရင်ပြည်နယ် ဘားအံမြို့နေ တိုင်ကြားသူတစ်ဦးသည် ဖုန်းကင်မရာထဲသို့ ရေငွေ့ ဝင်သောကြောင့် ဖုန်းပြုပြင်ရေးဆိုင် တစ်ဆိုင်တွင် (၃)ကြိမ်တိုင်တိုင် သွားရောက်ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေသည့်အပြင် ဖုန်းမှန်ကွဲနေကြောင်း သိရှိရသဖြင့် အခြားဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်သို့‌ ပြောင်း၍ပြသခဲ့ရာ ဖုန်းမှန်လဲလှယ်ရမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်ငွေကျပ် ၂၆၅,၀၀၀/- ကုန်ကျမည်ဟုပြောကြားခဲ့သည့်အတွက် ယခင်ပြသခဲ့သော ဖုန်းပြုပြင်ရေးဆိုင်သို့ အကျိုးအကြောင်းပြောကြားရာတွင် ဖုန်းပြင်ဆင်မှုကို ၎င်းတို့ဆိုင်၌ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်တစ်ဝက်ကို ကျခံပေးမည်ဖြစ်ကြောင်း ဖြေကြားရာ တိုင်ကြားသူက ဖုန်းပြင်ဆင်မှုကို အခြားဖုန်းပြုပြင်ရေးဆိုင်၌သာ ပြင်ဆင်လိုပြီး ကုန်ကျစရိတ်တစ်ဝက်ကို ကျခံပေးစေလိုကြောင်း တောင်းဆိုခဲ့မှုအပေါ် ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ။ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်တို့အား ခေါ်ယူတွေ့ဆုံ၍ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ရာ ဆိုင်ပိုင်ရှင်အနေဖြင့် ဖုန်းပြင်ဆင်ရန် အပ်နှံချိန်က လက်ခံခဲ့ရာတွင် ဖုန်းနှင့် ပတ်သက်၍ ပျက်စီးမှု ရှိ/မရှိ သေချာစွာ စိစစ်လက်ခံမှု မရှိခြင်းကြောင့်လည်းကောင်း၊ အငြင်းပွားမှုဖြစ်လာပါက မိမိ၏ဆိုင်ဂုဏ်သတင်း ထိခိုက်မည်ဆိုး၍လည်းကောင်း၊ စားသုံးသူ၏အငြင်းအပေါ် အလေးထား၍လည်းကောင်း စားသုံးသူဘက်မှ တောင်းဆိုသော Screen မှန်အက်ကွဲခြင်အတွက် ဖုန်းပြုပြင်သည့်အခြားဆိုင်တွင် အပ်နှံထားသည့် ကုန်ကျစရိတ်ငွေကျပ် ၂၆၅,၀၀၀/- ၏ တစ်ဝက်ဖြစ်သော ကျသင့်ငွေကျပ် ၁၃၅,၀၀၀/- ကို ပေးအပ်မည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပြီး စားသုံးသူကာကွယ်ရေးနည်းဥပဒေပါ ပုံစံ (၉) သဘောတူညီချက်ပုံစံတွင် ဖြည့်စွက်၍ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး ဆိုင်ပိုင်ရှင်မှ တိုင်ကြားသူထံငွေကျပ် ၁၃၅,၀၀၀/- ကို ပေးချေခဲ့ပါသဖြင့် နှစ်ဦးနှစ်ဖက်ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။