Main menu

မြန်မာ့ရိုးရာအစားအစာပုန်းရည်ကြီး

Powered by Drupal
Fri, 06/13/2025 - 11:09 -- consumer_admin

   ဖွံ့ဖြိုးပြီးနိုင်ငံများရှိလူများသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သောအစားအစာ တစ်မျိုး ဖြစ်သည့် အနှေးအစားအစာ(ပြင်ဆင်ချက်ပြုတ်ရသောအစားအစာ) ကိုပိုမိုစိတ်ဝင်စားလာကြသည်။ တိုင်းရင်းသားအစားအစာကို အကျဉ်းချုပ်အဓိပ္ပာယ်ဖွင့်ပါက ဒေသထွက်ပစ္စည်းများကို အသုံးပြု၍ တိုင်းရင်းသားလူမျိုးစု၏ အမွေအနှစ်နှင့်ယဉ်ကျေးမှုမှ ဆင်းသက်လာသောအစားအစာများဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမျိုးအလိုက်တိုင်းရင်းသား အစားအစာ များစွာ ရှိပါသည်။ ဥပမာ-ဂရိ၊ အိန္ဒိယ၊ အီတလီ၊ ထိုင်းနှင့်ကိုရီးယားအစားအစာများစသည်တို့ဖြစ်ပါသည်။ တိုင်းရင်းသားအစားအစာများတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် မွတ်စလင် အစားအစာများကဲ့သို့သော မတူညီသောဘာသာကိုးကွယ်သူများ၊ စားသုံးသောအစားအစာများလည်းပါဝင်ပါသည်။ မြန်မာ နိုင်ငံတွင် ရှေးယခင်တည်းကပင် ရိုးရာဟင်းမျိုးစုံနှင့် အစားအသောက်များစွာကိုပိုင်ဆိုင်ထားပြီး မြန်မာ့ရိုးရာအစားအစာအများစုသည် အရသာရှိပြီးကျန်းမာရေးနှင့်ညီညွတ်ကာ ဗီတာမင်များကြွယ် ဝစွာပါဝင်ပါသည်။ ထိုအစားအစာများအနက် ပုန်းရည်ကြီးသည် ကျော်ကြားပြီးအရသာရှိသော မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ကာ ဒေသခံများသာမက နိုင်ငံခြားခရီးသွားများပါ တွင်ကျယ်စွာ စားသုံးခဲ့ကြသည့် အရန်ဟင်းဖြစ်ပါသည်။ ပုဂံခေတ်မှစတင်၍ ယနေ့ခေတ်အထိ ပုန်းရည်ကြီးသည် ခေတ်အဆက်ဆက်တွင်ရေပန်းစားသော အစားအစာတစ်ခုဖြစ်လာသည်။ ပုန်းရည်ကြီးကို ပဲပိစပ်၊ ကုလားပဲညို၊ ပဲနီ၊ ပဲပုတ်အစရှိသော ပဲမျိုးစုံမှထုတ်လုပ်ပါသည်။ ပုန်းရည်ကြီးကို ပုဂံ၊ ညောင်ဦး၊ ငါးသရောက်နှင့် မြင်းခြံကျေးလက်ဒေသများတွင် အဓိကထားထုတ်လုပ်ကြပါသည်။ ပုန်းရည်ကြီး သည် ပျစ်ခဲပြီး အညိုရင့်ရောင်ရှိကာ ချဉ်သောအရသာရှိပြီး များသောအားဖြင့် ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတစ်ခါတစ်ရံ ပုဇွန်ခြောက်နှင့်ရောစပ်ပြီးအသုပ်အဖြစ်ပြင်ဆင်တည်ခင်းလေ့ရှိသည်။ ဟင်းပွဲအနေဖြင့် ဝက်သား၊ ငါး၊ ဉများနှင့်ရောပြီးချက်ပြုတ်ကြပါသည်။ ထို့ကြောင့်ပုန်းရည်ကြီးသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိသောအစားအစာတစ်ခုဖြစ်ပါသည်။

DOCA(မန္တလေး)