
ကျေးလက်ဒေသများတွင် နှစ်ခြိုက် ကြသည့်ဟင်းလျာများတွင် ဇရစ်သည်လည်းပါဝင်ပါသည်။ ဇရစ် မှာ ခံတွင်း မြိန်ရုံသာမက ဆေးဖက်ဝင်သောအပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ် တစ်မျိူးဖြစ်ပါသည်။ မိုးရာသီတွင်ပေါပေါများများ တွေ့ရတတ်သည်။
မြန်မာ့တိုင်းရင်းဆေးကျမ်းအရ ဇရစ်သည် ချိူ ၊အေး၊ ဖန် ၊ ချွဲ အရသာရှိသည်။ လည်ပင်းနာ၊ မြင်းသရိုက်နာ ရောဂါများကို ပျောက်ကင်းစေသည်။ ဇရစ်ကို ကြော်စား ၊ချက်စား၊ ပြုတ်တို့စား ၊အချဉ်ဟင်း ချက်စား၊ သနပ် လုပ်စားကြပါသည်။ ဇရစ်ကို ငါးနဲ့ချက်စားကြသလို သီးနှံ မျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဇရစ်ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ ၊ ဗူးသီးနုနု စသည်တို့နှင့်လည်း တွဲဖက်ချက်စား ကြပါသည်။ ငါးနှင့်ချက်စား၍လည်း စားကောင်းသလိုပုစွန်ဆိတ်၊ ဘော့ချိတ်လေးခပ်ပြီး ချက်ပါကလည်း မွှေးမွှေးလေးနဲ့ အရသာရှိလှပါသည်။ မိုးရာသီနှင့်အလွန် လိုက်ဖက် သော ဟင်းလျာများဖြစ်ကြပါသည်။
ထို့ပြင် ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိူးမျိူးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက် ၊အသား၊ငါး၊ ပုစွန်တို့ဖြင့်ရောနှော၍လည်း ချက်ပြုတ်စားကြပါသည်။ တို့စရာအဖြစ်လည်း ချက်ပြုစားကြသည်။ ဇရစ်ရိုး၏ ဈေးနှုန်းမှာ တစ်စီးလျှင် ၃၀၀ ကျပ်သာရှိကြောင်း ရောင်းချသူထံမှ သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)