
မန်ကျည်းပင်သည် မုတ်သုံရာသီတွင် ပေါက်ရောက်သောအပင်ဖြစ်ပြီး နှစ်ရှည်သီးနှံပင် အမျိုးအစား ဖြစ်သည်။ မန်ကျည်းပင်သည် သဘာဝအလျောက် ပေါက်သောအပင်ဖြစ်ပြီး မြန်မာ နိုင်ငံ အပူပိုင်းဒေသများတွင် အများဆုံးပေါက်သည်ကိုတွေ့ရပါသည်။
မန်ကျည်းပင်မှ မန်ကျည်းသီး၊ မန်ကျည်းရွက်၊ မန်ကျည်းခေါက်တို့သည် ကျန်းမာရေး အတွက် အသုံးဝင်သည်ကို တွေ့ရသည်။ မန်ကျည်းသီးများသည် တစ်နှစ်တွင် တစ်ကြိမ်သာ ဆွတ်ခူး ရရှိနိုင်သည်။ ထို့အပြင် မန်ကျည်းသီးများသည် ရာသီဥတုနှင့် မိုးလေဝသကောင်းလျှင် ကောင်း သလောက် အသီးအထွက်နှုန်းတိုးသည်ကိုလည်း တွေ့ရသည်။
မန်ကျည်းပင်၏ အသီး၊ အရွက်၊ အခေါက် စသည်ဖြင့် တစ်ပင်လုံးနီးပါး အသုံးဝင်ပြီး မန်ကျည်းရွက်တွင် ဗီတာမင်A ၊ ဗီတာမင်C ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ် တို့ ကြွယ်ဝစွာ ပါဝင်သည်ကို တွေ့ရပါသည်။ ထို့အပြင် မန်ကျည်းရွက်၏ အဆီအနှစ်သည် ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးနိုင်သည်။ မန်ကျည်းရွက်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခံတွင်းအနာများကို သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။
မန်ကျည်းရွက်သည် နာကျင်ရောင်ရမ်းမှုများကို သက်သာစေနိုင်ပြီး ဆီးချိုရောဂါ ကိုလည်း သက်သာစေနိုင်ပါသည်။မန်ကျည်းရွက်၏ အဆီအနှစ်သည် နို့တိုက်မိခင်များကို နို့ထွက် ကောင်းစေသည်။ မန်ကျည်းရွက်ကို စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးသွေးကြောရောဂါနှင့် အခြားရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။ မန်ကျည်းရွက် စားသုံးပေးခြင်းဖြင့် အသည်းရောဂါများ၊ အသည်းရောင်အသားဝါရောဂါ၊ ဆီးလမ်း ကြောင်းပိုးဝင်ခြင်းများကို ကာကွယ်ပေးနိုင်သည်။
မန်ကျည်းရွက်ကို ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ဆီ၊ ဆား တို့ဖြင့် အမျိုးမျိုးသုပ်စားကြပြီး အရသာမှာ ထူးခြားကောင်းမွန်သောကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြသော အစားအစာ တစ်မျိုး ဖြစ်သည်။ မန်ကျည်းရွက်သုပ်ကို ချဉ်ငံစပ် အရသာ သုပ်စားလျှင် ခံတွင်းပျက်နေသူများ အတွက် ထမင်းမြိန်စေပါသည်။
ပူပြင်းသော နွေရာသီတွင် ခန္ဓာကိုယ်၌ အဖုအပိမ့်များ ပေါက်လေ့ရှိပါသည်။ ထိုအချိန်တွင် မန်ကျည်းခေါက်ကို သွေးပြီးလိမ်းလျှင် မိတ်ဖုများကို သက်သာပျောက်ကင်းစေပါသည်။ မန်ကျည်း ပင်သည် အရိပ်ရသော အပင်လတ်တစ်မျိုးဖြစ်ပြီး မိမိ၏ ခြံဝန်းထဲတွင် စိုက်ပျိုးထားလျှင် နွေရာသီတွင် အတော်လေးအေးမြသော အရိပ်အာဝါသကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် အညာ ကဲ့သို့သော ပူပြင်းသော နေရာဒေသများတွင် မန်ကျည်းပင်များကို အုပ်အုပ်ဆိုင်းဆိုင်းဖြင့် အများဆုံး တွေ့ရပါသည်။
ခြောက်သွေ့ပူပြင်းသော နွေရာသီ၏ နေအပူချိန်အောက်တွင် သဘာဝ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်သာ သောက်လိုက်ရလျှင် ရင်ထဲရှိ အပူမီးများကို ချုပ်ငြိမ်းစေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ နွေရာသီတွင် မန်ကျည်းဖျော်ရည် သောက်သုံးပေးခြင်း သည် နေအပူချိန် ကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝမ်းခေါင်းအတွင်း အေးမြစေပါ သည်။
ထို့အပြင် မန်ကျည်းဖျော်ရည်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ ဝက်ခြံများကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အသားအရည်ကို ကြည်လင်ဝင်းပစေပါသည်။ မန်ကျည်းဖျော်ရည်သည် အူရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပြီး အစာခြေစနစ်ကို ပံ့ပိုးပေးသည့်အတွက် ဝမ်းချုပ်သူ များအတွက် သင့်တော်ပါသည်။ သဘာဝ မန်ကျည်းဖျော်ရည်အေး၏ အရသာသည် မည်သည့် ဖျော်ရည်နှင့်မျှမတူဘဲ ထူးခြားကောင်းမွန်သော အရသာကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် မန်ကျည်းဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန် ကို ကျစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။
အချုပ်အားဖြင့်ဆိုသော် မန်ကျည်းပင်သည် အရွက်မှစ၍ အသီး၊ အမြစ်၊ ပင်စည်၊ အခေါက် အထိ လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသများတွင် နေထိုင်ခဲ့သော တစ်ချိန်က ရှေးမြန်မာကြီးများသည် နွေ၏အပူချိန်ကို မန်ကျည်းပင်၊ ကုက္ကိုပင်၊ ထနောင်းပင်၊ ဗာဒံပင်တို့၏ အရိပ်အောက်တွင် ပဲလှော်သုပ်လေးစား၊ ရေနွေးကြမ်းသောက်ကာဖြင့် အံတုခဲ့ကြသည်။ ထို့ကြောင့် လူ့ကျန်းမာရေးအတွက် အကျိုးများသော၊ အကျိုးပြုသော မန်ကျည်းပင်ကို စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)