ကြက်မောက်ပင်သည် အပူပိုင်းဒေသတွင်ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သောရာသီဉတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လည်း အကိုင်းအခက်များဖြင့်ဘေးသို့ ဖြာထွက်ကာ အသီးထွက်ရှိနှုန်းအားကောင်းသည်။ အပင်၏ပုံစံမှာ Christmas သစ်ပင်နှင့်ဆင်တူပြီး အရွက်အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက်အသီးသီးလေ့ရှိသည်။ အရွက်များသည်ရှည်လျားပြီး ရွက်ညှာများမှာ(၃)ရွက်မှ(၁၁)ရွက်ခန့်ထိရှိတတ်သည်။ သစ်ကိုင်းထိပ်ဖျားတွင် ရနံ့သင်းသော အမွှာစုံ စိမ်းဖန့်ဖန့်ပန်းကလေးများဖူးပွင့်ကြပြီး ကြက်မောက်သီး၏ ပုံသဏ္ဌာန်မှာအနည်းငယ်လုံးဝန်းသော ကြက်ဉပုံဖြစ်သည်။ ယေဘုယျအားဖြင့် အမွှေးရှည်များဖြင့်ဖုံးအုပ်ထားသော ကြက်မောက်သီး အခွံသည် အနီရောင်ရှိပြီး တစ်ခါတစ်ရံတွင်လိမ္မော်ဝါရောင်သန်းနေသော အခွံများလည်းတွေ့ရသည်။ အသီးရင့်မှည့်သွားပါက နီညိုရောင်သို့ပြောင်းသွားပြီး အတွင်းထဲရှိအသီးအနှစ်သည် အဖြူရောင် ဖြစ်ကာ ချိုမြမြအရသာရှိသည်။ အသီး၏အောက်တွင် အညိုနုရောင်သန်းသော အနည်းငယ်ကြွပ်ဆတ်သည့် အစေ့တစ်လုံးရှိသည်။ အစေ့သည် ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်သည်။ အခွံစိမ်းသောကြက်မောက်သီးသည် အနည်းငယ်ချဉ်ပြီး အသီးနုသောအခါ အသားနှင့်အစေ့တို့သည် ကပ်နေတတ်ပြီး အသီးမှည့်သောအခါ အစေ့ဖယ်စားရန်လွယ်ကူသည်။ ကြက်မောက်သီးကို သရေ စာအဖြစ် စားသုံးလေ့ရှိပြီး ကြက်မောက်သီးယို၊ သီးစုံဒိုမီနို၊ သံဘူးစသည်ဖြင့်လည်း စားသုံးနိုင်သည်။ ကြက်မောက်သီးအစေ့ဖြင့် ဖယောင်းတိုင်၊ ဆပ်ပြာများပြုလုပ်ကြပြီး ပိုးထည်အစများကို အစိမ်းရောင်ဆိုးရန်အတွက် ကြက်မောက်သီးပင်၏အမြစ်ကို အသုံးပြုကြသည်။ အသီးအခွံကို ပိုးထည်များတွင် အနက်ရောင်ဆေးဆိုးရန်အသုံးပြုကြသည်။ ကြက်မောက်ပင်၏ပင်စည်ကို အိမ်ဆောက်လုပ်ရာ တွင်အသုံးပြုနိုင်သည်။ ထို့ကြောင့် ကြက်မောက်ပင်သည် အပင်တစ်ပင်လုံးအသုံးဝင်ပါသည်။
DOCA(မန္တလေး)