
ပေါက်ပင်သည် ပင်စည်ဖြောင့်မတ်သော ရွက်ကြောပင်ကြီးမျိုးဖြစ်၍ အဆစ်များပါရှိပြီး အကိုင်းအခက်များ ကွေးကောက်ထွက်သော အပင်တစ်မျိုးဖြစ်ပါသည်။ အညွှန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သော အမွှေးများပါရှိပါသည်။ အခေါက်မှာ အနီရောင်ရှိပြီး အပွင့်ပွင့်ချိန် အနေဖြင့် တပို့တွဲလနှင့် တပေါင်းလများတွင် ဖူးပွင့်လေ့ရှိ၍ ပွင့်ချိန်တွင် အလွန်လှပပြီး အဝေးမှလှမ်းတွေ့ နိုင်ပါသည်။ လက်ပံပွင့်နှင့်အတူအညာနွေရဲ့ အလှကိုတန်ဆာဆင်ပေါ်လွင် စေသော အပင်တစ်မျိုး လည်းဖြစ်ပါသည်။ အပွင့်သည် လိမ္မော်ရောင်ကဲ့သို့ နီကြန့်ကြန့် အရောင်ရှိပြီး ကြက်တူရွေးနှုတ်သီး ကဲ့သို့ ကွေးနေသည့်ပုံသဏ္ဍာန်ရှိ၍ ကလေးသူငယ်များလည်း နှစ်သက်စွာ ဆော့ကစားတတ်ကြ ပါသည်။ တန်ခူးလနှင့်ကဆုန်လတွင် အသီးသီးပြီး အသီးမှာ ၆ လက်မမှ ၈ လက်မခန့်ထိရှည်၍ ပေါက်စေ့မှ ရှည်လျားသော အတောင်ပါရှိပါသည်။
ပေါက်ပင်သည် အပွင့်ပွင့်ချိန်၌ လူတို့၏စိတ်နှလုံးကို ကြည်လင်စေနိုင်ရုံမကဘဲ ဆေးဖက် လည်းဝင်သောအပင်ဖြစ်ပါသည်။ ပေါက်ပင်အရွက်ကို ထောင်းထု၍ လိမ်းအုံပေးလျှင် ကိုယ်ပေါ်တွင် ပေါက်တတ်သော အနာအဖုအပိန့်များကို သက်သာပျောက်ကင်းစေနိုင်ခြင်း၊ ပေါက်ပွင့်ကို ရေအေး တွင်တစ်ညလုံးစိမ်၍ နံနက်ခင်း၌ သကြားအနည်းငယ်ထည့်၍ သောက်သုံးပေးလျှင်ဆီးတွင်သွေးပါခြင်း၊နှာခေါင်းသွေးယိုခြင်းတို့ကိုလည်း သက်သာပျောက်ကင်း စေနိုင်ခြင်း၊ထို့အပြင် အရေပြား တွင် ဖြစ်ပွားတတ်သော ပွေး၊ ဝဲ စသည့်ယားနာများအတွက် ပေါက်ပင်မှရသော အစေ့ကိုကြိတ်၍ သံပုရာရည်နှင့်ရောစပ်လိမ်းပေးလျှင် သက်သာပျောက်ကင်း စေနိုင်ခြင်း၊ အပွင့်အခြောက်ကို လ္ဘက်ခြောက်ကဲ့သို့ခပ်၍ သောက်သုံးပေးလျှင်လည်း မောပမ်းခြင်းကို ပြေပျောက်စေပြီး သွေးသားကို သန့်ရှင်းစေနိုင်ပါသည်။ ပေါက်ပွင့်ကို အသည်းရောင်အသားဝါနှင့် အသည်းရောဂါများ ကုသရာတွင် ဆေးဝါးအဖြစ် ဖော်စပ်အသုံးပြုကြ သလို ပေါက်စေ့နှင့် ပေါက်အစေးကို သန်ကျဆေးနှင့်အားတိုး ဆေးများအဖြစ် ဖော်စပ် အသုံးပြုကြကြောင်း တိုင်းရင်းဆေးကျမ်းများအရ သိရှိရသည်။
DOCA(မန္တလေး)