
တမာဆိုရာတွင် ရေတမာ(ကုလားတမာ)နဲ့ အညာတမာ ဟူ၍ နှစ်မျိုးရှိသည်။ တမာပင်၏ အပွင့်၊အစေး၊ အခေါက်၊ အဆီ၊ အရွက်၊ အသီး၊ အရိုးတံ အားလုံးအသုံးဝင်၏။ ကုလားတမာကို အရိပ်ရအပင်အဖြစ် စိုက်ကြပြီး တိုင်းရင်းဆေးလောကတွင် အညာတမာကို အသုံးပြုကြသည်။ တပေါင်းလမှ ကဆုန်လအထိပန်းပွင့်ပြီး အရွက်ကိုအများဆုံး အသုံးပြုကြသည်။ တမာသည် ပိုးသတ်နိုင်သော အစွမ်းထက်သည့်ဆေးပင်ဖြစ်သည်။ အာရှတောင်ပိုင်းမှာ တမာရွက်ကို ဟင်းလျာ အနေနဲ့ရော ဆေးဝါး အနေနဲ့ပါ သုံးစွဲခဲ့တာနှစ်ပေါင်း ၂၀၀၀ ကျော်ပြီလို့ တွေ့ရပါတယ်။ အင်းဆက် အပါအဝင် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှို၊ သန်ကောင်၊တုတ်ကောင်အပြင် ကြွက်တွေကအစ ပိုးမွှား အကောင်ငယ်ပေါင်း ၂၀၀ ကျော်က ကြောက်ရတဲ့အပင်ဖြစ်၏။ အိန္ဒိယနိုင်ငံ၌ အရိုးတံကိုပင် သွားများခိုင်မာစေရန် သွားတိုက်တံအဖြစ် အသုံးပြုသည်။ ကိုယ်လက် ကိုက်ခဲခြင်းအတွက် အရိုး တံကို အခြောက်လှန်း ရေဖြင့် ၃ခွက် ၁ခွက်တင်ကျိုပြီး ၄ နာရီတစ်ကြိမ် သောက်ပေးပါက အမြန် သက်သာပျောက်ကင်းစေပါမည်။ တမာရွက်ကို ပြုတ်စားခြင်းဖြင့် အရသာခံအာရုံ မကောင်းခြင်း ကိုသက်သာစေပြီး ဝမ်းချုပ်နဲ့ အစာမကျေခြင်းသက်သာစေသည်။ အသားအရေ ယားယံပါက တမာ ရွက်ကိုပြုတ်၍ ရေချိုးလျှင်ပျောက်၏။ အသားအရောင်မညီ အသားခြောက်ခြင်း . အရေပြားပိုး ဝင် ခြင်း လက်သည်းပိုးဝင်ခြင်း မီးလောင်နာတို့အတွက် တမာရွက်ပြုတ်ရည်လိမ်း၍ ဆေးကြော သန့်စင်ပေးရမည်။ ရေနွေးကြမ်းထဲ တမာရွက်အနည်းငယ် ထည့်သောက်ပါက အသည်းမှအဆိပ် အတောက်များကို လျော့ပါးစေသည်။ သန်ကောင် တုတ်ကောင်များကိုသေစေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေ၏။ မျက်စိယားယံခြင်း၊ ပူခြင်း၊ မျက်ရည်ပူကျခြင်းကို တမာရွက်ရည် မျက်လုံးထဲ ခပ်ပေး ပါက သက်သာ၏။ သွားကိုက်၊ သွားနာဖြစ်ခဲ့လျှင် တမာရွက်အကျွမ်းလှော်မှုန့်ထဲ ဆားအနည်းငယ် ထည့် သွားတိုက်ပေးပါ။ ကိုယ်အတွင်းပူ၍ ရေငတ်လျင် တမာရွက်နုနုကို ထမင်းနဲ့စားပါ ခံတွင်း အနာနဲ့ ခံတွင်းနံ့ပျောက်၍ ဝမ်းပျော့ပျော့သွားစေသည်။ ကလေးများ ရေကျောက်၊ ယားနာပေါက် လျှင် တမာရွက်ပြုတ်ရည်နဲ့ ရေအေးစပ် ရေချိုးပေးပါ။ သန်းသေစေရန် တမာရွက်နဲ့ပင်စိမ်းရွက် အနည်းငယ်ထည့်ထောင်း၍ရသည့်အရည်နဲ့ ခေါင်းလျှော်ပါ။ မူးမော်သည့်အခါ အပွင့်ကိုရူပါက သက်သာပျောက်ကင်းစေ၏။ ထိုကဲ့သို့ အာနိသင်များဖြင့် ပြည့်စုံသည့် တမာပင်များကို အညာဒေသ နေရာအနှံအပြားတွင် တွေ့ရတတ်ပြီး အလွန်အဖိုးတန်သော အကျိုးကျေးဇူးများအား သိရှိကာ ဖော်စပ်သုံးစွဲနိုင်ရန် လေ့လာမိသမျှကို မျှဝေဖော်ပြအပ်ပါသည်။
DOCA(မန္တလေး)