ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာကြီးသည် နည်းပညာ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသောဒစ်ဂျစ်တယ်ခေတ်ဖြစ်ပြီး မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ဈေးကွက်မြှင့်တင်ခြင်းသည် မဖြစ်မနေလိုအပ်သော နည်းလမ်းတစ်ရပ် ဖြစ်လာသည်။ စီးပွားရေးလုပ်ငန်းများအတွက် ရိုးရာဈေးကွက်ရှာဖွေရေး နည်းလမ်းများထက် ဒစ်ဂျစ်တယ် မားကတ်တင်း (Digital Marketing) ဟုခေါ်သော အွန်လိုင်းမှတစ်ဆင့် ဈေးကွက်မြှင့်တင်ခြင်းသည် မဖြစ်မနေ လိုက်ပါစီးဆင်းရမည့် လှိုင်းလုံးသဖွယ် ဖြစ်လာသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဒစ်ဂျစ် တယ် မားကတ်တင်း (Digital Marketing) ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်များကို ထိုးဖောက် ဝင်ရောက်နိုင်ရန်နှင့် နိုင်ငံ၏ GDP ကိုပါ မြှင့်တင်နိုင်ရန် အလားအလာကောင်းများစွာ ရှိနေပါသည်။
၁။ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်တာနက်သုံးစွဲမှု မြှင့်တင်ခြင်း
ဒစ်ဂျစ်တယ် မားကတ်တင်း၏ အခြေခံအုတ်မြစ်မှာ အင်တာနက်ရရှိနိုင်မှုနှင့် သုံးစွဲမှုနှုန်း ပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အင်တာနက် ကွန်ရက်များကို ပိုမိုကျယ်ပြန့်အောင်၊ မြန်ဆန် အောင်နှင့် ဈေးနှုန်း သက်သာအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြို့ပြဒေသများ သာမက ကျေးလက်ဒေသများအထိပါ အင်တာနက်ရရှိမှု တိုးတက်လာမှသာ ဒစ်ဂျစ်တယ် မားကတ် တင်း၏ အကျိုးကျေးဇူးများကို လူတိုင်း ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် စမတ်ဖုန်းအသုံးပြုမှုနှုန်း မြင့်မား ခြင်းသည်လည်း ဒစ်ဂျစ်တယ် မားကတ်တင်းအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သဖြင့် မိုဘိုင်း အင်တာနက် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင်လည်း လုပ်ဆောင် လျက်ရှိပါသည်။
၂။ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုနှင့် ကျွမ်းကျင်မှု မြှင့်တင်ခြင်း
ဒစ်ဂျစ်တယ် ကိရိယာများနှင့် ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) မြှင့်တင်ရန် အရေးကြီးပါသည်။ ဒစ်ဂျစ် တယ်နည်းပညာခေတ်တွင် "ပလက်ဖောင်း" ဆိုသည့် အသုံးအနှုန်းသည် အသုံးအများဆုံး ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားအရာများ တည်ဆောက်ရန်၊ လည်ပတ်ရန် သို့မဟုတ် ဆက်သွယ် ဆောင်ရွက်ရန်အတွက် အခြေခံအုတ်မြစ် သို့မဟုတ် စနစ် တစ်ခုကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဆော့ဖ်ဝဲလ် ပလက်ဖောင်း (Software Platform): ကွန်ပျူတာ ပရိုဂရမ် သို့မဟုတ် Application များ ရေးသားရန်၊ လည်ပတ်ရန် အခြေခံအဖြစ် ဆောင်ရွက်ပေးသည့် စနစ်တစ်ခု ဖြစ်သည်။ ( ဥပမာ: Windows, macOS, Android, iOS တို့ဟာ Operating System (OS) ပလက်ဖောင်းများ ထိုပလက်ဖောင်းများပေါ်မှ Application များ (ဥပမာ- Facebook app, Viber app) ကို တည်ဆောက်ပြီး အသုံးပြုနိုင်ခြင်း ဖြစ်သည်။
အွန်လိုင်း ပလက်ဖောင်း (Online Platform): အသုံးပြုသူတွေကို အပြန်အလှန် ဆက်သွယ် ပြောဆိုခွင့်၊ အချက်အလက်ဖလှယ်ခွင့်၊ ကုန်ပစ္စည်းဝယ်ယူရောင်းချခွင့် စသည်များကို လုပ်ဆောင် နိုင်အောင် ပံ့ပိုးပေးသည့် အွန်လိုင်းစနစ် ဖြစ်ပါသည်။ (ဥပမာ- လူမှုကွန်ရက် ပလက်ဖောင်းများ: Facebook, TikTok, YouTube တို့သည် လူများအချင်းချင်း ဆက်သွယ်ရန်နှင့် ဗီဒီယိုတွေ မျှဝေရန် အတွက် အသုံးပြုသည့် ပလက်ဖောင်းများ ဖြစ်သည်။ E-commerce ပလက်ဖောင်းများ မြန်မာပြည်မှာ) : Amazon, Alibaba, Shop.com.mm တို့သည် ကုန်ပစ္စည်း ဝယ်ရောင်း လုပ်ဆောင်သည့် ပလက်ဖောင်းများဖြစ်သည်။ ဝန်ဆောင်မှု ပလက်ဖောင်းများ: Grab, Foodpanda တို့သည် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုလိုချင်သူကို ချိတ်ဆက်ပေးသော ပလက် ဖောင်းများဖြစ်သည်။
ပရိုဂရမ်းမင်း ပလက်ဖောင်း (Programming Platform): Software များ ရေးရန်နှင့် Run ရန် အတွက် လိုအပ်သည့် Tools များ ၊ Libraries များနှင့် စနစ်ကို ပေါင်းစပ်ပေးထားသည့် ပလက်ဖောင်း များဖြစ်သည်။ ဥပမာ: Java Platform, .NET Platform
၃။ လူမှုကွန်ရက် ပလက်ဖောင်းများ ထိရောက်စွာ အသုံးပြုခြင်း
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် (Social Media) အသုံးပြုသူ သန်းပေါင်းများစွာ ရှိနေပြီး ၎င်းတို့သည် ဒစ်ဂျစ်တယ် မားကတ်တင်းအတွက် အကြီးမားဆုံးသော ဈေးကွက်တစ်ခုဖြစ်သည်။
- Facebook, TikTok, YouTube စသည့် လူမှုကွန်ရက် ပလက်ဖောင်းများကို အသုံးပြု၍ လုပ်ငန်းနှင့် ကိုက်ညီသော ကြော်ငြာများ၊ အကြောင်းအရာများ (Content) ကို ဖန်တီးကြ ပါသည်။
- ပစ်မှတ်ထား ဈေးကွက် (Target Audience) ကို တိကျစွာ သတ်မှတ်ပြီး ၎င်းတို့ စိတ်ဝင်စားမည့် ပုံစံ၊ ဘာသာစကားဖြင့် ဆွဲဆောင်မှုရှိသော ဖန်တီးမှုများကို ပြုလုပ်ကြပါသည်။
- Influencer Marketing ကိုလည်း အသုံးပြုနိုင်ပါသည်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် သြဇာလွှမ်းမိုးမှုရှိသူများနှင့် ပူးပေါင်းကာ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို မိတ်ဆက် ပေးခြင်းဖြင့် ပိုမိုကျယ်ပြန့်သော စားသုံးသူများဆီသို့ ရောက်ရှိနိုင်ပါသည်။
၄။ E-commerce ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း
အွန်လိုင်းမှ ကုန်ပစ္စည်း ရောင်းချဝယ်ယူခြင်း (E-commerce) သည် ဒစ်ဂျစ်တယ် မားကတ်တင်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။
- ပြည်တွင်း၌ ယုံကြည်စိတ်ချရသော E-commerce ပလက်ဖောင်းများ (ဥပမာ- Shop.com.mm, Oway Fresh, Yangon Door2Door) ပိုမိုများပြားလာစေရန် အားပေးလျက်ရှိပါသည်။
- အွန်လိုင်းမှ ငွေပေးချေမှု စနစ်များ (Mobile Banking, E-wallets) ကို လုံခြုံစိတ်ချရပြီး လွယ်ကူချောမွေ့အောင် တည်ဆောက်ထားပါသည်။
- ပြည်တွင်းလုပ်ငန်းရှင်များသည် မိမိတို့၏ ထုတ်ကုန်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန် E-commerce ပလက်ဖောင်းများပေါ်တွင် စတင်၍ ရောင်းချကြပါသည်။
၅။ ဒေတာအခြေပြု မားကတ်တင်း (Data-Driven Marketing) ကို အလေးထားခြင်း
ဒစ်ဂျစ်တယ် မားကတ်တင်း၏ အားသာချက်တစ်ခုမှာ ဒေတာများကို စုဆောင်းဆန်းစစ်နိုင်ခြင်း ဖြစ်သည်။
- ဖောက်သည်များ၏ အပြုအမူများ၊ စိတ်ဝင်စားမှုများနှင့် ဝယ်ယူမှုပုံစံများကို ဒေတာများမှ တစ်ဆင့် လေ့လာဆန်းစစ်ပြီး ပိုမိုထိရောက်သော မားကတ်တင်း မဟာဗျူဟာများကို ချမှတ်ရ ပါသည်။
- Google Analytics, Facebook Insights ကဲ့သို့သော ကိရိယာများကို အသုံးပြု၍ ကြော်ငြာများ၏ စွမ်းဆောင်ရည်ကို တိုင်းတာပြီး လိုအပ်သလို ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပါ သည်။ ဤသို့ဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကောင်းဆုံး အကျိုးအမြတ်ကို ရရှိနိုင်မည်ဖြစ်သည်။
၆။ ပြည်တွင်းမူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း
ဒစ်ဂျစ်တယ် မားကတ်တင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆက်စပ်သော မူဝါဒများနှင့် စည်းမျဉ်း စည်းကမ်းများလည်း လိုအပ်လာပါသည်။
- စားသုံးသူ ကာကွယ်ရေးဥပဒေ၊ ကိုယ်ရေးအချက်အလက် လုံခြုံရေးဥပဒေများကို ခေတ်နှင့်အညီ ပြဋ္ဌာန်းထားပြီး ထိရောက်စွာ အကောင်အထည်ဖော် လျက်ရှိပါသည်။
- အွန်လိုင်းမှ လိမ်လည်မှုများ၊ မှားယွင်းသော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့ကို ထိန်းချုပ်ကာ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်ကို ပိုမို လုံခြုံစိတ်ချရအောင် လုပ်ဆောင်လျက်ရှိပါ သည်။
- အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ( Online Sales ) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုအတွက် eComReg System ကျသင့်မှတ်ပုံတင်ကြေးနှင့် ဆက်စပ် အခကြေးငွေများအား MPU၊ AYA Pay၊ KBZ Pay၊ UAB Pay၊ A+ Wallet နှင့် Citizens Pay တို့ဖြင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် ဒစ်ဂျစ်တယ် မားကတ်တင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးကြီးသော မောင်းနှင်အားတစ်ခု ဖြစ်လာနေပြီဖြစ်သည်။ အင်တာနက် အခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်း၊ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများ တိုးတက်စေခြင်း၊ လူမှုကွန်ယက်နှင့် E-commerce ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုခြင်း၊ ဒေတာများကို အခြေခံသည့် မားကတ်တင်း နည်းလမ်းများ ကျင့်သုံးခြင်းနှင့် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်းတို့ဖြင့် မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ် မားကတ်တင်း၏ အခွင့်အလမ်းများကို အပြည့်အဝ အသုံးချကာ စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံတကာ ဈေးကွက်အတွင်း နေရာတစ်နေရာကို ရယူနိုင်မည် ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကားချက်။ ဒစ်ဂျစ်တယ် မားကတ်တင်း ကျွမ်းကျင်သူများ၏ စာအုပ်များ ၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေအနေဆိုင်ရာ ထုတ်ပြန်ထားသော အစီရင်ခံစာများ ကမ္ဘာ့ဘဏ် (World Bank), အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank), ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် အဖွဲ့အစည်းများ
DOCA(ရန်ကုန်)