Main menu

ဒန့်ဒလွန်ပင် စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူး

Powered by Drupal
Thu, 06/19/2025 - 10:28 -- consumer_admin

“ ပြည်သူအားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်သော ကျန်းမာရေးကဏ္ဍဖြစ်စေရေး ”  ဟူသော ဦးတည်ချက်နှင့်အညီ သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် အသီးအရွက်စားသုံးမှုသည်လည်း ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်နေသည်။ ထိုသို့ အသီးအရွက်များထဲတွင် ဒန့်ဒလွန်သည်လည်း ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များပေးစွမ်းနိုင်သော အပင်တစ်မျိုး ဖြစ်သည့်အတွက် ရေရှည်စိုက်ပျိုးသင့်သော အပင်တစ်မျိုး ဖြစ်သည်။

ဒန့်ဒလွန်ပင်သည် နေရာဒေသမရွေးစိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပြီး၊ အပူပိုင်းဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။ ဒန့်ဒလွန်ပင်ကို မိုးရာတွင် စတင်စိုက်ပျိုးခြင်းသည် အကောင်းဆုံးအချိန် ဖြစ်သည်။ ဒန့်ဒလွန်ပင်သည် ရေကောင်းစွာစီးဆင်းနိုင်‌သော နှုန်းမြေကို ကြိုက်နှစ်သက်ပြီး ရွှံ့စေးမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံရှိ တောတောင်ရေမြေများနှင့် ကိုက်ညီသော သီးနှံပင်တစ်မျိုးဖြစ်သည့် အတွက် နေရာဒေသမရွေး  စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။

ဒန့်ဒလွန်ပင်ကို တိုက်ရိုက်စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်းနှင့် ပင်စည်ကိုင်းဖြတ် အသုံးပြု စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ဒန့်ဒလွန်ကို မြေအများစုတွင် မြေသြဇာမပါဘဲနှင့်လည်း ကောင်းစွာ စိုက်ပျိုးနိုင်သည်။ တိုက်ရိုက်စိုက်ပျိုးခြင်းတွင် ဒန့်ဒလွန်သီးမှ အ‌စေ့ယူပြီး မိုးဦးကျချိန်တွင် မြေချ စိုက်ပျိုးရပါသည်။ တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးလျှင် စိုက်မည့်မြေအား အနက်(၁) ပေခန့် တူးပြီး၊ နွားချေးဆွေး၊မြေဆွေး တို့အား ရောထည့်ပြီး အစေ့ကို ကျင်းအလယ်၌ အနည်းငယ် မြေမြှပ်၍ စိုက်ရပါသည်။ စိုက်ပြီးချိန်တွင် မိုးမရွာပါက အနည်းဆုံးတစ်ကြိမ်ခန့် ရေလောင်းပေးရပါသည်။ ထိုနောက် တစ်ပတ်ခန့် ကြာလျှင် အပင်ပေါက်လာပါသည်။ (၂) နှစ်သား ခန့်တွင် စတင်သီးပွင့်ပြီး (၄) နှစ်ခန့်တွင် စတင်အသီး  သီးလာပါသည်။ အချိန်ကာလကြာမြင့်စွာ ရေမဝပ် နေစေရန်အတွက် သတိပြုရန် လိုအပ်ပေသည်။  ရွှေ့ပြောင်းစိုက်ပျိုးခြင်းနှင့် ပင်စည်ကိုင်းဖြတ်စိုက်ပျိုးခြင်း နည်းဖြင့်လည်း စိုက်ပျိုး နိုင်ပြီး၊ အစေ့ချစိုက်ပျိုးနည်းသည် ပိုမိုလွယ်ကူပြီး ၊ အသီးမှာလည်း ပိုသီးလေ့ရှိသဖြင့် အစေ့ချနည်းဖြင့် စိုက်ခြင်းကို ပိုပိုလုပ်ဆောင်ကြပါသည်။

ဒန့်ဒလွန်ပင်သည် ကျန်းမာရေးရှု့ထောင့်မှ ကြည့်လျှင်များစွာ အသုံးဝင်သော အပင်ဖြစ်သည်။ ဒန့်ဒလွန် အရွက်၊ အပွင့် ၊ အသီး၊ အခေါက် အားလုံးတို့သည် အသုံးဝင်သော အစိတ်အပိုင်း ဖြစ်သည်။ ဒန့်ဒလွန် အရွက်သည် သွေးတိုး၊ ဆီးချို၊ လေငန်း၊မီးယပ် စသော ရောဂါ ကိုလည်းကောင်း၊ ဒန့်ဒလွန် အပွင့်သည် လေနှင့်သလိပ်ရောဂါ ကို လည်းကောင်း၊ ဒန့်ဒလွန် အသီးသည် ပန်းနာ၊ သွေးအားနည်း ရောဂါကို လည်းကောင်း၊ ဒန့်ဒလွန် အခေါက်သည် ခေါင်းအုံ ၊ ဇာတ်ကြောတတ် ၊ နောက်ကြောတတ် ဝေဒနာ ကို လည်းကောင်း  ပျောက်ကင်းစေနိုင်ပါသည်။ ဒန့်ဒလွန်ရွက်  အမှုန့် နှင့် အဆီ ကဲ့သို့ သော ဒန့်ဒလွန် ထုတ်ကုန်များသည် ဝယ်လိုအားများပြီး မြန်မာနိုင်ငံတွင် ဒန့်ဒလွန်ပင်သည် လူသိများ သော်လည်း စီးပွားဖြစ် စိုက်ပျိုးခြင်းသည် များစွာ မတွင်ကျယ်လှသေးပေ။ အားသာချက် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ရေ၊မြေ၊ ရာသီဥတုနှင့် သင့်လျော်သည့် အတွက် နေရာဒေသမရွေးစိုက်ပျိုးနိုင်သော အပင် တစ်မျိုးဖြစ်သည်။ 

  ဒန့်ဒလွန်ပင်သည် တစ်ပင်လုံး အသုံးဝင်သည့် အပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အနှံ့အပြား မြေနေရာ ရရှိနိုင်သောနေရာများ၌ စိုက်ပျိုးသင့်ပေသည်။ မြန်မာလူမျိုးများသည် တိုးတတ်လာသော စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြု၍ စီးပွားဖြစ်သီးနှံပင်များကို တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့သလို ဒန့်ဒလွန်ပင် ကဲ့သို့သော ကျန်းမာရေး အထောက်အကူပြု ဆေးဖက်ဝင် အပင်များကိုလည်း ရေရှည် တိုးချဲ့ စိုက်ပျိုးသင့်ပေသည်။ ဒန့်ဒလွန်ပင် သည် မိသားစု ထမင်းဝိုင်းတွင် ဟင်းတစ်မျိုး ဖြစ်လာနိုင်သလို၊ အိမ်တွင်းဆေးဝါးတစ်ရပ်လည်း ဖြစ်ပြီး ၊ မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုမှသည် ဈေးကွက်ဝင် စီးပွားဖြစ် စိုက်ပျိုးလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပြီး ၊ စိုက်ပျိုးရေးနည်းလမ်း ၊ စိုက်ပျိုးရေး ကုန်ကျစရိတ်သည်လည်း နည်းပါးလှသည့်အတွက် ရေရှည်စိုက်ပျိုးသင့်သော သီးနှံပင်တစ်မျိုး ဖြစ်ပါသည်ဟု ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)