Main menu

အညာဒေသ၏စီးပွားထုတ်ကုန် ထန်း ပင်လုံးစုံ

Powered by Drupal
Thu, 06/12/2025 - 15:11 -- consumer_admin

ထန်းပင်သည် အပူပိုင်းဒသတွင်ပေါက်ရောက်သော အပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်   ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းများတွင်  တွေ့နိုင်ပါသည်။ ထန်းပင်ဟု ပြောလိုက်ပါက လူတိုင်း သိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကို တွေ့နိုင်သည်။ ထန်းပင်သည် မိုးရေချိန် ၂၀ လက်မနှင့် ၄၀ လက်မ ကြားဒေသများတွင် ပေါက်ရောက်သည်။  မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သောဒေသများတွင် အများဆုံးတွေ့ရသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြိုစသည့် မြို့နယ်တို့တွင်   အများဆုံး ပေါက်ရောက်သည်။ တနင်္သာရီတိုင်းဒေသကြီး နှင့်  ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း အနည်းအပါးတွေ့ရသည်။

          ထန်းတစ်ပင်သည် တစ်ပင်လုံးပင် အသုံးဝင်သည့် အပင်တစ်မျိုးဖြစ်သည်။ ထန်းပင်အဖျားမှ ထန်းပင်အမြစ်အထိ အသုံးဝင်သည့် အပင်ဖြစ်သည့်အတွက် အညာဒေသတွင် ထန်းပင်သည် ရတနာတစ်ပါးဖြစ်သည်။ ပိုင်ဆိုင်မှုကို ပြကြရာတွင် ထန်းတောပိုင်ရှင်၊ သူက ထန်းတော ဘယ်လောက်ပိုင်တာ ဟု ပြောကြသည်။ ထို့ကြောင့်လည်း ထန်းပင်ကို အညာဒေသ၏ ရတနာတစ်ပါးဟု တင်စားကြခြင်းဖြစ်သည်။

           “ နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းအောင် လှည်းဘီးကလေးက ချာချာလည် မောင့်သူငယ်ချင်းတွေ အလွန်ပင်စတဲ့ ရှင်မွန်လှရဲ့ နဒေါင်းကျချောင်း အထက်ဝယ် ။ ခရီးသွားကျတော့ သမီးရည်းစားဘဝ ဘာလိုလိုရယ် ရင်ထဲဖိုလှိုက် နေမိတယ်။ ကျွန်မတို့အရွယ် ကဖို့ရယ် အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကို အ‌ရောက်သွားလို့ဝယ်။ ” လို့ တင်စားဖော်ကျူးကာ ရေးဖွဲ့သီဆိုထားတဲ့ သီချင်းလေးကို နှစ်သက်သဘောကျမိပါသည်။

          ရှေးယခင် အညာဒေသ၏ မောင်မယ်လေးများသည် ပျော်ရွှင်စရာပွဲတော်တွင် ထန်းရွက်ပုတီးလေး ဆွဲဖို့ရာအတွက် နွားလှည်းများကို စီးကာ သမိုင်းဝင်ရွှေစာရံဘုရားအထိ သွားဝယ်ကြရပုံများကို တေးရေးဆရာ ရွာစားစိန်တင့်ဟန် က သီကုံးဖွဲ့ဆိုထားသည်မှာ အညာဒေသ၏ သရုပ်ကို ပီပြင်လွန်းလှသည်။

          ထန်းပင်မှ ထွက်သော အရာအားလုံးသည် လူတို့အတွက် အသုံးဝင်သည်။ ပြစ်ပယ်စရာနေရာ မရှိပေ။ ထို့ကြောင့်လည်း "ထန်းတစ်ပင်လုံး လိုရာသုံး" ဟူ၍ ဆိုရိုးစကား တွင်နေခြင်းဖြစ်သည်။

          ထန်းရွက်ကို အပူဒဏ်အတွက် အကာအကွယ်ပြုရာတွင် အမိုးအဖြစ်အသုံးပြုကြသည်။ ယပ်တောင်ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဈေးကွက်အတွင်း နိဗ္ဗာန်ဆော်ဆိုင်များ တွင် ထန်းရွက်ယပ်တောင်ကို ဘုန်းတော်ကြီး အလှူပစ္စည်းများတွင် ထည့်သွင်းလှူဒါန်းနိုင်ရေး ရိုးတံရှည်ယပ်တောင်အဖြစ် တွေ့မြင်နိုင်သကဲ့သို့ ရိုးရိုးယပ်တောင် အဖြစ်လည်း တွေ့မြင် ရနိုင်သည်။ အရိုးမပါသော ထန်းလက်တစ်လက်ကို အမိုးအတွက် အသုံးပြုနိုင်ရန်အတွက် တစ်လက်လျှင် ( ၅၀၀ ) ကျပ်အထိဈေးရှိသည်။

ထန်းလက်အရိုးများကို ထိုင်ခုံများပြုလုပ်ရာတွင် အသုံးပြုကြသည်။ ထိုင်ခုံများကို ပုံစံအမျိုးမျိုးပြုလုပ်၍ ‌ရောင်းတန်းဝင်အောင် ပြုလုပ်ကြသည်။ ရိုးရိုးကုလားထိုင် ပြုလုပ်၍ ရောင်းချကြသလို ခြေတောက်အထိတင်နိုင်အောင်ပြုလုပ်ပြီး ဇိမ်ခံထိုင်ခုံအဖြစ်ထိပါ ပြုလုပ်ရောင်းချကြသည်ကို ဈေးကွက်အတွင်း တွေ့ရသည်။ ရိုးရိုးထိုင်ခုံတစ်ခုလျှင် ( ၂၅၀၀၀ ) ကျပ်အထိဈေးရှိသည်။ ဇိမ်ခံထိုင်ခုံတစ်ခုလျှင် အရောင်အသွေးနှင့် အရှည်ကိုလိုက်၍ တစ်ခုလျှင် ( ၅၀၀၀၀ ) ကျပ်အထိ ဈေးပေါက်သည်။ ထိုင်ခုံများကို မုံရွာ-စစ်ကိုင်း ကားလမ်းဘေး တွင် ‌ ရောင်းချကြသည်ကို တွေ့ရသည်။

ထန်းလက်အရိုးမှ အခေါက်များကို နှီးအဖြစ်ခွာကာ ထန်းခေါက်ဖာ၊ ထန်းခေါက်ဖျာ၊ထန်းခေါက်တောင်းများအဖြစ် ပြုလုပ်ရောင်းချကြသည်ကိုလည်း အညာဒေသ တွင် တွေ့မြင်ရမည်ဖြစ်သည်။

ထန်းသီးသည် အညာဒေသ၏ မရိုးနိုင်သော ဒေသထွက်စားကုန်တစ်ခုဖြစ်သည်။ ထန်းသီးကို အမျိုးမျိုးလုပ်စားကြသည်။ ထန်းသီးတွင် အမျှင်ဓါတ်ပါဝင်မှုကြောင့် အစာချေစနစ်ကို အကျိုးပြုစေပါသည်။ ထန်းသီးတွင် ကိုယ်ခံအားစနစ်ကောင်းမွန်မှုကြောင့် ဗိုင်းရပ်ပိုးဝင်‌ရောက်ခြင်း၊ ဘက်တီးရီးယားပိုးဝင်‌‌ရောက်ခြင်းတို့မှ ကာကွယ်ပေးကြောင်း သိရသည်။ ထန်းသီးသည် ဖော့စဖော့ရပ်ပါဝင်မှုကြောင့် ကျောက်ကပ်ရောဂါအတွက်လည်း များစွာအထောက်အကူပြုကြောင်း သိရသည်။ ထန်းသီးစားခြင်းသည် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဓါတ်ကျခြင်းများကို လည်း ကာကွယ်ပေးထားသောကြောင့် လူတို့၏ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုသည်။

ထန်းသီးမုန့်သည် အညာဒေသထွက် အစားအစာဖြစ်သည်။ ထန်းသီးမုန့်ကို အညာဒေသ၏ အလှူပွဲများ၊ မင်္ဂလာဆောင်ပွဲများတွင် ရိုးရာအစားအစာအဖြစ် ကျွေးမွေးကြ သည်။ ထန်းသီးမုန့်ကို ဆန်၊ ထန်းလျှက်၊ ထန်းသီးအနှစ်၊ ဆားတို့ဖြင့် သမမျှတအောင်‌ ပြုလုပ်ပြီး ‌ရေနွေးငွေ့ဖြင့် မိနစ်သုံးဆယ်ခန့် ပေါင်းခံပြုလုပ်ရကြောင်း သိရသည်။

ထန်းရည်သည် ထန်းဖူးမှ ရသောအရည်တစ်မျိုးဖြစ်သည်။ ထန်းရည်ကို အချို/အခါး ဟူ၍ နှစ်မျိုးထုတ်လုပ်ကြသည်။ အညာဒေသတွင် ထန်းရည်ကို သဘာဝကပေးသော အရည်တစ်မျိုးဟု တင်စားကာ ဆေးအဖြစ်သောက်သုံးကြသည်။ ထန်းရည်တွင် အဟာရဓါတ် မြောက်များစွာပါဝင်နေသည်ကို တွေ့ရသည်။ ဆူးခရိုစ်၊ ပရိုတင်း၊ အမျှင်ဓါတ်၊ အမိုင်နို အက်ဆစ်၊ ဗီတာမင်စီ၊ Ascorbic acid တို့ ပါဝင်သည်။ ထန်းရည်ကို သင့်တင့်မျှတစွာ သောက်သုံးပေးခြင်းဖြင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ထန်းရည်ကို အဆင့်မြင့်ထုတ်ကုန်အဖြစ်ထုပ်ပိုးကာ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး MSME လုပ်ငန်းအဖြစ် လုပ်ကိုင်ကာ ထန်းရည်ဝိုင်အဖြစ်လည်းကောင်း၊ ဘီယာဗူးပုံသဏ္ဌာန်ဖြင့် ထန်းရည်ဗူးအဖြစ် ဈေးကွက်အတွင်းကျယ်ကျယ်ပြန်ပြန့် ရောင်းချနေကြပြီဖြစ်သည်။

ထန်းရည်မှနေ၍ ထန်းလျှက်၊ ကြံသကာ တို့ကိုလည်း ထုတ်လုပ်သည်။ ထန်းလျက်ကို သရေစာနှင့်ဆေးဖက်ဝင် အပင်အဖြစ် စားသုံးရန်သာမကဘဲ မုန့်အမျိုးမျိုး ပြုလုပ် သုံးစွဲကြသည်။ ရဟန်းတော်များအတွက် ဆေးအဖြစ်မှီဝဲရန်ခွင့်ပြုထားသော “စတုမဓူ” တွင်လည်း ပျားရည်၊ ထောပတ်၊ နှမ်းဆီ၊ တင်လဲရည် ( သကာရည် ) တို့ ဆတူရောစပ်ပြီး အသုံးပြုထားသည်။ ထန်းလျှက်သည် မြန်မာမုန့်ပဲသရေစာများထဲတွင် နေရာတိုင်းတွင် မပါမရှိ ပစ္စည်း အဖြစ်နေရာယူထားသည်။

ထန်းလျှက်ကို ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်။ နှလုံးအားနည်း၍ မူးဝေသည့်အခါ ထန်းလျှက်ကို ရေနွေးဖြင့် တွဲ၍စားသုံးပါက သက်သာစေသည်။ ရေဓါတ်ဆုံးရှုံးမှူကိုလည်း အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်သော ဂုဏ်သတ္တိရှိသည်။ အညာနွေပူပူတွင် လယ်ကွင်းအတွင်း ဆင်းကြပါက ထန်းလျှက်ခဲများကို ဆောင်ထားကြသည်။ လယ်ကွင်းအတွင်း ခေတ္တအနားယူကြသည့်အခါ ရေနွေးကြမ်းသောက်ရင်း ထန်းလျှက်ခဲလေး ဝါးရင်းဖြင့် အပန်းဖြေအနားယူကြသည်ကို တွေ့ရသည်။

ထန်းလျှက်တွင် နှစ်မျိုးနှစ်စားရှိသည်။ ထန်းလျှက်အမဲနှင့် ထန်းလျှက်အဖြူ ဖြစ်သည်။ အညာဒေသတွင် ထန်းလျှက်အမဲကိုသာ အသုံးများသည်။ ထန်းလျှက်အမဲကသာ ဒေသထွက် ကုန်စစ်စစ်ဖြင့် ပြုလုပ်ထားပြီး လူတို့၏ကျန်းမာရေးကို အမှန်အကျိုးပြုသောကြောင့် ဖြစ်သည်။

ထန်းလုံးပင်စည်များကို အိမ်တိုင်များအဖြစ်လည်း အသုံးပြုကြသည်။ လှေများအဖြစ် ထွင်းထုကာ အသုံးပြုကြသလို အချို့နေရာများတွင် တိရိစ္ဆာန်အစာခေါင်းများအဖြစ် အသုံးပြု ကြသည်ကိုလည်း တွေ့ရသည်။ ထန်းလုံးကို ဆေးရောင်ခြယ်သကာ အလှပန်းအိုးများ ပြုလုပ်ကြသည်ကိုလည်း တွေ့ရသည်။

ထန်းတစ်ပင်လုံးသည် နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးလုံးတွင် ဝင်ငွေရရှိသော တန်ဖိုးရှိလှသည့် အပင်တစ်မျိုးဖြစ်ပါသည်။ ယခု ဇွန်လအတွင်းတွင် ထန်းသီးဆံများ ရောင်းတန်းဝင်သော ရာသီစာတစ်မျိုးဖြစ်ပါသည်။ ကလေးမြို့နယ်ရှိ စံပြ၊ မြို့သာ၊ လေးအိမ်စု ကျေးရွာ၊ သာစည်၊ အာဝါး၊ မြို့ကြီးကုန်း စသည့် ကျေးရွာများတွင် ထန်းပင်၊ ထန်းတောများ ပေါများပြီး အာဝါးကျေးရွာမှ ထန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ကိုသန့်စင်ထံမှ မေးမြန်းရာတွင် မိမိအနေဖြင့် ထန်းပင်အပိုင်မရှိသည့်အတွက် တစ်ပင်လျင် ( ၅၀၀၀၀ ) ကျပ်ဖြင့် ငှားရမ်းရပါသည်။ ထန်းတစ်ပင်လျင် ထန်းသီး ( ၃၀၀ − ၈၀၀ ) ခန့် ထန်းသီး တင်ပါကြောင်း၊ ထန်သီးများ ခြွေချရန်အတွက် ထန်းပင်တက်ခ တစ်ပင်လျင် ( ၁၂၀၀၀ ) ကျပ် စသည်ဖြင့် ပေးရပါကြောင်း၊ မိမိအနေဖြင့် ထန်းသီးတစ်လုံးလျင် ( ၅၀၀ ) ကျပ်၊ ( ၂၀၀၀ ) ကျပ်ဖိုးလျင် ( ၅ ) လုံး ပေါက်ဈေးနှုန်းများဖြင့် အရောင်းအဝယ်များ ကောင်းလျက်ရှိပါသည်။ မိမိအနေဖြင့်လည်း ထန်းသီဆံချဉ်များကိုလည်း ရောင်းချရပါကြောင်း၊ ထန်းသီးဆံချဉ် တစ်ပိဿာလျင် ( ၈၀၀၀ ) ကျပ် နှုန်းဖြင့် ရောင်းချ၍ ရာသီစာဝင်ငွေကောင်းသော ရတနာထန်းပင်ဖြစ်ပါကြောင်း ထန်းပင်၏ ကောင်းကျိုးများ၊ ဝင်ငွေရရှိသည့် ဈေးနှုန်း၊ ဈေးကွက်များကို ရေးသားဖော်ပြလိုက်ပါသည်။

Doca(စစ်ကိုင်း)