
ကုက္ကိုသည် သင်္ဘောကုက္ကို(ခေါ်)ကုလားကုက္ကို နှင့် အညာကုက္ကို(ခေါ်)မြန်မာကုက္ကို ဟူ၍ (၂) မျိုးရှိရာ “အညာ ကုက္ကိုပင်”၏ ပဉ္စငါးပါးအသုံးဝင်ပုံများကို မျှဝေပေးပါမည်။ ကုက္ကိုသီးသည် ချို၊ စိမ့်၊ အနည်းငယ်ဖန်သောအရသာရှိ၏။ ရေယုန်၊ အနာပေါက်၊ ယားနာ ပျောက်ကင်း၏။ အရွက်ကို မျက်စိအပေါ် အုံပေးပါက မျက်စိရောဂါပျောက်၏။ အပွင့်ကို သုပ်စား၊တို့စားပါက ပန်းနာကို ပျောက်စေ၏။ အမြစ်ကို ကြေညက်စွာထောင်း၍ ထိပ်ပေါက်အောင်ရှူပါက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို သက်သာပျောက်ကင်းစေ၏။ အခေါက်ကို သွေးပြီးသောက်ပါက အဆုတ်ပြွန်ရောင်ခြင်း၊ သံကျစေ၏။ ကုက္ကိုဆီပြုလုပ်ရာတွင် အညာကုက္ကိုပင်၏ အသီး(အစေ့)၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ဤပဉ္စငါးပါးအား တစ်မျိုးလျှင် (၂၀)ကျပ်သားစီယူ၍ ရေ(၂၀)လီတာဖြင့် ၂၄နာရီ(၁ရက်)စိမ် ထားရမည်။ အချိန်စေ့သော် ဤပဉ္စငါးပါးအားလုံးကိုရော၍ ထောင်းပြီး အိုးမှာထည့်၍ မီးညင်း ညင်းဖြင့်ချက်ရပါမည်။ သုံးပုံတစ်ပုံကျန်သောအခါ ဖိုခွင်မှချ၍ လက်ဖြင့်နယ်ပြီး အရည်ကိုစစ်ပါ။ အရည်ကို မုန်ညှင်းဆီ(၂၀)ကျပ်သားထည့်၍ချက်ပါ။ မုန်ညှင်းဆီအစား နှမ်းဆီ၊ထောပတ်ဆီနှင့်လည်း ချက်နိုင်သည်။ ရေအားလုံးခမ်းပြီး ဆီသာကျန်သောအခါ ဖိုမှချ၍ အအေးခံရပါမည်။ အေးသောအခါမှ ပုလင်းထဲသို့ထည့်၍ လေလုံအောင်ပိတ်ထားရပါမည်။ ဤဆီကို ကုက္ကိုဆီဟုခေါ်ရပါမည်။ ကုက္ကို ဆီကို ကြော်၊ ချက်၊ ဆမ်း၊ နယ်၊ စားခြင်းကို တစ်လတစ်ကြိမ် ပြုလုပ်သွားလျှင်လေနှင့် ပတ်သက်သော ရောဂါများ လုံးဝမဖြစ်ပွားနိုင်ပါ။ နားကိုက်လျှင် ၎င်းဆီကို ကြက်သီးနွေးဖြစ်အောင် ဇွန်းတွင်ထည့် မီးပူပေးပြီး တစ်စက်နှစ်စက် နားမှာထည့်ပါက ချက်ချင်းပျောက်၏။ သွားကိုက်လျှင် ၎င်းကိုငုံပေးပါ။ သွားတိုက်ပါက ချက်ချင်းသက်သာပျောက်၏။ ခါးနာ၊ ဒူးနာ ၊ လေငန်းရောဂါ၊ လေဖြန်း ရောဂါများအတွက် ၎င်းဆီကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်း၏။ ယားနာ၊ အဖု၊အပိမ့်ထွက်ခြင်း၊ အကွက်ထွက်ခြင်း စသောရောဂါများကို တစ်နေ့တစ်ကြိမ် အနည်းငယ် လိမ်းပေးပါ။ လိပ်ခေါင်းမှ သွေးနီကျလျှင် ကုက္ကိုအစေ့ ညက်စွာအမှုန့်ပြု(၂)ရွေးသားခန့် နေ့/ည နှစ်ကြိမ် ရေနှင့်သောက်ပါ။ သုံးရက်မြောက်သော် သွေးပိတ်သွားလိမ့်မည်။ လိပ်ခေါင်းကို ဆေးကြောပြီးလျှင် ကုက္ကိုဆီနှင့်နှမ်းဆီ ဆတူရောနယ်၍ လိမ်းပေးပါက တဖြည်းဖြည်းငြိုးလာပြီး ခြောက်သွေ့ကာ ပျောက်ကင်းမည်ဖြစ်သည်။ ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်း အမြဲဆောင်ထား သင့်သော ကျန်းမာရေးအတွက် လွန်စွာတန်ဖိုးရှိသည့် ကုက္ကိုဆီအကြောင်း လေ့လာသိရှိသမျှ ပြန်လည်မျှဝေလိုက်ရပါတယ်။
DOCA(မန္တလေး)