သကြားမုန်လာပင်သည် ကီနိုပိုဒီအေးစီအီမျိုးရင်း(Chenopodiaceae)တွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဗီတာဗားလဓါးရစ်(Beta Vulgaris) ဖြစ်သည်။ သကြားမုန်လာပင်ဟုခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုန်ညင်းစသည်တို့နှင့် မျိုးရင်းချင်းမတူသည့်အပြင် မုန်လာဥဝါတို့နှင့်လည်း မျိုးရင်းခြင်းမတူပါ။ သကြားမုန်လာပင်သည် ကက်စပီယံပင်လယ်ဒေသတွင် အလေ့ကျပေါက်ရောက် ပါသည်။ ရှေးနှစ်ပေါင်းနှစ်ထောင်လောက်ကတည်းက လူသားများသည် အစားအစာအဖြစ် စိုက်ပျိုးလာ ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် သကြားမုန်လာပင်များကို ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ်သာ စိုက်ပျိုးကြပြီး အနောက်နိုင်ငံများ၌ ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ်သော် လည်းကောင်း၊ တိရစ္ဆာန်အစာ အတွက်သော်လည်းကောင်းစိုက်ပျိုးကြပါသည်။ သကြားမုန်လာဥများမှာ အဖြူမှ အနီရင့်ရင့်ထိ အရောင် အမျိုးမျိုးရှိကြသည်။
သကြားမုန်လာတွင် အာဟာရဓာတ်များစွာပါဝင်ပြီး သွေးကြောများကို ပွင့်စေသည့်အတွက် သွေးတိုးကျစေပါသည်။ သကြားမုန်လာကို လေ့ကျင့်ခန်းမလုပ်မီစားသုံးခြင်း၊ ဖျော်ရည်အနေဖြင့် သောက်သုံးခြင်းဖြင့် ကြွက်သားများကို သန်မာစေပြီး အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ် ခြင်းကို ကာကွယ်ပေးနိုင်သည့် အပြင်ကိုယ်တွင်း ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါသည်။သကြားမုန်လာကိုစားသုံးခြင်းဖြင့် အသည်းကို သန့်စင်ပေးပြီး အသည်းရောင် အသားဝါ၊ အစာအဆိပ် သင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အဆီကျစေခြင်းစသည့် ရောဂါတို့ကို တိုက်ဖျက်ရာတွင် လည်းအထောက်အကူပြုစေပါသည်။ ထို့ပြင် အမြင်အာရုံကောင်းမွန်စေခြင်း၊ ခံတွင်း အနံ့ဆိုးပျောက်စေခြင်း၊ အရေပြားပြဿနာများကို သက်သာပျောက်ကင်းစေခြင်း၊ ဦးနှောက်စွမ်းရည် မြင့်တက်စေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုကာကွယ်ပေးခြင်း၊ အရိုးပွရောဂါဖြစ်ပွား ခြင်းမှ ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။
သကြားမုန်လာကို အသုတ်သုတ်ရာနှင့် ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုတ်နိုင်သကဲ့သို့ ဖျော်ရည်ဖြင့်လည်းသောက်သုံးကြပြီး Value Added အဖြစ်ဟင်းခတ်မှုန့်နှင့် အသင့်သောက်သုံး နိုင်သော ဖျော်ရည်အမှုန့်အဖြစ်လည်း အသုံးပြုလာကြပါသည်။ သကြားမုန်လာကိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိစေပါသည်။ သို့သော် “တန်ဆေးလွန်ဘေး” ဆိုရိုးစကားကဲ့သို့ ချင့်ချိန်၍ စားသုံးသင့်ပါကြောင်း လေ့လာသိရှိမိသလောက် ရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)